(ဃ)-မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၄.၃.၂၀၁၃)

 

ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များကို ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ သိသာထင်ရှားစွာတဖြည်းဖြည်း ပြောင်းလဲကျင့်သုံးနေတာကို ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အားလုံးနားလည် လက်ခံလာကြပြီဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံများမှာ အဓိကအရေးကြီးတဲ့ အချက်ဟာ တရားဥပဒေစိုးမိုးရေးပဲဖြစ်ပါတယ်။ ပြည်သူများအားလုံးဟာ အေးချမ်းစွာနေထိုင် လိုကြပါတယ်။ ပြည်သူများရဲ့နေ့စဉ်ဘဝ၊ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ကြီးကို အားကိုးအားထားပြုနေကြပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့များ အနေနဲ့လည်း စီမံချက်များချမှတ်ပြီးတော့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေကြတာ ကိုလည်း ကျွန်တော်တို့ကြားသိနေရပါတယ်။ ဒါပေမယ့် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ပြီးတော့ ရမ်းကားမှုတွေ၊ မတရားအနိုင်ကျင့်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ လူသတ်မှုတွေ၊ ဖောက်ထွင်းခိုးယူမှုတွေကို ကြားသိနေရဆဲပဲဖြစ်ပါတယ်။ ပြည်သူများဘဝကိုခြိမ်းခြောက်မှုများရှိလာ နိုင်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးကို ပြည်သူတွေယုံကြည်ကိုးစားပြီးတော့ အားကိုးနေတာကိုမြင်ချင်ပါတယ်။ သံသယစိတ် တွေ၊ စိတ်ပျက်အားငယ်တဲ့စိတ်တွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကို ယုံကြည်မှုလျော့ပါးလာတာကို ကျွန်တော်တို့ မမြင်စေချင်ပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်း မိမိတို့ဆောင်ရွက်ချက်များကို ပြည်သူများကြားမှာပေါ်လွင်စေချင်ပါတယ်။ ထင်သာမြင်သာလည်း ရှိစေချင်ပါတယ်။ ထင်သာမြင်သာ ရှိအောင်လည်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒါကြောင့် ပြည်သူလူထုကိုယ်စား အောက်ပါမေးခွန်းများကို မေးမြန်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်-

(၁)     မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးနိုင်ရေးဆောင်ရွက်နိုင်မှုအခြေအနေနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များကို နိုင်ငံတကာရဲတပ်ဖွဲ့ဝင်များကဲ့သို့ ကိုယ်ရည်ကိုယ်သွေးထက်မြက်စေရန် မည်ကဲ့သို့ ဆောင်ရွက်နေပါသလဲ။

(၂)     မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို နိုင်ငံတကာရဲတပ်ဖွဲ့ဝင်များကဲ့သို့ ခေတ်မီကိရိယာများ တပ်ဆင်ထားနိုင်မှုရှိ၊ မရှိအခြေအနေ။

(၃)     နိုင်ငံတကာအဖွဲ့အစည်းများနဲ့ မည်ကဲ့သို့ချိတ်ဆက်ဆောင်ရွက်နေကြောင်း ပြည်သူများ သိသင့်သောအချက်များရှိပါက ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
အဖြေ

