(င)-ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်း၊ အမှတ် (၁၈/၂၂) ၊ မြေညီထပ် မြေနှင့်အဆောက်အဦကို သက်ဆိုင်ရာမှ မူလပိုင်ရှင်သို့ ပြန်လည်ပေးအပ်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၄.၃.၂၀၁၃)

 

ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတားမြို့နယ်တွေဟာ စီးပွားရေးအချက်အခြာကျတဲ့ မြို့နယ်တွေဖြစ်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်များ အများအပြားရှိတဲ့မြို့နယ်လည်းဖြစ်ပါတယ်။ အဲ့ဒီတော့ ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက် ပြည်သူပိုင်သိမ်းတဲ့အခါမှာ လုပ်ငန်း အများအပြားပြည်သူပိုင်သိမ်းဆည်းခြင်းခံခဲ့ရပါတယ်။ အားလုံးသိတဲ့အတိုင်းပါပဲ ပြည်သူပိုင်သိမ်း တဲ့အခါ ဆိုင်ခန်းတွေပါတယ်။ ကုမ္ပဏီရုံးခန်းတွေပါတယ်။ ပွဲရုံတွေပါတယ်။ ရုပ်ရှင်ရုံ တွေပါတယ်။ စာသင်ကျောင်းတွေပါတယ်။ အားလုံးခြုံပြီးပြောရရင်တော့ ပုဂ္ဂလိလုပ်ငန်းရှင်အားလုံး ထိုသို့ပြည်သူ ပိုင်သိမ်းခြင်းခံရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၇၇ ခုနှစ်လောက်က ပြည်သူပိုင် လုပ်ငန်းတွေကို ပြန်လည်စိစစ်ပြီးတော့ ပိုင်ရှင်တွေကို ပုံစံ ၃ လို့ခေါ်တဲ့ပုံစံနဲ့ ပြန်ပေးခဲ့ပါတယ်။ အဲ့ဒီပုံစံမှာ ပိုင်ရှင်ကိုယ်တိုင် ဒါမှမဟုတ် အမွေဆိုင်များကလက်မှတ်ရေးထိုးပြီးတော့ ယူခဲ့ရပါတယ်။ ဒါပေမယ်လို့ အခန်းများ ပြန်လည်မရရှိတာကများပါတယ်။ အဲ့ဒီအချိန်က ပြန်ပေးတဲ့အခန်းများဟာ ကုန်သွယ်ရေး ဒါမှမဟုတ် သမဝါယမပိုင် ဒါမှမဟုတ် အစိုးရရုံးခန်းစသည်ဖြင့် ဖြစ်နေပါတယ်။ ပိုင်ရှင်များ အနေနဲ့ကတော့ ပေးကားပေး၏မရဆိုတဲ့သဘော ဖြစ်နေပါတယ်။ မူလပိုင်ရှင်များက ပုံစံ (၃) ကိုင်ပြီးတော့ စောင့်နေကြပါတယ်။ တချို့လိုက်နိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ အနည်းအကျဉ်း ဆိုင်ခန်း ပြန်ရကြပါတယ်။ အများစုကတော့ မရပါဘူး။ ဒီကြားထဲမှာ အဆောက်အဦတွေက ဟောင်းနွမ်း လာတော့ အန္တရာယ်ရှိတဲ့ DB အဆောက်အဦဖြစ်ပြီးတော့ လက်ရှိသမဝါယမဆိုင်တို့ သမရုံးခန်းတို့က ငွေသွင်းပြီးတော့ တိုက်သစ်ဆောက်ကြပြန်ပါတယ်။ အဲ့ဒီမှာပိုင်ရှင်က ပြန်ရဖို့ဝေးသွားပါတယ်။ ၂၀၁၀ ခုနှစ်လောက်မှာ နိုင်ငံတော်ကပြည်သူပိုင်အခန်းများကို ချိတ်ပိတ်တင်ဒါစနစ်နဲ့ရောင်းပါတယ်။ မူလ ပိုင်ရှင်တွေကို ဦးစားပေးပါတယ်။ မူလပိုင်ရှင်တွေက မိမိတို့ပိုင်အခန်းကို ကာလပေါက်ဈေးနဲ့ ပြန်ဝယ်ရပါတယ်။ ရုပ်ရှင်ရုံ တွေပါတယ်။ ဆိုင်ခန်းတွေပါတယ်။ အိမ်ခန်းတွေပါပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ နိုင်ငံတစ်ခုမှာ အုပ်ချုပ်တဲ့အစိုးရဟာ မိဘသဖွယ်ဖြစ်ပြီးတော့ တိုင်းသူပြည်သားများဟာ သားသမီးများဖြစ်ကြပါတယ်။ သားသမီးများအရေးကို မိဘများက အလေးထားတတ်ကြပါတယ်။ အဲ့ဒီဖြစ်စဉ်များကိုကြည့်လျှင် မိဘကသားသမီးကို