(စ)-မန္တလေးဆေးတက္ကသိုလ် ပညာသင်ယူခွင့် ရပ်စဲခြင်းခံရသော ကျောင်းသား/ ကျောင်းသူများအား ချမှတ် ထားသော စည်းမျဉ်း၊ စည်းကမ်းများအား ဖြေလျော့၍ ဆေးတက္ကသိုလ် (မန္တလေး)သို့ ဆေးပညာပြန်လည် သင်ယူခွင့်ပြုရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေး (၁၁) ရက်မြောက်နေ့ (၃၀.၁.၂၀၁၃)

မန္တလေးဆေးတက္ကသိုလ်မှာ ဆေးပညာဘာသာရပ်သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများဟာ  တစ်နှစ်မှာ ကျောင်းသားဦးရေ ၁၀၀ ကျော်  အကြောင်းအမျိုးမျိုး ကြောင့် ပညာသင်ယူခွင့်ရပ်စဲခြင်းခံခဲ့ရပါတယ်။ လေးနှစ်အတွင်း ပညာသင်ယူခွင့် ရပ်စဲခြင်းခံရတဲ့ ဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူဦးရေ ၄၀၀ ကျော်ရှိပါတယ်။ တခြားဆေးတက္ကသိုလ် ၃ ကျောင်းက ပညာသင်ယူခွင့်ရပ်စဲခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူဦးရေမှာ တစ်နှစ်ကို ၁၅ ယောက် ပင်မပြည့်ပါဘူး။ အခြားဆေးကျောင်းနှင်‌့ မန္တလေးဆေးတက္ကသိုလ် ကျောင်းတို့နှိုင်းယှဉ်လျှင် မန္တလေး ဆေးတက္ကသိုလ်မှ ပညာသင်ယူခွင့်ရပ်စဲခြင်းခံခဲ့ရတဲ့ ဆေးကျောင်းသား ကျောင်းသူဦးရေဟာ အဆမတန်များပြားလာပါတယ်။ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူတို့ဟာ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှာ နှစ်ရှည်လများ ကြိုးစားလာခဲ့ပြီး အတန်းတိုင်း မှာ အရည်အချင်းပြည့်မီသူများအဖြစ် ဘဝကိုဖြတ်သန်းခဲ့ရသူများလည်းဖြစ်ကြတာနှင့်အညီ ဆေးတက္ကသိုလ်သင်ကြားခွင့် ဝင်ခွင့်အမှတ်ပြည့်မီမှသာ ဆေးတက္ကသိုလ်တက်ရောက် သင်ကြားခွင်‌့ ရကြသူများလည်း ဖြစ်ကြပါတယ်။ ဆေးကျောင်းတက်စဉ် ဆေးတက္ကသိုလ် စည်းမျဉ်းစည်းကမ်းအရ ပညာသင်ယူခွင်‌့ရပ်စဲခြင်းခံခဲ့ရသော်လည်း ဒီဆေးကျောင်းသား ကျောင်းသူတို့ရဲ့ အကျင့်စာရိတ္ထအရာ မှာ အဘက်ဘက်ကနေပြီးတော့ မှတ်ကျောက်အတင်ခံနိုင်ကြသူများလည်း ဖြစ်ကြပါတယ်။ ယခင် ပါမောက္ခချုပ်ဒေါက်တာ တစ်ဦးရဲ့ လက်ထက်မှာ (3-F) သုံးခါကျပြီးသော်လည်းပဲ ပညာသင်ယူခွင့် ရပ်စဲထားသော ကျောင်းသားများကို ပြန်လည်သင်ခွင့်ပေးတဲ့အတွက် ထိုကျောင်းသားများဟာ ဆရာဝန်ဖြစ်လာရုံတင်သာမကပဲ မြန်မာနိုင်ငံရဲ့ကျန်းမာရေးဆေးလောကမှာ အဆင့်မြင့် တာဝန်များကို ထမ်းဆောင်နေကြသော အထူးကုဆရာဝန်ကြီးများ၊ လူတိုင်းလေးစားရသော နိုင်ငံကျော် ဆရာဝန်ကြီး များဖြစ်လာတာ သာဓကများလည်း ရှိပါတယ်။ ဒါ့အပြင် ၂၀၀၉-၂၀၁၀ ခုနှစ်များမှာ သုံးခါကျပြီး ထွက်ပြီးမှ သနားညှာတာမှုဖြင့် ကျောင်းပြန်တက်ခွင့်ရခဲ့ကြလို့ ဆရာဝန်ဖြစ်ကြတဲ့ သာဓကတွေလည်း ရှိခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၃ (ခ) အရ အမည်နာမများကိုတော့ ကျွန်တော့်အနေနဲ့ ဖော်ပြခြင်းမပြုတော့ပါဘူး။

