(င)- မြစ်ဆုံစီမံကိန်းမှ ပြောင်းရွှေ့ခံထားရသော ဒေသခံများ အတွက် အနာဂတ်စီမံကိန်းများ၊ မြစ်ဆံုံရေအား လျှပ်စစ်စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်စာတမ်းများ စာတမ်းပါအကြောင်းရာများ ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၃.၇.၂၀၁၃)

ဧရာဝတီမြစ်၏ မြစ်ဖျားဒေသဖြစ်သော မြစ်ဆုံအတွင်းရှိ မြစ်ဆုံရွာအပါအဝင် ကျေးရွာတော်တော်များများသည် စီမံကိန်းအတွင်းမှာပါဝင်ခဲ့ပါ ကြောင်း၊ မြစ်ဆုံစီမံကိန်းသည် ဒေသခံများနှင့် မြန်မာနိုင်ငံတစ်ခုလုံးအတွက်လည်း အရေးကြီးကဏ္ဍအနေဖြင့် အလေးထားရသည့်ကိစ္စဖြစ်ပါသည့်အတွက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ရက်စွဲနဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်သည့်မေးခွန်းကိုမေးခွန်းခဲ့ကြောင်း၊ ဖြေကြားချက်ကို ဆဋ္ဌမပုံမှန် အစည်းအဝေးစတင် ကျင်းပသည့် အချိန်တွင် စာဖြင့်ပေးပို့ခဲ့သည့်ကိုလက်ခံရရှိခဲ့ကြောင်း၊  စာဖြင့်ဖြေကြားချက် အကျဉ်းကတော့ မြစ်ဆုံရေအားလျှပ်စစ်ဆိုင်ရာ ကိစ္စရပ်များမှာ ချုပ်ဆိုထားသော စာချုပ်စာတမ်း ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ပါ၍ မြစ်ဆုံဒေသခံ တိုင်းရင်းသားများကို မူလဒေသသို့ ပြန်လည် အခြေစိုက် နေထိုင်ခွင့်ပြုရန် လောလောဆယ်အစီအစဉ်မရှိပါကြောင်းလည်း ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ တစ်ဆက်တစ်စပ်တည်း သိလိုသည့်မေးခွန်းကိုလည်း စာဖြင့်ဖြေကြားသောကြောင့် မေးမြန်းခွင့်မရရှိခဲ့ပါကြောင်း၊ သိလိုသည့်မေးခွန်းကတော့ စာချုပ်စာတမ်းပါ အကြောင်းအရာများကို သိလိုပါကြောင်း၊ တဖန် ရှင်းလင်းချက်တွင်ပါသော ဒေသခံများအတွက် အစီအမံများသည် ယခင်ဆောင်ရွက်ပြီးသောကိစ္စရပ် များဖြစ်နေသည်ကို တွေ့ရှိရပါကြောင်းနှင့် ဒေသခံများသိလိုတဲ့ကိစ္စသည် အနာဂတ်အစီအမံများဖြစ်သည့် အတွက် ပြန်လည်မေးမြန်းရခြင်း ဖြစ်ကြောင်း  ဦးစွာတင်ပြပြီး၊ ယခုအခါ မလီဆိုတောင်ဘက်နဲ့ လက်ဖက်ရွာများကို အောင်မြင်သာစံပြကျေးရွာတွင် လည်းကောင်း၊ ဒေါင်းပန်နဲ့ အောင်ကြာယန်ကျေးရွာတို့ကို လိယန်ကျေးရွာတွင်လည်းကောင်း ပြောင်းရွှေ့ထားခဲ့ပြီး အဆိုပါ နေရာများသည် ၎င်းတို့၏မူလနေရာများနှင့်များစွာကွာခြားလှပါကြောင်း၊ တာဝန်ရှိသူတွေ၏ ဆောင်ရွက်ပေးထားမှုသည် ၎င်းတို့ဘဝအတွက် မည်သို့မျှအဆင်မပြေနိုင်ကြောင်း၊ ယခင်ကထက် များစွာဒုက္ခရောက်နေသည့် အတွက် ဒေသခံများ၏ တစ်ညီတစ်ညွတ်တည်းသောဆန္ဒသည် မူလဒေသသို့သာ ပြန်ချင်ကြောင်း၊ ၊ထို့ကြောင့် ဝန်ကြီးဌာနကို မေးခွန်းနှင့်အတူ ဒေသခံများ၏ အခက်အခဲ၊ဓာတ်ပုံမှတ်တမ်းများ၊ ဒေသခံတွေ၏ ရင်ဖွင့်သံတွေနှင့် အတူ ပြည့်ပြည့်စုံစုံ ပေးအပ်ခဲ့ပါကြောင်း၊ ၎င်းတို့နေထိုင်ရာဒေသရှိ ကျောက်တုံးကျောက်ခဲများ၊ မနှစ်ကမိုးတွင်း၌ ရေကြီးမှုများ ၊ နောက်ဆုံး သင်္ချိုင်းသွား သည့်နေရာ တွင်ပင် မိုးတွင်း ကာလတွင် ဒူးလောက်ရှိသော နေရာဖြတ်သွားမှ ထိုတောင်ကုန်းပေါ်သို့ ခက်ခက်ခဲခဲ တက်ရပါသည် ဟု ဒေသခံတွေက ပြောပြခဲ့ပါကြောင်း၊ယခုအခါ စီမံကိန်းဧရိယာအတွင်း မှ ပြောင်းရွှေ့ခံထားရသောရွာများနှင့် မပြောင်းရွှေ့သေး သောရွာများတွင် ကျောင်းများမရှိတော့သည့်အတွက် ၎င်းတို့၏သားသမီးများသည် ကျောင်းလုံးဝ မတက်ရတော့သည့် အနေအထားကိုလည်း တင်ပြလိုပါကြောင်း၊ထို့ကြောင့် အောက်ပါမေးခွန်းများ ကို မေးမြန်းလိုကြောင်း၊

(၁) မြစ်ဆုံစီမံကိန်းမှ ပြောင်းရွှေ့ခံထားရသော ဒေသခံလူထုအတွက် အနာဂတ်အစီအမံများကို သိလိုပါသည်။

(၂)မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်စာတမ်းပါ အကြောင်းအရာအချက် အလက်များကို သိရှိနိုင်ရန်နှင့် လွှတ်တော်တွင် ရှင်းလင်း တင်ပြပေးနိုင်ရေးတို့ကို မေးမြန်းခဲ့ပါသည်။

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယခင်အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရရဲ့ နိုင်ငံပိုင် အဖွဲ့အစည်း (State Own Enterprise) ဖြစ်တဲ့ China Power Investment Corporation (CPI) တို့ဟာ ဧရာဝတီမြစ်ဆုံ-မြစ်ညှာ မြစ်ဝှမ်း အထက်ပိုင်းရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ဖြစ်နိုင်/မဖြစ်နိုင် အစီရင်ခံစာ Pre-feasibility Study Peport ပြုစုနိုင်ဖို့ အတွက် စူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ရန် ၂၈-၁၂-၂၀၀၆ ရက်နေ့မှာ နားလည်မှုစာချွန် လွှာ  (MOU) Memorandum of Understanding ကိုလည်းကောင်း၊ သဘောတူညီမှုစာချုပ် (MOA) Memorandum of Agreement ကို ၁၆-၉-၂၀၀၉ ရက်နေ့မှာလည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးခဲ့တဲ့ (MOA) Memorandum of Agreement မှာ အခန်းပေါင်း ၈ ခန်းပါဝင်ပြီးတော့ အပိုဒ် ၃ အပိုဒ်ခွဲ (၃-၁-၄) အပိုဒ်ခွဲငယ်(စ)မှာ စီမံကိန်း တည်ဆောက်မှုကြောင့် ပြောင်းရွှေ့ပေးရတဲ့ ဒေသခံပြည်သူများအတွက် မူလလူနေမှုအဆင့်အတန်း ထက် မနိမ့်ကျစေဘဲ ပိုမိုမြင့်မားတဲ့လူမှုဘဝများ တည်ဆောက်ပေးရန် ဖော်ပြပါရှိပါတယ်။

