မြင်းခြံခရိုင် ပြည်သူ့ဆေးရုံ ကြီးမှာ အထူးလိုအပ်လျက်ရှိတဲ့ လူနာတင်မော်တော်ယာဉ်တစ်စီး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ရဲ့ မဲဆန္ဒနယ် မြင်းခြံမြို့ဟာ ခရိုင်အဆင့်ရှိ တဲ့မြို့ကြီးဖြစ်ပြီးတော့ ငါန်းဇွန်၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်းစတဲ့ ငါးမြို့နယ် နှင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဆေးရုံအဆင့်ဟာလည်း ခုတင် ၁၀၀ အဆင့်ဖြစ်သော်လည်းပဲ စံကိုက်အဆင့်ဝန်ထမ်းအင်အား မရှိသေးတဲ့အတွက် ၁၉-၁-၂၀၁၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ ပြည်သူလူထုနှင့်တွေ့ဆုံမယ့် အခမ်းအနားမှာ နယ်မြေလူထုကနေပြီးတော့ အားကိုး ယုံကြည်စွာနှင့် စံကိုက်အဆင့်ဖြစ်အောင် တင်ပြတဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ မကြာခင်မှာ ခုတင် ၁၀၀ စံကိုက်အဆင့်ကို တိုးမြှင့်ပေးမယ်လို့ ကြားသိရတဲ့အတွက် မြို့နယ်လူထု တစ်ရပ်လုံး ဝမ်းသာမဆုံးရှိနေကြောင်းလည်း တင်ပြလိုပါတယ်။ ထိုနည်းလည်းကောင်းပဲ လွှတ်တော် ကျင်းပတဲ့အချိန်များမှာ မအားမလပ်တဲ့ကြားကနေပြီး ကျွန်တော်တို့ နယ်ကို ကိုယ်တိုင်ကြွရောက်ပြီး တော့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒများကို လာရောက်ပြီးတော့ နားထောင်ပေးဖော်ရတဲ့ ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ဂုဏ်ယူမဆုံးရှိနေကြောင်းကို လည်း တင်ပြလိုပါတယ်။
ကျွန်တော်တို့ ခရိုင်ဟာ လူဦးရေအားဖြင့် ထူထပ်ပြီးတော့ လူတန်းစား အနေနဲ့ကလည်း တောင်သူလယ်သမားအများစု ဖြစ်ပါတယ်။ စီးပွားရေးဟာ သင့်တင့်မျှတရုံသာ ရှိပြီးတော့ နေပူဖုန်ထူမိုးနည်းရေရှား ရပ်ဝန်းဖြစ်တဲ့အတွက် ရောဂါဘယတွေ ဖြစ်ပွားမှုနှုန်း များပြားလှ ပါတယ်။ နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့်ပေးနေသော်လည်းပဲ ရောဂါပြင်းထန်လို့ မိမိမြို့နယ်ဆေးရုံများနှင့် မိမိခရိုင်ဆေးရုံကြီးမှာ ကုသမှုစိတ်မချရရင် မြို့နယ်မှ ခရိုင်၊ ခရိုင်မှ မန္တလေး တိုင်းအဆင့် ဆေးရုံများကို ပို့ဆောင်ပေးနေရတာတွေ မကြာခဏရှိပါတယ်။ လူနာရှင်ရဲ့ ဓနအင်အား အရ ပုဂ္ဂလိကကားငှားနိုင်သည်လည်းရှိသလို များသောအားဖြင့် မငှားနိုင်တဲ့ အဖြစ်အပျက်တွေ မကြာခဏ တွေ့ကြုံနေရပါတယ်။ ငှားလိုက်ရင်လည်း အရပ်ဘက်လူစီးကားသာဖြစ်လို့ လူနာကို မိုင် ၅၀၊ ၁၀၀ ခရီးမှာ ရောဂါထိန်းသိမ်းပေးမယ့် ပစ္စည်းပစ္စယတွေ မပါဝင်တဲ့အတွက် လမ်းမှာ မကြာခဏ အသက်ဆုံးရှုံးသွားရတာတွေကို တွေ့ကြုံနေခဲ့ရပါတယ်။ ဒီနေ့ ဒီလိုခေတ်များမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အားလုံးလိုလားနေကြပြီးတော့ ဘတ်ဂျက်အသုံးစရိတ်တွေကိုလည်း နိုင်ငံတော်က ပိုမိုခွဲဝေပေးနေတဲ့အချိန်မှာ အလွန်ရခဲလှတဲ့ လူတစ်ယောက်ရဲ့အသက်ဟာ မဆုံးရှုံံးသင့်ဘဲနှင့် ဒီလိုမော်တော်ကားမငှားနိုင်လို့ လမ်းခရီးမှာ ဆုံးရှုံး သွားရတာတွေ မဖြစ်အောင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ လူနာတင်မော်တော်ယာဉ်တစ်စီး အလျင်အမြန်ဖြည့်ဆည်းပေးဖို့ တစ်ခရိုင်လုံးရဲ့ ပြည်သူလူထုရဲ့ ဆန္ဒ အရ ဤမေးခွန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်း ဖြစ်ပါတယ်။ ယခုနှစ် ဘတ်ဂျက်မှာ မပါဝင်သေးပါကလည်း မည်သည့်နှစ်ဘတ်ဂျက်တွင် ထည့်သွင်းစီစဉ်ပေးရန် အစီအစဉ် ရှိ၊ မရှိ ဖြေကြားပေးပါရန် မေးမြန်းပါသည်။
မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးမှာ အထူးလိုအပ်လျက်ရှိတဲ့ လူနာတင် မော်တော်ယာဉ်တစ်စီး ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်ပတ်သက်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ မြင်းခြံခရီးစဉ်မှာလည်း မြို့မိမြို့ဖများအား တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ လူနာ တင်ယာဉ်အသစ်တစ်စီး ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
