(က)-မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနက သတင်းထုတ်ပြန်မှုများ ရှိသော်လည်း ထိရောက်မှု နည်းပါး၍ အန္တရာယ်ဖြစ်စေသည့် အရာများပိုမို များပြားလာနေသည့် ကိစ္စ မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၄.၃.၂၀၁၃)

 

ယခုအခါ မြန်မာနိုင်ငံမှာ ကမ္ဘာမှာရှိတဲ့ ကင်ဆာ ရောဂါအဖြစ်ဆုံး ၁၁ နိုင်ငံအနက်ကနေပြီးတော့ ရေတွက်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ ဒုတိယထိပ် ဆုံးကနေပြီးတော့ ကင်ဆာရောဂါ ဒုတိယအဖြစ်ဆုံးနိုင်ငံအဖြစ်ရပ်တည်လျက်ရှိတာကို ကြားသိရပါ တယ်။ မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပြီးဆိုရင်လည်း အားလုံးသိတဲ့အတိုင်းပဲ Chemotherapy ဆိုတဲ့ ဆေးသွင်းပြီးကုသမယ်ဆိုလို့ရှိရင်လည်း စရိတ်စက အင်မတန်ကြီးမားပါတယ်။ Radiotherapy ခေါ်တဲ့ ဓာတ်ရောင်ခြည်နှင့်ကုမယ်ဆိုလို့ရှိရင်လည်း ဓာတ်ရောင်ခြည်သုံးတဲ့စက်တွေဟာ မြန်မာနိုင်ငံ မှာ မလုံလောက်တဲ့အတွက် ကင်ဆာရောဂါဝေဒနာရှင်များအနေနဲ့ များစွာအခက်အခဲများ ဖြစ်ပေါ် လျက် ရှိနေပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြည်သူများနေ့စဉ် မဖြစ်မနေပတ်သက်သုံးစွဲ နေရတဲ့ အစားအစာများ၊ ဆေးဝါးများမှာဆိုလို့ရှိရင် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ဓာတု ဗေဒပစ္စည်းများ၊ ဓာတုဆိုးဆေးများ ပါဝင်နေတဲ့အတွက် မျိုးရိုးဗီဇကို ထိခိုက်စေနိုင်ခြင်း၊ အစာအိမ် အူလမ်းကြောင်းရောဂါများဖြစ်ပွားစေနိုင်ခြင်း၊ ဦးနှောက်အာရုံကြောထိုင်းမိုင်းခြင်းနှင့် ရေရှည်စားသုံး ပါက အသဲနှင့်ကျောက်ကပ်ပျက်စီးခြင်း၊ ကင်ဆာရောဂါများဖြစ်ခြင်းစတဲ့ ဆိုးကျိုးများ ဖြစ်နိုင်တာကို တွေ့ရပါတယ်။ တားမြစ်ထားတဲ့ ဆိုးဆေးများပါဝင်တဲ့ အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဟင်းသီးဟင်းရွက်များ၊ နယ်စပ်မှတရားမဝင်ဝင်ရောက်လာတဲ့ စံချိန်မမီဆေးဝါးများ၊ မြောင်းဆီ အစရှိတဲ့ စားသုံးဆီများ၊ အသင့်စားသုံးနိုင်တဲ့ သရေစာများ ဥပမာ ကော်ဖီမစ်၊ တီးမစ်၊ ခေါက်ဆွဲထုပ်၊ ကြာဇံထုပ်၊ ဇီးထုပ်များ၊ ကြာရှည်ခံရန်ပြုလုပ်ထားတဲ့ အစားအစာများ၊ သန့်ရှင်းမှုမရှိတဲ့ ရေများ စသည်တို့ဟာ အထက်ဖော်ပြပါဆိုးကျိုးများကို ဖြစ်ပေါ်စေတဲ့အကြောင်းတရားများဖြစ်ပါတယ်။ ကျွန်တော်မေးမယ့်မေးခွန်းကတော့ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က)ကို ပြဋ္ဌာန်း ထား၍ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ကြီးကြပ်မှုများ၊ အရေးယူမှုများ၊ သတင်းထုတ်ပြန်မှုများရှိသော်လည်း ထိရောက်မှုနည်းပါး၍ အန္တရာယ်ဖြစ်စေသည့်အရာများ လျော့နည်းပပျောက်မှုမရှိသည့်အပြင် တဖြည်းဖြည်းပိုမိုများပြားလာနေသည့်အတွက် ဤအမျိုးသား အန္တရာယ်ကို သက်ဆိုင်ရာကမည်ကဲ့သို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်