          ထို့အပြင် ဖက်စပ်စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် မြစ်ဆုံစီမံကိန်းဆိုင်ရာ ဖက်စပ်သဘောတူညီချက်စာချုပ် (JVA) Joint Venture Agreement ကို ၂၀-၁၂-၂၀၀၉ ရက် နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးခဲ့ပြီးတဲ့ (JVA) Joint Venture Agreement တွင် အခန်းပေါင်း ၃၃ ခန်း ပါဝင်ပြီးတော့ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ဧရာဝတီမြစ်ဆုံ-မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်ကို ဖဲှ့စည်းတည်ထောင်ခဲ့ပြီး ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် MOU၊ MOA၊ JVA များချုပ်ဆိုရာမှာချုပ်ဆိုမည့် စာချုပ်မူကြမ်းများကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖံှ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့ရဲ့ သဘောထားမှတ်ချက်နှင့်အတည်ပြု မှတ်ချက်များ ရယူပြီးတော့ သက်ဆိုင်ရာဌာနကြီးများရဲ့ သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ပြုစုပြီး စာချုပ် များကို လက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။

          မြစ်ဆုံစီမံကိန်းတည်ဆောက်ခြင်းကြောင့် တည်ဆောက်ရေးလုပ်ငန်းခွင် ဧရိယာအတွင်းမှာ ကျရောက်တဲ့ တန်ဖဲ၊ မြစ်ဆုံ၊ ခပ္ပါး၊ ဒေါင်ပန်နှင့် ကျိန်ခရန်ကျေးရွာ ၅ ရွာအတွက် မလိယန် စံပြကျေးရွာ နှင့်အောင်မြင်သာစံပြကျေးရွာသစ် ၂ ရွာကို ၂၀၁၀ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှစတင်ပြီးတော့ တည်ထောင်ပေးတဲ့အခါမှာ ကျေးရွာ ၅ ရွာမှ အိမ်ထောင်စုများအား ၂၈-၅-၂၀၁၀ ရက်နေ့မှ ၂၀-၅-၂၀၁၁ ရက်နေ့အတွင်း အိမ်ထောင်စု ၄၀၈ စု၊ လူဦးရေ ၂၁၄၆ ဦးအား ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးတော့ စနစ်တကျပြောင်းရွှေ့ပေးခဲ့ပါတယ်။ အဆိုပါ ကျေးရွာ ၅ ရွာမှ အိမ်ထောင်စုများအတွက် အခြေခံအဆောက်အဦများတည်ဆောက်ခြင်း၊ လူနေအိမ်နှင့်အဆောက်အဦ များဆောက်လုပ်ခြင်း၊ လူမှုရေး၊ ဘာသာရေးအဆောက်အအုံများဆောက်လုပ်ခြင်း လယ်ယာမြေ ဖော်ထုတ်ခြင်း၊ သစ်သီးခြံနှင့် စီးပွားဖြစ်သစ်ပင်များအတွက် လျော်ကြေးငွေပေးအပ်ခြင်း၊ မိသားစုများ ပြောင်းရွှေ့နေရာချထားမှုနှင့် ထောက်ပံ့မှုများပေးအပ်ခြင်းနှင့်အခြားကုန်ကျစရိတ်များ အပါအဝင် ပြောင်းရွှေ့ကျေးရွာ ၅ ရွာအတွက် သုံးစွဲခဲ့သည့် ပြန်လည်နေရာချထားရေး ကုန်ကျစရိတ် စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၆၆၉၁.၉၃ ဖြစ်ပါတယ်။

