(က) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ယခင် ကုန်သွယ်ရေးဝန်ကြီးဌာနက ယင်းဌာနတွင် ၁၇ နှစ်၊ ၁၈ နှစ်ကြာ အစိုးရအဆက်ဆက် ယာဉ်မောင်းများ အဖြစ်ဆောင်ရွက်ခဲ့ကြသည့် ဝါရင့်ယာဉ်မောင်းကြီးများအား ယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ရှင်ဘဝသို့ ရောက်ရှိရေးစီစဉ်ဆောင်ရွက်ခဲ့ရာ စလစ်တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းအထိ ယာဉ်မောင်းများအားတိုးပေး ရန်၊ ယခင် ၃ လမှ ယခု ၁ လအတွင်း ဝယ်ယူရန်နှင့် ဘဏ်ချေးငွေနဲ့ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန် အချက် ၃ ချက်ကို ၆-၁၂-၂၀၁၂ ရက်နေ့က ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်လွင်နှင့် ယာဉ်မောင်းများသဘောတူခဲ့သည်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သိပါသလား။ (ခ) ထိုသို့သဘောတူခဲ့ပြီးဖြစ်သော်လည်း အဆိုပါယာဉ်မောင်းကြီးများအား ဆက်လက် ရောင်းချပေးခြင်းမရှိသေးသောကြောင့် ယာဉ်မောင်းများအနေဖြင့် နေ့စဉ် Owner ကြေး ၁၀၀၀၀ ပေးသွင်းနေရသည်ဖြစ်ရာ ၁ လနောက်ကျသည်နှင့်ကျပ် ၃ သိန်းနစ်နာနေသောကြောင့် ရောင်းချခွင့် တောင်းခံခဲ့သည်မှစပါက ၃ လကျော်လာပြီးဖြစ်၍ ယာဉ်မောင်းများအနေဖြင့် များစွာနစ်နာနေသည်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သိပါသလား။ (ဂ) သိပါက အဆိုပါ ယာဉ်မောင်းများ၏နစ်နာမှုအပေါ် မည်သို့ကုစားဆောင်ရွက်ပေးမည်ကို သိလိုသည့်အတွက် မေးမြန်းပါသည်။
ဝန်ကြီးဌာနအနေနဲ့ အငှား ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီကို ယာဉ်မောင်းများရဲ့ ကိုယ်စားလှယ် ခေါင်းဆောင်များနဲ့တွေ့ဆုံစေ ပြီး အငှားယာဉ်မောင်းများရဲ့ဆန္ဒသဘောထားများကို နားထောင်စေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အငှားယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနဲ့ ၁ ကြိမ်၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ အငှားယာဉ် လုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ၁ ကြိမ် တွေ့ဆုံဆွေးနွေး စေခဲ့ပြီး အငှားယာဉ်မောင်းများရဲ့ဆန္ဒကိုရယူခဲ့ပါတယ်။ ယာဉ်မောင်းများရဲ့တင်ပြညှိနှိုင်းမှုတွေက တော့ ယာဉ်ကာလပေါက်ဈေး၏ ၆၀ ရာခိုင်နှုန်းဖြင့် အမည်ပေါက်ယာဉ်မောင်းများကို ရောင်းချ ပေးရန်၊ ယာဉ်ရောင်းချရာတွင် ဆိုင်းငံ့ကာလ ၃ လအတွင်းကျသင့်ငွေအားပေးသွင်းရန်၊ တိုက်ရိုက် ပေးသွင်းရန် အခက်အခဲရှိသူများနှင့် ပြင်ပတွင်ငွေသားဖြင့်ချေးငှား၍ ဝယ်ယူခြင်း အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံသားများဘဏ်မှ အရစ်ကျပေးဆောင်သောစနစ် (Hire Purchase) စနစ်ဖြင့် ချေးငွေထုတ်ပေးရေးညှိနှိုင်း ဆောင်ရွက်ပေးရန်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ ယာဉ်မောင်းများရဲ့ အဆိုပြုချက်တွေကို အငှားယာဉ်ကြီးကြပ်ရေးကော်မတီမှ ဝန်ကြီးဌာနသို့တင်ပြ ခဲ့တဲ့အတွက် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီမှာ အဆိုပါအဆိုပြုချက်များကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ညှိနှိုင်းဖြေရှင်းနိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်များကတော့-
