ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဟုမ္မလင်းမဲဆန္ဒနယ်အတွက် လိုအပ်နေတဲ့ ကျန်းမာရေးဌာနများနဲ့ တိုက်နယ်ဆေးရုံကို တင်ပြအစီရင်ခံသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟုမ္မလင်းမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဧရိယာ ဧကအကျယ်ဆုံးမြို့နယ်ဖြစ်ပါတယ်။ ဧရိယာဧက ၂၈သိန်းခန့်ရှိပြီးတော့ စတုရန်းမိုင်အားဖြင့် ၄၃၀၀ လောက်ရှိပါတယ်။ လက်ရှိအနေနဲ့ တော့ ဟုမ္မလင်းမြို့ကိုဗဟိုပြုပြီးတော့ ဥရုချောင်းဒေသမှာတော့ တိုက်နယ်ဆေးရုံ ၂ ခု၊ ကျေးလက် ကျန်းမာရေးဌာန ၂ ခု၊ ဟုမ္မလင်းမြို့ရဲ့အောက်ပိုင်း ချင်းတွင်းမြစ်မြစ်ကြောင်း ဘေးမှာပါ တိုက်နယ် ဆေးရုံ ၂ ခု၊ကျေးလက်ကျန်းမာရေးဌာန ၁ ခု၊ ဟုမ္မလင်းမြို့ရဲ့အထက်ပိုင်း ချင်းတွင်းဒေသမြစ် ကမ်းဘေးမှာတော့ တိုက်နယ်ဆေးရုံ ၁ ခု၊ကျေးလက်ကျန်းမာရေးဌာန ၂ ခု ဖွင့်လှစ်ထားပြီးတော့ ဟုမ္မလင်းမြို့ပေါ်မှာ ခုတင် ၁၀၀ ဆေးရုံဖွင့်လှစ်ထားပါတယ်။ အခြားမြို့နယ်များအနေနဲ့ ကြည့်ရင် ဒီလောက်ဖွင့်လှစ်ထားတာဟာ လုံလောက်ပြည့်စုံနေပြီလို့ ထင်မှတ်စရာရှိပါတယ်။ ခုနကတင်ပြသွား သလို ကျွန်တော်တို့ ဟုမ္မလင်းမြို့နယ်ဟာ အင်မတန်ဧရိယာကျယ်ပြန့်ပြီးတော့ လူနေသိပ်သည်းဆ နည်းပါး ပါတယ်။ တစ်ရွာနဲ့တစ်ရွာကူးလူးဆက်ဆံတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် ဆေးရုံ၊ ဆေးခန်းတို့ကို နေ့ချင်းပေါက်ရောက်ဖို့တောင် ခဲယဉ်းတဲ့ဒေသဖြစ်ပါတယ်။ ဆေးရုံလာရင်းနဲ့ မီးမဖွားနိုင်လို့၊ ဆေးရုံလာရင်းနဲ့တောင်ကျချောင်းရေတွေကျလို့ အသက်ဆုံးရှုံးသွားရတာတွေလည်း ရှိပါတယ်။ အဲဒီတော့ ဟုမ္မလင်းမြို့နယ်မှာ ဆရာဝန်တွေ မလုံလောက်မှုဟာလည်း ရှိပါတယ်။ ခုနကမြင်းခြံမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်ပြသွားတဲ့အထဲမှာ သူတို့ခရိုင်မှာပင်လျှင် ဆရာဝန် ဝန်ထမ်းတွေမလုံလောက်ဘူးဆိုတော့ ကျွန်တော်တို့ ဝေးလံခေါင်းပါးဒေသ ကျွန်တော်တို့ ဟုမ္မလင်းမြို့နယ်အပါအဝင် အခြားပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်းပဲ ဒါဟာ ကျွန်တော်တို့အနေနဲ့တော့ ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ ဒီလိုမြေပြန့်ဒေသမှာတောင် မလုံလောက်ဘူးဆိုတော့ ကျွန်တော်တို့လိုဒေသမျိုးတွေကို ဘယ်လိုပြည့်စုံအောင် ဆောင်ရွက်ပေးနိုင် မလဲ။ အဲဒီတော့ ဆရာဝန်တွေပြည့်စုံအောင် ဆောင်ရွက်တဲ့နည်းလမ်းလေးကိုတော့ အလျဉ်းသင့်သလို ကျွန်တော် အကြံပေးတင်ပြခွင့်ပြုပါ။ ပြီးခဲ့တဲ့အပတ်က လက်ထောက်ဆရာဝန် ၁၅၀၀ ခန့်ထားဖို့ ခေါ်ယူခဲ့ပါတယ်။ ခေါ်ယူတဲ့အခါမှာ အဆောင်မှာပဲကလေးတွေ၊ ဆရာဝန်လေးတွေရောက်လာ ကြပါ တယ်။ သားတို့သမီးတို့ ဘာလုပ်ဖို့လာတာလဲ။ အလုပ်ဝင်ခွင့်စာမေးပွဲဖြေဖို့လာတာတဲ့။ တစ်လ၊ နှစ်လတောင် လိုသေးတာပဲဆိုတော့ ကျူရှင်တက်ရဦးမှာတဲ့။ အဲဒီတော့ကလေးတွေသနားစရာ ကောင်းလိုက်တာ။ မူကြိုဘဝကတည်းက ကျူရှင်၊ အထက်တန်းကျောင်းသားဘဝက ကျူရှင်၊ ဆယ်တန်းကျောင်းသား ဘဝကကျူရှင်၊ ဆေးတက္ကသိုလ်ကျူရှင်၊ ဆရာဝန်အလုပ် လုပ်ခွင့်ရပြန်တော့ လည်းကျူရှင်ဆိုတော့ ဘယ်လိုများလုပ်နေကြပါသလဲလို့ မေးခွန်းထုတ်စရာရှိပါတယ်။ အဲဒီတော့ ဝေးလံဒေသတွေကို ဆရာဝန်တွေရောက်ရှိအောင် ကျွန်တော့် စိတ်ကူးအတွေးလေးကို တင်ပြချင် ပါတယ်။ ပထမဆုံးဝေးလံခေါင်းပါးဒေသမှာရှိတဲ့ မြို့နယ်တွေရဲ့ လစ်လပ်နေတဲ့ ဆရာဝန်တွေကို မြို့နယ်တွေကို ဘယ်နှစ်ဦး လိုတယ်။ ဘယ်မြို့နယ်တွေလိုတယ်။ ပြည်နယ်တွေရယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာရှိတဲ့ မြို့နယ်တွေကို စာရင်းပြုစုပြီးတော့ ဥပမာ ၁၀၀၀ လိုတယ်။ ၁၀၀၀ လိုလို့ရှိရင် ဒီဒေသတွေမှာ သွားရောက်ပြီးတော့ အမှုထမ်းနိုင်မယ့် လက်ထောက်ဆရာဝန်တွေကို သီးခြားလျှောက်လွှာ ခေါ်ယူလိုက်ပါ။ အဲဒီမှာသူတို့လျှောက်လာလိမ့်မယ်။ လျှောက်လာတဲ့အခါမှာ တစ်ခါတည်း ခန့်ပေးလိုက်။ မလိုပါဘူး။ သူတို့ တွေ့ခွင့်စာမေးပွဲမှာ ဘာဖြေရသလဲဆိုတော့ အင်္ဂလိပ်နဲ့ မြန်မာစာ။ အင်္ဂလိပ်နဲ့ မြန်မာစာ သူတို့ဂုဏ်ထူးတွေရခဲ့လို့ ဆရာဝန်ဖြစ်ခဲ့ကြပြီ။ ဘာလုပ်ဖို့ ဒါကိုဖြေခိုင်းတာလဲ။ အဲဒီတော့ ကျွန်တော်တို့ခုနကပြောသလို နောက်တစ်သုတ်ခေါ်မယ်ဆိုရင်တော့ ဒီလိုဘော်လန်ဒီရာလုပ်နိုင်မယ့် ဆရာဝန်တွေကိုခေါ်လိုက်ပါ။ ခေါ်လိုက်ပြီးရင် တစ်ခါတည်းကြိုတင် လစာတွေ နှစ်လစာ၊ သုံးလစာတခါတည်းပေးပြီးခန့်မိန့်ထုတ်ပေးလိုက်ပါ။ ဒါဆိုရင် ဒီမှာတော့ Bondတွေဘာတွေလုပ်ပေးပေါ့လေ။ ဘယ်နှစ် နှစ်လုပ်ရမယ်။ ဘယ်ဒေသမှာတော့ဘယ်နှစ် နှစ်ဆိုတဲ့ Bond တွေနဲ့လုပ်ပေးလိုက်ရင် ကျွန်တော်တို့လိုဝေးလံခေါင်းပါးဒေသတွေမှာ ထမ်းဆောင်နိုင်မယ့် ဆရာဝန်တွေရရှိလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒီတော့ကျွန်တော့်ဒေသက ခုနက ပြောသလိုပဲ အခုတိုက်နယ်ဆေးရုံ တွေရှိတယ်။ အဲဒီကျွန်တော်တို့ဟုမ္မလင်းရဲ့အထက်ပိုင်းမှာ ထမံသီဆိုတဲ့ဆေးရုံဆိုရင် ကျွန်တော်တို့ ဟုမ္မလင်းနဲ့မိုင် ၅၀ ကျော်ဝေးတယ်။ ပေါင်ဇွတ်ဆိုတဲ့ တိုက်နယ် ဆေးရုံဆိုရင် ကျွန်တော်တို့ဟုမ္မလင်းမြို့နဲ့ ၅၅ မိုင်လောက်ဝေးတယ်။ နောက် နန့်တောတိုက်နယ် ဆေးရုံဆိုရင် မိုင် ၃၀ လောက်ဝေးတယ်။ နောင်ပေါင်ဆေးရုံဆိုရင် ၁၂ မိုင်လောက်ဝေးတယ်။ အဲ့ဒါအပြင် အဲဒီသူတို့လွှမ်းခြုံရတဲ့ဒေသတွေဟာ အင်မတန်လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါတယ်။ အဲဒီတော့ မောင်းခမ်းဒေသမြို့ဆိုရင် ၁၈ မိုင်လောက်ဝေးပြီးတော့ သူ့ရွာမှာ အိမ်ခြေ ၉၀၀ လောက် ရှိပါတယ်။ လူဦးရေ ၅၅၀၀ လောက်ရှိပါတယ်။ အထက်တန်းကျောင်းရှိပါတယ်။ အရင်တုန်းက ဒီလက်ရှိဆေးခန်းကို ၁၉၆၂ ခုနှစ်ကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ တိုက်နယ်ဆေးရုံဖွင့်ချင်လွန်းလို့ ၁၉၇၄ ခုနှစ်လောက်မှာ သူတို့ကိုယ့်အားကိုယ်ကိုးနဲ့ စံကိုက်အဆောက်အဦတစ်လုံးကို ဆောက်လုပ်ခဲ့ ကြပါတယ်။ ဒါပေမယ့်လို့လည်း တိုက်နယ်ဆေးရုံမရရှိတဲ့အတွက် ဒီအဆောက်အဦကြီးက ပျက်စီး ယိုယွင်းသွားပါပြီ။ ကနေ့တိုင်အောင် တိုက်နယ်ဆေးရုံဖွင့်ခွင့်မရဘဲ ရှိနေပါသေးတယ်။ ဒါကြောင့်မို့လို့ မောင်းခမ်းတိုက်နယ် ကျေးရွာကိုလည်းပဲ တိုက်နယ်ဆေးရုံအဖြစ်ဖွင့်လှစ်ပေးဖို့။ နောက်ကောယား ကျေးရွာဆိုရင် ကျွန်တော်တို့ဟုမ္မလင်းမြို့နဲ့ ၁၂ မိုင်လောက်ဝေးပါတယ်။ အိမ်ခြေ ၆၀၀ လောက် ရှိပြီးတော့ အထက်တန်းကျောင်းခွဲရှိပါတယ်။ လက်ရှိတော့ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ထား ပါတယ်။ တကယ်လို့သာသူဖွင့်လှစ်ခဲ့မယ်ဆိုရင် ကျေးလက်ကျန်းမာရေးထဲနဲ့ လူဦးရေ ၁၀၀၀၀ ကျော် လောက်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာဖြစ်ပါတယ်။ နောက်မြင်သာစံပြကျေးရွာကတော့ ဟုမ္မလင်းမြို့ရဲ့အောက်ဘက် ၁၂ မိုင်အကွာမှှတည်ရှိပါတယ်။ အထက်တန်းကျောင်း ရှိပါတယ်။ အိမ်ခြေ ၈၀၀ လောက်ရှိပြီးတော့ ကျေးရွာလူဦးရေ ၄၆၀၀ ခန့်ရှိပါတယ်။ တကယ်လို့ကျန်းမာရေး ဌာနဖွင့်ရင် လူထု ၁၃၀၀၀ လောက်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာဖြစ်ပါတယ်။ မြင်သာ ကျေးရွာမှာဆိုရင် သူတို့ဆေးခန်းလိုချင်လွန်းလို့ ဒါ Foundation ကို ကျကျနန တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ကျွန်တော်မှာ ခုနကပြောသလိုပဲ မြို့နယ်တစ်ခုအနေနဲ့ ကျေးလက်ကျန်းမာရေး ဌာန ၄ ခု၊ တိုက်နယ်ဆေးရုံ ၄ ခုရှိနေလျက်နဲ့ ဘာကြောင့်မို့ထပ်ပြောင်းရတာလဲဆိုရင် ခုနကတင်ပြ သွားသလိုပါပဲ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးတော့ နယ်မြေကျယ်ပြန့်လွန်းတဲ့အတွက် ကျန်းမာရေး လွှမ်းခြုံမှုဟာ အခက်အခဲရှိနေပါတယ်။ မိခင်နဲ့ကလေးသေဆုံးမှုဟာလည်း မြင့်မားနေပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ဒေသမှာအဖြစ်များတဲ့ ငှက်ဖျားပိုးဦးနှောက်ထဲဝင်တဲ့ ရောဂါဖြစ်ပြီးတော့ သေဆုံးကြရတဲ့လူနာတွေဟာလည်း အမြင့်မားဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းတွေကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်ပြီးတော့ မွေးဖွားမိခင်နဲ့ကလေးသေဆုံးမှု နှုန်းထားမြင့်မားမှုလျှော့ချနိုင်အောင် မောင်းခမ်းစံပြကျေးရွာကို လက်ရှိကျန်းမာရေးဌာနကို တိုက်နယ် ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ဖို့၊ နောက်ကောယားစံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ပေးနိုင်ဖို့၊ မြင်သာစံပြကျေးရွာကျေးလက်ကျန်းမာရေး ဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းပါသည်။
ဥက္ကဋ္ဌ။ ။ ဟုမ္မလင်းမဲဆန္ဒနယ်မှဦးအေးအနေနဲ့ ပြည်သူ့ရဲ့ဆန္ဒ၊ ဒေသရဲ့လိုအပ်ချက် အခက်အခဲများကို မြင်သာစွာတင်ပြပြီး လက်တွေ့ကျကျဆောင်ရွက်နိုင်မယ့် လုပ်ငန်းကိစ္စရပ်များ အတွက် အကြံပြုတင်ပြဆွေးနွေးသွားတာ သက်ဆိုင်ရာ ကျန်းမာရေးကော်မတီအနေနဲ့သော် လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်းကောင်း ဆက်လက်စဉ်းစားလုပ်ဆောင်ရန် လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ယနေ့ ဦးအေးဟုမ္မလင်းရဲ့ တင်ပြချက်ပေါ်မူတည်ပြီးတော့ဆက်လက်ဖြေကြားဖို့ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမှ ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာ တိုက်နယ်ဆေးရုံ တိုးမြှင့်ဖွင့်လှစ်ရေး၊ ကောယားစံပြကျေးရွာနဲ့ မြင်သာစံပြကျေးရွာတို့မှာ ကျေးလက်ကျန်းမာရေး ဌာနဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့စပ်လျဉ်းပြီးတော့ ကျွန်တော်တို့စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂပွဲတော်ခရီးစဉ်မှာလည်း မြို့မိမြို့ဖများတင်ပြခဲ့ပါတယ်။ တင်ပြခဲ့တဲ့အတွက် ဒီအချက်အလက် တွေကကျွန်တော်တို့စိစစ်ပြီးတဲ့အခါမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြ ကျေးရွာကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန်နှင့် ကောယား စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနဲ့ မြင်သာစံပြကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲတို့ကို ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ တိုးမြှင့်ဖွင့်လှစ်ရန် ကိစ္စများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း စီစဉ်ဆောင်ရွက်ပေးရန်အတွက် လျာထားပြီး ဖြစ်ကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ တစ်ဆက်တည်းမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး ခုနက တင်ပြဆွေးနွေးအကြံပြုချက်နဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အနည်းငယ်ရှင်းလင်းတင်ပြခွင့်ပြုပါရန် ကျွန်တော်တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ လက်ထောက်ဆရာဝန်သစ်လွင်များကို ဒီလိုခက်ခဲတဲ့ဒေသ၊ အထူးသဖြင့်တိုက်နယ်ဆေးရုံ၊ မြို့နယ် ဆေးရုံတွေမှာ INDEPENDENCE အနေနဲ့ပေးတဲ့အခါမှာ ကျွန်တော်တို့ယခင် အတွေ့အကြုံများအရ အခက်အခဲလေးတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျောင်းတွေမှာ စာတွေ့နဲ့လက်တွေ့မှာ စာတွေ့များများ လက်တွေ့နည်းနည်းပဲအခွင့်အရေး ရခဲ့တဲ့အခါကြတော့ သူတို့ကို ကျွန်တော်တို့က သင်တန်းဆင်းဆင်းချင်းသစ်လွင်တွေကို ဆေးရုံကြီးတွေမှာ ခုတင် ၂၀၀၊ ခုတင် ၁၀၀ ဆေးရုံတွေမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ လက်ပွန်းတသီး ၂ နှစ် လေ့ကျင့်သင်ကြားပြီး On Job Training ၂ နှစ် ရအောင်ပေးပါတယ်။ ပြီးတဲ့အခါကျမှ သူတို့ကို ခုနက ဒေသတွေ၊ ခက်ခဲတဲ့ဒေသတွေ မြို့နယ်တွေကို တာဝန်ထမ်းဆောင်စေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ၁၅၀၀ ကို သစ်လွင်ဆရာဝန်တွေကို ဖောင်ကြီးမှာ သင်တန်းပေးပြီးဖြစ်ပါတယ်။ သူတို့ဆင်းလာတဲ့အခါမှာ ဆေးရုံကြီးတွေမှာ ၂ နှစ်သင်တန်းရရှိပြီးတဲ့ ကလေးတွေကို ခုနက ခက်ခဲတဲ့ဒေသတွေကို ကျွန်တော်တို့ တာဝန်ထမ်းဆောင်ပေးမှာဖြစ်တဲ့အတွက် ခုနက လစ်လပ်တဲ့ဆရာဝန်တော်တော်များများ ၈၀ ရာခိုင်နှုန်းကျော်သည် ဖြည့်ဆည်းသွားမှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။