          ထို့အပြင် သောက်သုံးရေရရှိရေးအတွက်လည်း ကျိန်ခရန်ချောင်းဘေးမှာ ကွန်ကရစ် ရေလှောင်ဂါလန် ၂ သိန်းဆံ့ ရေကန်တစ်လုံးတည်ဆောက်ပြီး ၂၄ နာရီရေရရှိအောင် ဆောင်ရွက် ထားပေးခဲ့ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးရွာဖံှ့ဖြိုးရေးကဏ္ဍများအနေဖြင့် အောင်မြင်သာစံပြကျေးရွာမှာ အလယ်တန်းကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၂ ကျောင်း၊ ၁၆ ကုတင်ဆံ့ ပြည်သူ့ဆေးရုံ ၁ ရုံ၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂ ကျောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၁ ရုံး၊ စာတိုက်ရုံး ၁ ရုံး၊ ရဲစခန်း ၁ ခုနှင့် မီးသတ်ရုံး အဆောက်အဦများကို တည်ဆောက်ပေးထားပြီးဖြစ်ပါတယ်။ ကျေးရွာအတွင်းမှာရှိတဲ့လမ်းများကို ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ပေးခဲ့ရာ ကွန်ကရစ်လမ်း ၂၄၅၀၀ ပေ ဖောက်လုပ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ လျှပ်စစ်မီးရရှိရေးအနေနဲ့ ကွန်ကရစ်ဓာတ်တိုင်များဖြင့် ဓာတ်အားလိုင်းများ ဆောင်ရွက် ပေးထားပြီးတော့ ညစဉ်မီးစက်ဖြင့် လျှပ်စစ်မီးပေးဝေလျက်ရှိပါတယ်။ မလိယန်ကျေးရွာ၌လည်း ကျေးရွာဆေးပေးခန်း၊ မူလတန်းကျောင်း ၁ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၂ ကျောင်း ဆောက်လုပ်ပေးထားခဲ့ပါတယ်။

          ဤသို့ နေရာထိုင်ခင်းဆောင်ရွက်ပေးမှုများသည် MOA သဘောတူစာချုပ် အပိုဒ် ၃ အပိုဒ်ခွဲ (၃-၁-၄) အပိုဒ်ခွဲငယ်(စ)တွင် စီမံကိန်းတည်ဆောက်မှုကြောင့် ပြောင်းရွှေ့ပေးရသည့် ဒေသခံပြည်သူ များအတွက် မူလလူနေမှုအဆင့်အတန်းထက် မနိမ့်ကျစေဘဲ ပိုမိုမြင့်မားသည့် လူမှုဘဝများ တည်ဆောက်ပေးရန်ဟူ၍ ဖော်ပြပါရှိထားသည့်အတိုင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့လမ်းညွှန်မှု ဖြင့် ဧရာဝတီမြစ်ဆုံ၊ မြစ်ညာ-မြစ်ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်မှ စိုက်ထုတ်အကုန်အကျခံပြီး ဒေသခံပြည်သူများအား အဆင့်မြင့်မြင့်နေထိုင်နိုင်ရန်ဆောင်ရွက်ပေးခြင်း၊ လျော်ကြေးငွေများပေးအပ် ခြင်းနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကျေးရွာဖံှ့ဖြိုးရေးကဏ္ဍများကို ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါ တယ်။

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ၃၀-၉-၂၀၁၁ ရက်နေ့ လွှတ်တော်များသို့ သဝဏ်လွှာပေးပို့တဲ့ အချိန်မှစပြီး ယခုအချိန်အထိ မြစ်ဆုံစီမံကိန်းအကောင် အထည်ဖော်တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများအားလုံးအား ရပ်ဆိုင်းထားခဲ့ပါတယ်။ စီမံကိန်းရပ် ဆိုင်းထားခြင်းကြောင့် မြစ်ဆုံစီမံကိန်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် စက်ပစ္စည်း၊ ယာဉ်ယန္တရားမျိုးစုံ ၁၂၄၀ Sets ကိုလည်း ယခုအခါမှာ ပြန်လည်ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

          ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်းအပေါ်မှာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့် ချုပ်ဆိုထားသော စာချုပ်စာတမ်းပါ အချက်အလက်များကို အခြေခံပြီး တော့ ဒေသခံပြည်သူများအတွက် အစီအမံများကို နဂိုမူလအနေအထားထက်မနိမ့်ကျစေသော အစီအမံများဖြင့် စီမံဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာ စီမံကိန်းရပ်ဆိုင်းထားရှိမှုကြောင့် ဒေသခံပြည်သူများအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံ၊ အစီအစဉ်များနှင့်စပ်လျဉ်းပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ပြီးတော့ အကောင်းဆုံးဖြစ်စေမည့် အစီအမံ၊ အစီအစဉ် များကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားပါသည်။