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၁၉၅၄ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) နှင့် ၁၉၉၈ ခုနှစ်မှာ အာဆီယံနိုင်ငံများရဲအဖွဲ့ (Assanapol) တို့ကို အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ Interpol, Assanapol ရဲ့အဖွဲ့များရဲ့ ရဲချုပ်များညီလာခံကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အချို့နှစ်များမှအပ မပျက်မကွက်တက်ရောက် ခဲ့ပါတယ်။ အဲ့ဒီညီလာခံများမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ရဲတပ်ဖွဲ့ဝင်အချင်းချင်းသတင်းဖလှယ်ရေး၊ နည်းပညာများအကူအညီပေးရေး၊ တပ်ဖွဲ့ဝင်များ အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များ အကူအညီပေးရေးစသည်တို့ကိုဆုံးဖြတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုများရှိခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံများမှာ နှစ်စဉ်အလှည့်ကျဖွင့်လှစ်တဲ့ အာဆီယံရဲအရာရှိကြီးများပူးပေါင်းဆွေးနွေးပွဲ သင်တန်း (Joint ASEAN Senior Police Officer Course )ကို မြန်မာနိုင်ငံမှာ ၂၀၀၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့မှာ ၂ ကြိမ်လက်ခံကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နှစ်စဉ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ အထွေထွေညီလာခံများကိုတက်ရောက်ခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့အထွေထွေညီလာခံမှ ဆုံးဖြတ်ချက်များ၊ အကြံပြုချက်များ၊ ဒေသတွင်း အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ဆိုင်ရာစစ်ဆင်ရေးနှင့် စီမံချက်များမှာ ပူးပေါင်းဆောင် ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol) နှင့် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မှာရှိတဲ့ အမျိုးသားဗဟိုအဖွဲ့ (National Central Bureau – NCB) နဲ့ပူးပေါင်းပြီးတော့မှ ဆေးဝါးတု ပူးပေါင်းတိုက်ဖျက်နှိမ်နှင်းရေး (Operation Jupitor)၊ မုန်တိုင်းစစ်ဆင်ရေး (Operation Storm)၊ ကျားမှုခင်းများတိုက်ဖျက်ရေး (Operation Tiger) စတဲ့စစ်ဆင်ရေးများမှာ ပါဝင်ဆောင်ရွက် ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol)ကကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးများ အလုပ်ရုံဆွေးနွေးပွဲ၊ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ၊ ဒေသတွင်းစီမံကိန်း၊ စီမံချက်များ၊ ရဲတပ်ဖွဲ့ဆိုင်ရာ စစ်ဆင်ရေးစီမံချက်များမှာပါဝင်ခဲ့သလို အာဆီယံနိုင်ငံများရဲအဖွဲ့မှကျင်းပတဲ့ အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေး၊ အလယ်အလတ်အရာရှိများအဆင့် အစည်းအဝေး၊ အောက်ခြေအဆင့်လုပ်ငန်းဆောင်ရွက်နေတဲ့ အရာရှိများအဆင့်အစည်းအဝေးများ၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုတက်ရောက်ခဲ့ပါတယ်။ အလားတူ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများအဆင်‌့ အစည်းအဝေးမှချမှတ်တဲ့ လုပ်ငန်းဆိုင်ရာများကိုဆောင်ရွက်ခြင်းဖြင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အာဆီယံရဲအဖွဲ့(Assanapol) အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီးနောက် နှစ်စဉ်ကျင်းပတဲ့ အာဆီယံရဲချုပ်ညီလာခံမှ ဆုံးဖြတ်ချက်များကိုစုစည်းထားတဲ့ ပူးတွဲကြေညာချက်မှာ ပါဝင်တဲ့အချက်များကို ဒေသတွင်းရဲတပ်ဖွဲ့များနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။ အာဆီယံဒေသတွင်းနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကဏ္ဍ (ASEAN Political and Security Community) မှာပါဝင်တဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ  အာဆီယံဝန်ကြီးများ အစည်းအဝေးကို ၂ နှစ် ၁ ကြိမ်ကျင်းပြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို ဒေသတွင်းရဲတပ်ဖွဲ့ဝင် များနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်တဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန် စတဲ့နိုင်ငံများမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံဖြတ်ကျော်မှုခင်းများ ဆိုင်ရာ အဆင်‌့မြင့်အရာရှိကြီးများ အစည်းအဝေးကို ၁ နှစ်မှာ ၁ ကြိမ်ကျင်းပြပြီး အစည်းအဝေး ကဆုံးဖြတ်ခဲ့တဲ့ အကောင်အထည်ဖော်ရမယ့်ဆုံးဖြတ်ချက်များကို ဒေသတွင်းရဲတပ်ဖွဲ့များနဲ့ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်ပနိုင်ငံများဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် သြစတြေးလျစတဲ့နိုင်ငံများသို့ ရဲလုပ်ငန်းဆိုင်ရာ သင်တန်းများ၊ နည်းပညာဆိုင်ရာသင်တန်းများ၊ မှုခင်းသိပ္ပံနှင့် မှုခင်းဓာတ်ခွဲခန်းဆိုင်ရာသင်တန်းများ၊ မှုခင်းစုံစမ်းဖော်ထုတ်ခြင်းဆိုင်ရာသင်တန်းများနှင့် ဘာသာစကားသင်တန်းများကို စဉ်ဆက်မပြတ် စေလွှတ်တက်ရောက်လျက်ရှိပါတယ်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်းမှာ သင်တန်း ၁၄၁ ကြိမ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအရာရှိပေါင်း ၂၀၈ ဦးကိုစေလွှတ်တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်များလိုက်နာ ဆောင်ရွက်ရေးစသည်တို့မှာလည်း အခြားပြည်ပနိုင်ငံများနဲ့သာမက ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ NGO များ၊ INGO များနဲ့ပါ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပြီး အဲ့ဒီအဖွဲ့အစည်းများရဲ့ အကူအညီနဲ့ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ နည်းပြမွမ်းမံသင်တန်းများဖွင့်လှစ်ပြီး တပ်ဖွဲ့ဝင်များရဲ့အရည်အသွေးများ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်းမှာလည်း အရာရှိကြီးများအဆင့်၊ ခရိုင်၊ မြို့နယ်စခန်းမှူးများရဲ့စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်လို့ မွမ်းမံသင်တန်းများဖွင့်လှစ်ခြင်း၊ အာဆီယံဒေသတွင်း ရဲအရာရှိများကို ဖိတ်ကြားပြီး အိမ်ရှင်နိုင်ငံအဖြစ်သင်တန်းများကို လက်ခံလေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့ ပါတယ်။ မိမိနိုင်ငံရဲ့ ရဲတပ်သားအဆင့်သင်တန်း၊ ရဲအရာရှိလောင်းများသင်တန်း၊ စခန်းမှူးသင်တန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးသင်တန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးသင်တန်းနှင့် အဆင့်မြင့်အရာရှိကြီးများအတွက် သင်ရိုးဇယားများကို နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့စံနှုန်းများနဲ့အညီ ရေးဆွဲသင်ကြားပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာရဲတပ်ဖွဲ့များကဲ့သို့ ခေတ်မီကိရိယာများတပ်ဆင်ပေးထား နိုင်မှုနှင့်ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး များ၊ တပ်ဖွဲ့များ၊ ရဲတပ်ရင်းများနှင့် ရဲလေ့ကျင်‌့ရေးကျောင်းများကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အထိ ဝယ်ယူရရှိတဲ့ ခေတ်မီစက်ပစ္စည်းများဖြစ်တဲ့ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း၊ x- Ray စက်၊ လူဖြတ်စဉ် စစ်ဆေးစက်၊ လက်ကိုင်သတ္တုစစ်ဆေးစက်၊ ဒီဂျစ်တယ်မိုက်ခရိုစကုပ်၊ ပိုလီရေး၊ လက်ဗွေသဲလွန် ရှာဖွေစက်၊ မိုက်ခရိုလင့်ကင်မရာနှင့် ဖလက်ဂန်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ PH မီတာ၊ မိုက်ခရို စကုပ်၊ ဟိုက်ဒရိုဂျင်ဆလင်ဒါ၊ ဆက်သွယ်ရေးပစ္စည်းများစသည်တို့ကို ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုငွေဖြင့် ဝယ်ယူတပ်ဆင်ဖြည့်တင်းဖြန့်ခွဲထုတ်ပေးလျက်ရှိပါတယ်။ မှုခင်းတပ်ဖွဲ့သုံးခရမ်းလွန် ရောင်ခြည်မီး၊ မှုခင်းသဲလွန်စရှာမီး၊ ဓာတုဗေဒသုံးအနီအောက်ရောင်ခြည်စက်နှင့် မှုခင်းတပ်ဖွဲ့သုံး (True Scan) လက်ပုံစံအလိုအလျောက်စစ်ဆေးစက်၊ x- Ray စက်များတပ်ဆင်ပေးနိုင်ရေးအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာထည်‌့သွင်းတောင်းခံရရှိထားပြီးဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း ဘဏ္ဍာရေးခွင့်ပြုချက်ပေါ်မူတည်၍ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။