ကျန်းမာရေးနှင့်ပတ်သက်တဲ့ ကိန်းဂဏန်းတွေဆိုလို့ရှိရင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ကိန်းဂဏန်းကို အတည်ပြုယူဆဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပြီးတင်ပြရမယ်ဆိုရင် ပထမဦးဆုံး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ၁၁ နိုင်ငံ ရှိပါတယ်။ ၁၁ နိုင်ငံမှာ ကင်ဆာနှင့်ပတ်သက်တဲ့ သေဆုံးမှု ၂၀၀၈ ကိန်းဂဏန်း နောက်ဆုံး Update ဖြစ်ပါတယ်။ ၂၀၀၈ ကိန်းဂဏန်းအရဆိုရင် မြန်မာနိုင်ငံအနေနဲ့ လူဦးရေ တစ်သိန်းမှာ ၄၅.၈ ယောက် တစ်နှစ်တစ်နှစ်ကိုသေဆုံးနေတယ်ဆိုတဲ့ ကိန်းဂဏန်းတွေ တွေ့ပါတယ်။ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာကို ကျွန်တော်တို့ထက်များတဲ့ ၄ နိုင်ငံရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့ အများဆုံးကတော့ အိန္ဒိယဖြစ်ပါတယ်။ သေဆုံးမှုနှုန်းဟာ လူဦးရေ တစ်သိန်းမှာ ၆၃၄.၄ အထိရှိပါတယ်။ နောက် အင်ဒိုနီးရှားဆိုရင် ၂၁၅.၅ အထိရှိပါတယ်။ နောက်ထိုင်းဆိုရင် ၇၀.၇ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ၄၅.၈ ဖြစ်ပြီးတော့ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာကို ကျွန်တော်တို့ထက်များတဲ့ ၄ နိုင်ငံ ရှိနေပါတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ တစ်ချက်တင်ပြလိုပါတယ်။ နောက် အသက်ကိုစံထားပြီး သေနှုန်းတွေကိုတွက်တဲ့အခါမှာလည်း မြန်မာနိုင်ငံအနေနဲ့ ၁၁၉.၈ ရှိပြီးတော့ မြန်မာနိုင်ငံထက်များတဲ့ နိုင်ငံ အင်ဒိုနီးရှား ၁၂၀.၉၊ Maldives ၂၆၁.၅ နှင့် ဘူတန် ၁၂၄.၈ တို့ရှိနေတာကို ဆွေးနွေးတင်ပြ လိုပါတယ်။ ထို့နည်းတူစွာပဲ ကျွန်တော်တို့ ဖြစ်ပွားမှုနှုန်းမှာ လူဦးရေ တစ်သိန်းနဲ့ ကျွန်တော်တို့ တွက်လိုက်တဲ့အခါမှာ နိုင်ငံအနေနဲ့ ၁၁၅.၃ ရှိပြီးတော့ မြန်မာနိုင်ငံ ထက်များတဲ့နိုင်ငံတွေသည် စင်ကာပူက ၂၇၇.၃ ပါ။ ဒါအာဆီယံနိုင်ငံဖြစ်ပါတယ်။ နောက်တစ်ခုက ၁၅၂.၀ က ထိုင်း ဖြစ်ပါတယ်။ သူတို့ထက်များတဲ့ ဗီယက်နမ်သည် ၁၂၈.၁ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအလိုက်မှာ ကျွန်တော်တို့နိုင်ငံထက်များတဲ့ နိုင်ငံတွေကို ဖြစ်ပွားမှုနှုန်းနှင့်ယှဉ်ပြီးတင်ပြခြင်း ဖြစ်ပါတယ်။ ထို့နည်းလည်းကောင်းပဲ သေဆုံးမှုမှာလည်း လူဦးရေ တစ်သိန်းမှာဆိုလို့ရှိရင် မြန်မာနိုင်ငံ က ၉၄.၅ ဖြစ်ပြီးတော့ စင်ကာပူက ၁၁၅.၉၊ ထိုင်းက ၁၀၁.၈ ကျွန်တော်တို့နိုင်ငံထက်များတဲ့ နိုင်ငံ လည်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒါခုနက ယှဉ်ပြတဲ့ဟာသည် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ နိုင်ငံများကို ယှဉ်ပြခြင်းဖြစ်ပါတယ်။ ထို့နည်းတူစွာပဲ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ကျွန်တော်တို့ထက်များတဲ့ နိုင်ငံတွေကို တင်ပြရမယ်ဆိုရင် သေဆုံးမှုနှုန်းမှာ မြန်မာနိုင်ငံက ၁၁၉.၈ လောက်ရှိတဲ့ အချိန်မှာ အင်ဒိုနီးရှားက ၁၂၁၊ Korea Republic က ၁၂၆၊ လာအိုက ၁၂၇၊ ပါပီအာနယူးဂီရိက ၁၂၈၊ နယူးဇီလန်က ၁၃၂၊ ချိုင်းနားက ၁၄၅၊ မွန်ဂိုရီးယား ၂၀၆ စသည်ဖြင့် အသီးသီးရှိနေပါတယ်။ ကျွန်တော်တင်ပြလိုခြင်းကတော့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာမှာ ဒုတိယအများဆုံးဆိုတဲ့ ကိန်းဂဏန်း သည် ကျွန်တော်တို့ရရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နောက် ကင်ဆာနှင့်ပတ်သက်ပြီး အထူးပြုထားတဲ့ ကိန်းဂဏန်းတွေအရတော့ မဟုတ်ပါဘူးဆိုတဲ့ ကျွန်တော့်အနေနဲ့ နံပါတ် ၁ ရှင်းလင်းတင်ပြလိုပါတယ်။ သို့သော်လည်းပဲ  လွန်ခဲ့သော ၁၀ နှစ်လောက်က ကင်ဆာဖြစ်ပွားမှုနှုန်းက တဖြည်းဖြည်းတိုးတက်လာ တယ်ဆိုတာကိုတော့ တွေ့ရှိရမှာ ဖြစ်တယ်ဆိုတာကို ဦးစွာတင်ပြလိုပါတယ်။ နောက် ကိုယ်စားလှယ်တော်ကြီးမေးမြန်းတဲ့ မေးခွန်းနှင့်ပတ်သက်ပြီးတော့  ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနဟာ ပြည်သူများ အရည်အသွေး ပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်များရရှိနိုင်ရေးအတွက် ပြည်တွင်းထုတ် လုပ်ငန်းများကို ကြီးကြပ်၍ အစားအသောက်ထုတ်လုပ်ခြင်း၊ ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း၊ ပြည်တွင်းသို့ တင်သွင်းလာတဲ့ စားသောက်ကုန်များအား စိစစ်ခြင်း၊ ပြည်ပသို့တင်ပို့မည့်အစား အသောက်များအား စိစစ်ခြင်း၊ ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း များတွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် အများပြည်သူတို့အား အသိပေးကြေညာခြင်းများကို အခါအားလျော်စွာ လုပ်ဆောင်လျက်ရှိပါတယ်။

          ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနဟာ ၂၀၁၂ ခုနှစ်အတွင်းမှာ ပြည်တွင်းထုတ်လုပ်ငန်း ၄၉၇ ခုအား အစားအသောက်ထုတ်လုပ်ခြင်း၊ ထောက်ခံချက် လက်မှတ်ထုတ် ပေးခြင်း၊ သွင်းကုန်လိုင်စင်လျှောက်ထားရန်အတွက် ထောက်ခံချက်လက်မှတ် ၃၈၇၃ ခု၊ ပြည်တွင်းသို့ တင်သွင်းလာတဲ့ အစားအသောက်အတွက် ထောက်ခံချက်လက်မှတ် ၃၀၀၊ ပြည်ပသို့ တင်ပို့သော အစားအသောက်များအတွက် ထောက်ခံချက်လက်မှတ် ၁၉၇ ခုနှင့် ဈေးကွက်နမူနာစုစုပေါင်း ၉၉၉ ခု တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာ နိုင်ငံပိုင်သတင်းစာများ၌ အစားအသောက်အန္တရာယ်ကင်းရှင်းရေးအတွက် အများပြည်သူသိရှိရန် ကြေညာပေးခြင်း ၂ ကြိမ် ဆောင်ရွက်ခဲ့ပြီးတော့ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ စုစုပေါင်း ၂၂ မျိုးနှင့် ရှမ်းပြည်နယ် သို့ တစ်ဖက်နိုင်ငံမှ တရားမဝင်ဝင်ရောက်လာတဲ့ စားသုံးဆီများကို စားသုံးရန် မသင့်ကြောင်းကြေညာ ခဲ့ပါတယ်။ ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆေးဝါးအတု၊ ရောနှောဆေးဝါးနှင့် မှတ်ပုံတင်မဲ့ဆေးဝါးတို့အတွက် ကြေညာခြင်း ၄ ကြိမ်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းအမယ် ၇ မျိုးအား ဖြန့်ဖြူးရောင်းချခွင့် မရှိကြောင်းအသိပေးကြေညာနိုင်ခဲ့ပါတယ်။ သို့ရာတွင် ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှာ ခွင့်ပြုဖွဲ့စည်းပုံ ဝန်ထမ်းအင်အား ၁၁၄ ဦးသာ ရှိတဲ့ အတွက် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၆၀ ကို အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေး ကာကွယ်ပေးနိုင်ရန် လက်ရှိဝန်ထမ်းဦးရေနှင့် အလုံအလောက်ပြီးပြည့်စုံအောင် ဆောင်ရွက်မှုအားနည်းလျက်ရှိတဲ့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကို သီးခြားဌာနကြီးတစ်ခုအဖြစ် ဝန်ထမ်းအင်အား ၆၀၀ ကျော်နှင့် ဦးစီးဌာန အဆင့်တိုးမြှင့်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းနှင့်ဖွဲ့စည်းပုံစစ်ဆေးရေးအဖွဲ့နှင့်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဦးစီးဌာနကြီးတစ်ခုဖြစ်သွားပြီးရင်တော့ မြန်မာပြည်အနှံ့မှာ ဒီလုပ်ငန်း တွေကိုပိုမိုပြီးတော့ အင်အားဖြည့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