(က) အငှားယာဉ်မောင်းများအား ပြန်လည်ရောင်းချပေးရန်၊ အငှားယာဉ်လုပ်ငန်းကို စနစ်တကျ စာရင်းရှင်းလင်း ဖျက်သိမ်းသွားရေးနှင့် တင်ပြလမ်းညွှန်မှုခံယူနိုင်ရေးစီစဉ် ဆောင်ရွက်ရန်၊
(ခ) အငှားယာဉ်လုပ်ငန်းမှ စီမံအုပ်ချုပ်မှုကိစ္စအဝဝအတွက် လက်ရှိခန့်ထားတဲ့ ဝန်ထမ်း ၇၀ နီးပါး အတွက်လည်း နစ်နာမှုမရှိအောင် သင့်တော်တဲ့အစီအစဉ်တွေကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။
ဒါကြောင့် အငှားယာဉ်လုပ်ငန်းအား စနစ်တကျဖျက်သိမ်းရေးအစီအစဉ်ကို နိုင်ငံတော် သမ္မတရုံးသို့တင်ပြခဲ့ရာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့အတွက် မူလယာဉ်မောင်းများအား ဈေးနှုန်းသတ်မှတ် ရောင်းချပေးနိုင်ရန်အတွက် အငှားယာဉ်လုပ်ငန်းစာရင်း ရှင်းလင်းဖျက်သိမ်းရေး လုပ်ငန်းကော်မတီနှင့် မော်တော်ယာဉ်များဈေးနှုန်းသတ်မှတ်ရေးနှင့် ထုခွဲ ရောင်းချရေးဆပ်ကော်မတီ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးဆပ်ကော်မတီ၊ ပုံသေပိုင်ပစ္စည်းများစာရင်း ကောက်ယူရေးဆပ်ကော်မတီစတဲ့ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများကို စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဆိုပါ ယာဉ်မောင်းများမှလည်း ကျွန်တော့်ထံ လာရောက်ပြီး ၎င်းတို့ရဲ့ဆန္ဒများတင်ပြခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့လည်းပဲ ယာဉ်မောင်းများရဲ့ အခက်အခဲတွေကို စနစ်တကျဆောင်ရွက်ဖြေရှင်းပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒီအတွက် ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ နိုင်ငံတော်သမ္မတကြီးရဲ့ စီစဉ်ဆောင်ရွက်ပေးမှု ကြောင့် အငှားယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ဘဝသို့ရောက်ရှိမှာဖြစ်တဲ့အတွက် ယာဉ်မောင်းအားလုံးမှ ကျေးဇူးတင်လျက်ရှိကြောင်းနှင့် ၎င်းတို့ဆန္ဒကို ထုတ်ဖော်ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။ ။ ပြည်သူ့လွှတ်တော်နည်းဥပဒေပုဒ်မ ၁၁၆ (ဃ) အရ တစ်ဆက်တစ်စပ်တည်းမေးလိုတဲ့မေးခွန်းကတော့ ခုန ဝန်ကြီးဖြေကြားတဲ့စီစဉ်ဆောင်ရွက်ပေးမှု များနှင့်ပတ်သက်၍ ယာဉ်မောင်းဘဝမှ ယာဉ်ပိုင်ဘဝသို့ရောက်ရှိလိုတဲ့ လုပ်သားများရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ဆက်တစ်စပ်တည်းမေးလိုတဲ့မေးခွန်းကတော့ ခုနက ဝန်ကြီးတင်ပြသွားတဲ့အတိုင်းပေါ့။ ယာဉ်မောင်းဘဝကနေ ယာဉ်ပိုင်ဘဝကို ဘယ်အချိန်လောက် မှာ သူတို့ရောက်ရှိမယ်ဆိုတဲ့ခန့်မှန်းကာလလေးတော့ ရှင်းလင်းဖြေကြားပေးပါလို့ မေတ္တာရပ်ခံအပ်ပါ တယ်။
ဦးဝင်းမြင့် (ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)။ ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မေးမြန်းထားတဲ့ မေးခွန်းနှင့်ပတ်သက်လို့ ကျွန်တော် ဖေဖော်ဝါရီလအတွင်းမှာအပြတ် ယာဉ်မောင်းများနဲ့ညှိနှိုင်းပြီး ဆောက်ရွက်ပေးသွားမှာဖြစ်ပါတယ်။
