မိမိအနေဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းဝေး (၂၆) ရက်မြောက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျေးရွာများလျှပ်စစ်မီးလင်းနိုင်စေရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးပေးမည့်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်က မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆင်းရဲမှုလျှော့ချနိုင်ရေး အတွက် ဂျပန်နိုင်ငံအစိုးရမှပေးမည့် တရားဝင်ကူညီ ချေးငွေ (ODA) အစီအစဉ်တွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ ၁၆ ရွာသို့ဓာတ်အားပေးရန် ထည့်သွင်းပေးပြီး ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး အေဂျင်စီ (JICA) နှင့်ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းလုပ်ငန်းများသည် ကျေးရွာများ သို့ လျှပ်စစ်ဓာတ်အားရရှိစေရန် ဒီဇယ်ဓာတ်အားပေးစက်များဝယ်ယူခြင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းများ တည်ဆောက်ပေးခဲ့ပြီးဖြစ်၍ ပင်းတယမြို့နယ်အတွင်ရှိ ကျုံးကျေးရွာ၊ ပွေးလှေကျေးရွာမျာတွင် လျှပ်စစ် ဓာတ်အားရောက်ရှိ အသုံးပြုလျက်ရှိကြောင်းဟူ၍ ရှင်လင်းဖြေကြားရာတွင် ပင်းတယမြို့အတွက်သာဖြစ်ပြီး ကျန်ဓနုဒေသနယ်မြေတစ်ခု ဖြစ်သော ရွာငံမြို့နယ်အတွင်း၌ လုံးဝပါဝင်ခြင်းမရှိကြောင်း၊ ထို့နောက် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ် ဝန်ကြီးဌာနအလိုက် ရသုံးလျာထားခန့်မှန်းချေ ငွေစာရင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အသေးစားရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ခြင်း၊ ကျေးရွာများကို လျှပ်စစ်မီးသွယ်တန်းခြင်းများ ပါရှိရာ ပင်းတယမြို့နယ် ၇ ရွာ၊ တန်းဖိုးငွေ ၂၂၄.၃၇၅ သန်း လျာထားရာတွင် ရွာငံမြို့နယ်အတွက် ကိုယ်ထူးကိုယ်ထ မီးလင်းပြီးရွာတစ်ရွာသာ ပါရှိခဲ့သဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်မျိုးနှင့် ညီတူမျှသူဖွံ့ဖြိုးတိုးတက်လာစေရန် ယခုကဲ့သို့ တစ်ဖက်သတ်လျာထားချက်များအား နိုင်ငံတော်မှမည်ကဲ့သို့ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် တောင်ပိုင်းရွာငံ မြို့နယ်သည် ယခင်က ကင်းတားရေအားလျှပ်စစ်စက်ရုံမှ ၁၁ကေဗွီလိုင်းဖြင့် ဓာတ်အားရယူပြီး ရွာငံတစ်မြို့တည်းသာ မီးလင်းခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ပင်းတယ-ရွာငံ ၃၃ ကေဗွီလိုင်း ၂၈.၁ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေ ခွဲရုံ ၁ ရုံ တည်ဆောက်ပြီး ၃၀-၄-၂၀၁၃ ရက်နေ့မှာ ဓာတ်အားလွှတ်၍ မီးစတင်သုံးစွဲနေပြီဖြစ်ပါတယ်။ အဆိုပါ ဘဏ္ဍာရေးနှစ်အတွင်း၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအား လျှပ်စစ်ဓာတ်အားရရှိရေးနှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပင်းတယမြို့နယ်အတွင်း ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ လိုင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် ကျပ်သန်းပေါင်း ၂၉ သန်းခန့်သုံးစွဲခဲ့ပြီးတော့ ရွာငံမြို့နယ် မှာ ၃၃ ကေဗွီ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက် ခြင်းအတွက် ကျပ်သန်းပေါင်း ၉၇၆.၁ သန်း သုံးစွဲပြီးဖြစ်ပါတယ်။ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများ အတွက် တည်ဆောက်ပြီး ၃၃ ကေဗွီ ဓာတ်အားလိုင်းနှင့် ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ နည်းလမ်းနှစ်ခုဖြင့် ဓာတ်အားရယူနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ ၃၃ ကေဗွီ ဓာတ်အားလိုင်း အောက်ရှိ ကျေးရွာများအနေဖြင့် ၃၃.၄ ကေဗွီ ထရန်စဖော်မာ တည်ဆောက်ခြင်း၊ ဒုတိယတစ်ခုဖြစ်တဲ့ ရွာငံမြို့နယ်အနီး ပတ်ဝန်းကျင်ကျေးရွာများအနေနဲ့ ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေ ရွာငံခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းတို့ဖြစ်ပါတယ်။ ပင်းတယမြို့နယ်အတွင်း တည်ဆောက်ပေးထား သော ၁၁ ကေဗွီဓာတ်အားလိုင်းသည် ပင်မဓာတ်အားလိုင်းအဖြစ် တည်ဆောက်ပေးထားခြင်း ဖြစ်ပါ တယ်။ ဓာတ်အားရယူလိုသော ကျေးရွာများအနေနဲ့ ပင်မဓာတ်အားလိုင်းကနေပြီးတော့ ကိုယ့်အား ကိုယ်ကိုး ဓာတ်အားရယူနိုင်ပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ ပင်းတယမြို့နှင့် ရွာငံမြို့များအတွင်း JICA မှ ODA Loan ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ ၁၆ ရွာအနက် ရွာငံမြို့နယ်အတွင်းရှိ ညောင်ကုန်း၊ အလယ်ချောင်၊ မြိုင်၊ မြင်းကျဒိုး၊ ပွေးပြတ်၊ ယကြီးရွာ၊ ပွေးသာ၊ လေးရွာ၊ ညောင်ပင်ကျ၊ လက်ပံနှင့် မြေခြားရွာများ စုစုပေါင်း ၁၁ ရွာ ဓာတ်အားရရှိရေးအတွက် ကျပ်သန်းပေါင်း ၂၉၉.၄ သန်းအား လျာထားထားပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။