          နယ်စပ်ဒေသများမှ တင်သွင်းသော စားသောက်ကုန်ပစ္စည်းများအား စားသုံးရန်သင့်၊ မသင့် စစ်ဆေးထောက်ခံပေးနိုင်ရန် နှီးနွယ်ဝန်ကြီးဌာနများနှင့်ညှိနှိုင်းပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနရုံးခွဲများဖွင့်လှစ်ပေးခဲ့ရာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင်လည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ မြဝတီကုန်သွယ်ရေးဇုန်၌လည်းကောင်း ဖွင့်လှစ်ပြီးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျန်နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုဘောင်အတွင်း မှာ ဆေးဝါးများကိုပုံမှန်နမူနာကောက်ယူ၍ စစ်ဆေးခြင်းနှင့် အများပြည်သူသိရှိရန် ကြေညာပေးခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများသို့ အရေး ယူဆောင်ရွက်နိုင်ရန် ညွှန်ကြားခြင်း၊ ဆေးဆိုင်များသို့ ပုံမှန်သို့မဟုတ် ရှောင်တခင် ကွင်းဆင်းစစ်ဆေး အကြံပြုဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိရာမှာ တရားမဝင်ဆေးဝါးများနှင့်ပတ်သက်၍ အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုအရေးယူခဲ့သည့်အမှုပေါင်းမှာ ၂၀၁၁ ခုနှစ်အတွင်း ၃၈ မှု၊ ၂၀၁၂ ခုနှစ်အတွင်း ၁၁ မှု ဆောင်ရွက်နိုင်ခဲ့ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် စားသောက်ကုန်ပစ္စည်းများ တင်ပို့တင်သွင်းရာတွင် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနရဲ့ စိစစ်ထောက်ခံချက်ပါရှိမှသာ ခွင့်ပြုပေးလျက်ရှိခြင်း၊ ပြည်ပမှဆေးဝါးများတင်သွင်းခြင်းကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်မှ ထုတ်ပေး သည့် ဆေးဝါးတင်သွင်းခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ် (Drug Registration Certificate) များ တင်ပြ နိုင်မှသာလျှင် တင်သွင်းခွင့်လိုင်စင် ခွင့်ပြုလျက်ရှိပါတယ်။

          မြန်မာနိုင်ငံတွင် အရည်အသွေးမပြည့်မီဘဲ ဘေးဖြစ်စေနိုင်သော အစားအသောက်နှင့် ဆေးဝါး များကြောင်‌့ အန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ရေးဆွဲပြုစုပြီး အဆိုပါဥပဒေမူကြမ်းအား အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီး ပြည်သူလူထုဘာသာရပ်ဆိုင်ရာ ပြည်တွင်း/ပြည်ပကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များထံမှ အကြံပြုချက်များရယူ၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ဒုတိယမူကြမ်းကို ပြုစုခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့၍ အကြံပြုချက်များ တောင်းခံ ထားဆဲ ဖြစ်ပါတယ်။ နယ်စပ်ဒေသများမှ တစ်ဆင့် တရားမဝင်စားသုံးကုန်များအပါအဝင် တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင် ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရန် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှစ၍ လှုပ်ရှားရှာဖွေတားဆီးရေးအဖွဲ့၊ (Mobile team) များကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ဖွဲ့စည်း၍ မူဆယ်-မန္တလေးနှင့် မြဝတီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းများတွင် လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းများ တွင်လည်းကောင်း စစ်ဆေးတားဆီးဆောင်ရွက်လျက်ရှိပါတယ်။  စစ်ဆေးဖမ်းဆီးရမိတဲ့ ပစ္စည်းများအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန၏ စိစစ်ချက်အရ စားသုံးရန်သင့်ပါက လိုင်စင်လျှောက်ထား၍ ပြန်လည်ထုတ်ပေးခြင်း၊ စားသုံးရန်မသင့်သည့်ပစ္စည်းများတွေ့ပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများရှေ့တွင် မီးရှို့ဖျက်ဆီးခြင်း၊ ပညာပေးကာလကျော်လွန်သည့် ၂၀၁၃ ဇန်နဝါရီလမှစ၍ တရားမဝင်ပစ္စည်းဖမ်းဆီးရရှိမှုများအား ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဝင်ပေါက်များဖြစ်သည့် ပင်လယ်ရေကြောင်းနှင့် လေကြောင်းတို့မှ ဝင်ရောက်လာသော သွင်းကုန်ပစ္စည်းများအနက် ပြည်သူလူထုကို အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်နှင့် အိမ်သုံးဆေးဝါးတင်သွင်းမှုများကို ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်၊ ဆေးဝါးမှတ်ပုံတင်လက်မှတ် (DRC) များနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ပြီးမှသာ ခွင့်ပြုပေးလျက်ရှိပါတယ်။ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော အထောက် အထားပြည့်စုံစွာ တင်ပြနိုင်မှုမရှိသော စားသောက်ကုန်နှင့် အိမ်သုံးဆေးဝါးများကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ တားဆီးဖမ်းဆီးခြင်းနှင့် စနစ်တကျဖျက်ဆီးခြင်းများကို ဆောင်ရွက် လျက်ရှိပါတယ်။ ရန်ကုန်လေဆိပ်နှင့် ရေဆိပ်မှ တင်သွင်းလာတဲ့ သွင်းကုန်များနှင့် ပြည်သူလူထု အန္တရာယ်ဖြစ်စေနိုင်တဲ့ စားသောက်ကုန်နှင့်ပစ္စည်းများကို ၂၀၁၀-၂၀၁၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ဖမ်းဆီးမှု ၁၅၇ မှု၊ ဖျက်ဆီးမှု ၆ ကြိမ်၊ ၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာရေးနှစ်တွင် ဖမ်းဆီးမှု ၃၃၁ မှု၊ ဖျက်ဆီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ နယ်စပ်ဒေသအသီးသီးရှိ OSS One Stop Center ကုန်သွယ်ရေး စခန်းများမှ တင်သွင်းလာသည့် စားသောက်ကုန်များနှင့် အိမ်သုံးဆေးဝါးများကို အလားတူစစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။ နယ်စပ်ဝင်ပေါက်အသီးသီးမှ စစ်ဆေးရေးစခန်းများအား ရှောင်ကွင်း၍ တရားမဝင်မှောင်ခို တင်သွင်းလာသည့် စားသောက်ကုန်နှင့်  အိမ်သုံးဆေးဝါးများကို နယ်စပ်ဒေသ အသီးသီးနှင့် ကုန်သွယ်မှု လမ်းကြောင်းများတစ်လျှောက်ရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး ဝန်ထမ်းများမှ ရှာဖွေဖော်ထုတ် ဖမ်းဆီးသိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။

          ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးအသီးသီးမှ ပြည်သူလူထုအန္တရာယ်ဖြစ်စေနိုင်တဲ့ စားသောက်ကုန်နှင့်ဆေးဝါးများ ဖျက်ဆီးဆောင်ရွက်ခဲ့မှုအနေ ဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဖမ်းဆီးမှု ၁၅၉ မှု၊ ဖျက်ဆီးမှု ၄၄ ကြိမ်၊ ၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာရေးနှစ်တွင် ဖမ်းဆီးမှု ၁၁၁ မှု၊ ဖျက်ဆီးမှု ၂၄ ကြိမ်နှင့် ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ်တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ ဖမ်းဆီးမှု ၈၈ မှု၊ ဖျက်ဆီးမှု ၁၁ ကြိမ်ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ပြည်သူလူထုအား အန္တရာယ်ဖြစ်စေနိုင်သော စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ လျော့နည်းပပျောက်စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီများ ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စစ်ဆေးဖော်ထုတ်နိုင်ရေးအတွက် အရှိန်အဟုန် မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်တင်ပြဖြေရှင်းပါသည်။