ရောင်းတယ်။ သားသမီးက မိမိပစ္စည်းကို မိဘဆီက ပြန်ဝယ်ရတယ်။ ဒါဟာမဖြစ်သင့်တဲ့ ကိစ္စလို့ ထင်မြင်မိပါတယ်။ ဒါတွေကတော့ ပြီးခဲ့တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့အခါမှာ ပုံစံ (၃) ကိုကိုင်ပြီး အခန်းပြန်မရတဲ့သူတွေ ရှိနေပါသေးတယ်။ အဲ့ဒီအတွက်တော့ ယခုအခါမှာ နိုင်ငံတော်ကအလေးထားစဉ်းစားပေးသင့်တဲ့ကိစ္စဖြစ်ကြောင်း ထင်မြင် မိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်း အမှတ် (၁၈/၂၂) မြေညီထပ်တိုက်ခန်း၊ မြေနဲ့အဆောက်အဦဟာ ကွယ်လွန်သူ အိုင်အမ်ဒီဘာဂီးယားနှင့် သားဖြစ်သူ ဦးဟမ်ဆာတို့ မွေးချင်းများ အမွေဆက်ခံပိုင်ဆိုင်ထားတဲ့အခန်းဖြစ်ပါတယ်။ ၁၉၆၄ ခု ပြည်သူပိုင်သိမ်းစဉ်က အဲ့ဒီ အခန်းဟာ ဆောက်လုပ်ပြီးစအခန်း ဖြစ်တဲ့အတွက်ကြောင့် ရေမီးတို့ပင် မဆက်သာသေးတဲ့အတွက်ကြောင့် လုပ်ငန်းလုပ်တဲ့အခန်း မဟုတ်တဲ့အတွက်ကြောင့် ပြည်သူပိုင် သိမ်းခြင်းဥပဒေနဲ့ မသက်ဆိုင်ခဲ့ပါဘူး။ ထိုစဉ်က သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတာဝန်ရှိသူ တို့က ယာယီကွပ်ကဲရေးရုံးခန်းအဖြစ် အသုံးပြုရန် အကူအညီ တောင်းခံတဲ့အတွက်ကြောင့် အခမဲ့ အကူအညီပေးခဲ့ခြင်းသာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးရဲ့ အမိန့်ကြေညာချက်အရ မြန်မာနိုင်ငံသား မြေနှင့် အဆောက်အဦပိုင်ရှင် မိသားစုဖြစ်သောကြောင့် စားသောက်ကုန်နှင့် အထွေထွေကုန်ပစ္စည်း ရောင်းဝယ်ရေး ဦးဆောင်ညွှန်ကြားရေးမှူးကိုယ်စား ဒုတိယအထွေထွေမန်နေဂျာက ၂၇-၄-၁၉၇၇ နေ့ မှာ အသိသက်သေအဖြစ် ရန်ကုန်တိုင်းပြည်သူ့ကောင်စီ အလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦးရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးပြီးတော့ ပုံစံ (၃) နဲ့ ပိုင်ရှင်ကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ပုံစံ (၃) ဆိုတာကတော့ အကြောင်းအရာ ပြည်သူပိုင်ဆိုင်ခန်းအဆောက်အဦ တရားဝင်ပိုင်ဆိုင်ခွင့်ကို ပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း၊ (၁) ၁၉၆၃ ခုနှစ် လုပ်ငန်းများပြည်သူပိုင်ပြုလုပ်ခြင်း ဥပဒေအရ ပြည်သူပိုင်ပြုလုပ်ခဲ့သည်‌့ အောက်တွင် ဖော်ပြထားသော ပြည်သူပိုင်အခန်း၊ အဆောက်အဦ တရားဝင်ပိုင်ဆိုင်ခွင့်ကို ၂၇-၄-၇၇ ခုနှစ်မှစ၍ ပြန်လည်လွှဲအပ်ပေးအပ်ကြောင်း လက်မှတ်ရေးထိုး ကြပါသည်တဲ့ အဲ့ဒီမှာ ပိုင်ရှင်လက်မှတ် ရေးထိုးထားပါတယ်။ ပစ္စည်းစာရင်းကတော့ အဲ့ဒီအခန်းပါ။ နောက်တစ်ခါ လွှဲပြောင်းပေးအပ်သူကတော့ ကုန်သွယ်ရေးက ဦးဆောင်ညွှန်ကြားရေးမှူး ကိုယ်စား ဒုတိယအထွေထွေမန်နေဂျာဖြစ်ပါတယ်။ အသိသက်သေများကတော့ ဦးဆန်ခိုင်တို့ ၊ဦးပါတို့ဆိုတာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကောင်စီအလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦးကလက်မှတ်ရေးထိုး ပေးထားပါတယ်။ အဲ့ဒီတော့ ဒီလိုပုံစံ (၃) ဖြင့်ပြန်လည်ပေးအပ်ပြီးနောက် ယခင်က ကုန်သွယ်ရေးက အသုံးပြုလာခဲ့တဲ့ အတွက်ကြောင့် ပိုင်ရှင်အနေနဲ့ အိမ်လခကို ကုန်သွယ်ရေးက လက်ခံပြီးတော့ ပြန်လည်ခွင့်ပြုထားခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ကုန်သွယ်ရေးအရ အသုံးပြုရန် မလိုတော့ဘူး ဆိုပြီးတော့ အခန်းကို သော့ပိတ်ပြီးတော့သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ထိ ဒီအခန်းကိစ္စတွေကို ကုန်သွယ်ရေးကပဲ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

နိုင်ငံတော်ပိုင်အဆောက်အဦများ ရောင်းချရေးကော်မတီက ချိတ်ပိတ်တင်ဒါ စနစ်ဖြင့်ရောင်းချရန် ကြေညာခဲ့ပါတယ်။ အဲ့ဒီမှာ အဲ့ဒီအခန်းဟာ အမှတ်စဉ် ၁၀၇ ဖြင့်ပါလာတဲ့ အတွက်ကြောင့် အိမ်ပိုင်ရှင်ကနေပြီးတော့ နိုင်ငံတော်ပိုင်အဆောက်အဦများရောင်းချရေး ကော်မတီကို အထက်ပါဖြစ်စဉ်များကို တင်ပြပြီးတော့လျှောက်ထားခဲ့ရာမှာ တင်ဒါစနစ်ဖြင့် ရောင်းချခြင်းမပြုတော့ ဘဲ အခန်းကို ဆက်လက်ပြီးတော့ သော့ချိတ်ပိတ်ထားခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၅-၃-၂၀၁၂ ရက် နေ့မှာတော့ အထက်ပါသော့ချိတ်ပိတ်ထားတဲ့အခန်းကို ပန်းဘဲတန်းမြို့နယ် မြို့နယ်ဥပဒေရုံးအဖြစ်      ၂ လခန့် ယာယီအသုံးပြုရန်ဖြစ်ကြောင်းပြောပြီးတော့ လာရောက်ပြီးတော့ ရုံးဖွင့်ခဲ့ပါတယ်။ ဒါကြောင့် အထက်ပါဖြစ်စဉ်များကို ပြန်လည်လေ့လာသုံးသပ်ရရင် ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်း အမှတ် (၁၈/၂၂) မြေညီထပ် မြေနှင့် အဆောက်အဦတို့ဟာ ကွယ်လွန်သူဖခင် အိုင်အမ်ဒီဘာဂီးယားနဲ့ သားဖြစ်သူ ဦးဟမ်ဆာတို့ရဲ့ အမွေဆိုင်အခန်း ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ပြည်သူပိုင်သိမ်းဆည်းစဉ်က ဆောက်လုပ်ပြီးစ ပြည်သူပိုင်သိမ်းခြင်းနှင့်မသက်ဆိုင်သော မိသားစုပိုင် အခန်းဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ အမိန့် ကြော်ငြာစာအရ ကုန်သွယ်ရေးမှ ပုံစံ (၃) ဖြင့် ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။ သို့ပါ၍ ယနေ့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားများ လည်ပတ် ကျင့်သုံးနေပြီဖြစ်ရာ ပြည်သူတို့အတွက် တရားမျှတမှု၊ စိတ်ကောင်းစေတနာရှိမှု၊ ပွင့်လင်းမြင်သာမှု အစရှိသည်တို့ကို လက်တွေ့ကျင့်သုံး ဆောင်ရွက်နေမှုအနေဖြင့် အထက်ဖော်ပြပါ အခန်းအား သက်ဆိုင်ရာမူလပိုင်ရှင်သို့ ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
အဖြေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနပိုင် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်း အမှတ် (၁၈/၂၂)မြေညီထပ်တိုက်ခန်းဟာ ပြည်သူ ပိုင်သိမ်းခန်း(ပဆ-၉၁၂၂)ဖြစ်ပြီး အုတ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်အခင်းဖြစ်ပါတယ်။ အတိုင်းအတာမှာ အလျား ၃၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၁၃ ပေ ၁၀ လက်မဖြစ်ပါတယ်။ ပြည်သူပိုင်သိမ်းဆည်းပြီးနောက် အထွေထွေကုန်ပစ္စည်းရောင်းဝယ်ရေးမှ ရယူအသုံးပြုခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ရုံးရဲ့ပြုပြင်ဖွဲ့စည်းရေးညွှန်ကြားချက်အမှတ် (၃၉/၉၈) အရ နယ်စပ်ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ၁၉၉၉ ခုနှစ်၊ ဧပြီလ ၁ မှာလွှဲပြောင်းရယူခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနဟာ အဆိုပါ အခန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်အရ ပုဂ္ဂလိကလုပ်ငန်းရှင် ၃ ဦးသို့ ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့အထိ အဆင့်ဆင့်ငှားရမ်းခဲ့ ပြီးနောက် ငှားရမ်းသူမှပြန်လည် အပ်နှံခဲ့တဲ့အတွက် ဌာနမှပြန်လည်လွှဲပြောင်းလက်ခံခဲ့ပါတယ်။ ဖော်ပြပါအခန်းဟာ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ နိုင်ငံပိုင်အဆောက်အအုံများရောင်းချရေးကော်မတီသို့ အပ်နှံထားခဲ့ပြီးနောက် ပြည်သူပိုင်သိမ်းစဉ်က မူလပိုင်ရှင်ဦးအိုင်အမ်ဒီဘားဂီယားရဲ့သားဖြစ်သူ ဦးဟမ်ဆာက ပိုင်ရှင်သို့လွှဲပြောင်းပေးအပ်ခြင်းပုံစံ (၃) အားတင်ပြခဲ့သဖြင့် နိုင်ငံပိုင်အဆောက်အအုံ များ ရောင်းချရေးကော်မတီမှ ဆက်လက်ရောင်းချခြင်းမပြုတော့ဘဲ ရပ်ဆိုင်းထားခဲ့ပြီး နိုင်ငံပိုင် အဆောက်အအုံများရောင်းချရေးကော်မတီမှအဆိုပါအခန်းအား ပန်းဘဲတန်းမြို့နယ် မြို့နယ်ဥပဒေရုံး သို့လွှဲပြောင်းပေးရန်ညွှန်ကြားခဲ့ပါတယ်။ နိုင်ငံပိုင်အဆောက်အအုံများ ရောင်းချရေးကော်မတီရဲ့ အထက်ပါညွှန်ကြားချက်အရ သက်ဆိုင်ရာအခန်းအား ပန်းဘဲတန်းမြို့နယ် မြို့နယ်ဥပဒေရုံးသို့ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာ အဖွဲ့ဖြင့်စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဆိုပါအခန်းလွှဲပြောင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင်‌့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံစာတင်ပြခဲ့ရာ         ၂၀၁၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှာကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၁၂) မှာ သက်ဆိုင်ရာအခန်းအား နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနရဲ့ မူလပုံသေပိုင် စာရင်းမှ နုတ်ပယ်ခွင့်ရရှိခဲ့ပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းအမှတ် (၁၈/၂၂)မြေညီထပ်တိုက်ခန်းအား နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ နိုင်ငံပိုင် အဆောက်အအုံများရောင်းချရေးကော်မတီသို့ ပြန်လည်လွှဲပြောင်းပေးပြီးဖြစ်ပါသောကြောင့် နိုင်ငံပိုင် အဆောက်အအုံများရောင်းချရေးစီမံခန့်ခွဲမှုကော်မတီမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။