နိုင်ငံတော်အတွက် အရေးပါလှသော လူ့စွမ်းအားအရင်းအမြစ်များ ရရှိစေ ရန် နိုင်ငံတကာ၌ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသော မြန်မာပညာရှင်များကို ပြန်လည် ဖိတ်ခေါ်နေချိန်တွင် မိမိတို့တိုင်းပြည်အတွင်းရှိ လူသားအရင်းအမြစ် အစစ်အမှန်ဖြစ်သော ဆေးတက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ပညာသင်ယူခွင့်ရပ်စဲလိုက်ခြင်းဟာ ကျောင်းသားမိဘ များအပါအဝင် ကျောင်းသားများနှင့်အတူ နိုင်ငံတော်အတွက်လည်း အလွန်ပင်နစ်နာလှပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၈မှာ နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသားအမျိုးသမီး ခွဲခြားမှုမထားရှိဘဲ ယင်းတို့၏ အရည်အချင်း အလိုက် ချီးမြှောက်ထောက်ပံ့မည်ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၆ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပုဒ်မခွဲ (က) မှာ ပညာသင်ကြားပိုင်ခွင့်ရှိသည်ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ တွင် နိုင်ငံတော် သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်ဟုလည်းကောင်း အတိအလင်းဖော်ပြ ထားပါတယ်။ သို့ဖြစ်ပါ၍ မန္တလေးဆေးတက္ကသိုလ်တွင် ဆေးတက္ကသိုလ်ပညာသင်ယူရင်း အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူခွင်‌့ရပ်စဲခြင်းခံခဲ့ရသော လွန်ခဲ့သော လေးနှစ်ခန့်က ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူများအား စာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ လူသားအရင်းအမြစ်ကို ပြန်လည်ဖော်ထုတ်စေလိုသော ဆန္ဒအရလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၆ ပုဒ်မခွဲ (က) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ တို့အရလည်းကောင်း၊ ခံစားခွင့် များရရှိခံစားနိုင်ရေး အလို့ငှာလည်းကောင်း မန္တလေးဆေးတက္ကသိုလ်ပညာသင်ခွင့် ရပ်စဲခြင်းခံခဲ့ရ သော ကျောင်းသား ကျောင်းသူများအား ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖြေလျှော့၍ ဆေးတက္ကသိုလ် (မန္တလေး)သို့ ဆေးပညာပြန်လည်သင်ယူခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ကိုယ်စားလှယ်တော်ကြီးတင်ပြသွားတဲ့ စာရင်းဇယားများနှင့် ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ပထမဦးစွာရှင်းလင်းတင်ပြပါ့မယ်။  ခုနက ကိုယ်စားလှယ်တော်ကြီးဆွေးနွေးသွားတဲ့ အချက်တွေထဲမှာ မန္တလေးဆေးတက္ကသိုလ်ရဲ့  ထုတ်ပယ်ခံရတဲ့ ကျောင်းသားများရဲ့ အရည်အတွက်များတယ်ဆိုတာက လည်း မှန်ပါတယ်။ သို့သော် ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသလို တခြားတက္ကသိုလ်တွေမှာ ၁၅ ဦး ခန့် တောင်မရှိဘူးဆိုတဲ့ဟာလေးနဲ့ ပတ်သက်ပြီးတော့ ၂၀၁၁ ခုနှစ်မှာ ဆေးတက္ကသိုလ် -၁ (ရန်ကုန်) ကနေပြီးတော့ ထွက်သွားတဲ့အတန်းခြောက်တန်းပေါင်းက ၅၁ ဦးရှိပါတယ်။ ဆေးတက္ကသိုလ် (မန္တလေး)က ၁၂၈ ဦး ရှိပါတယ်။ ဆေးတက္ကသိုလ်-၂ (ရန်ကုန်)က ၄၃ ဦးရှိပါတယ်။ ဆေးတက္ကသိုလ် (မကွေး)က ၃၇ ဦးရှိပါတယ်။ ဒါ့ကြောင့်မို့လို့ များသည်မှန်သော်လည်းပဲ တစ်ဝက်ခန့် ခုနက ပြောသလို အများကြီးကွာခြားတာမဟုတ်ပဲနဲ့ တစ်ဝက်ခန့်များတာ ဖြစ်ပါကြောင်း ဦးစွာပထမ ရှင်းလင်းဆွေးနွေး လိုပါတယ်။ နောက် ဒုတိယအချက်အနေနဲ့ကတော့ ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာဦးစီးဌာန အောက်မှာရှိတဲ့ ဆေးတက္ကသိုလ်တွေမှာ ကျွန်တော်တို့  စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်ပြီး တော့ ကလေးတွေဘက်ကို ဘယ်လောက်ထိ ကြည့်ထားတယ်ဆိုတဲ့ အချက်ကလေး ကျွန်တော်ဦးစွာ ပထမတင်ပြပါ့မယ်။

 ကျောင်းဝင်ခွင့်လျှောက်လွှာတင်သွင်းရန် ပျက်ကွက်ခြင်း၊ ကျောင်းတက်ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းမပြည့်မီခြင်း၊ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရန် ပျက်ကွက်ခြင်း၊ စာမေးပွဲခန်းသို့ စာမေးပွဲစတင်သည်မှ နာရီဝက်ထက်ကျော်လွန်ပြီးမှ ရောက်ရှိလာခြင်း၊ အတန်းတင်စာမေးပွဲများ၌ ဘာသာရပ်အားလုံးကျရှုံးခြင်းနှင့် ဖြေဆိုရမည့် ဘာသာရပ်တစ်ခုခုတွင် ဖြေဆိုရန် ပျက်ကွက်ပါက ဘာသာရပ် အားလုံးကျရှုံးဟု သတ်မှတ်ပြီးတော့ ကျတစ်ကျ သတ်မှတ်ခြင်းခံရပြီး နောက်ထပ် ပညာနှစ် တစ်နှစ် အစမှအဆုံးကျောင်းပြန်တက်ရောက်ရမှာဖြစ်ပါတယ်။ ပထမနှစ်သင်တန်းများမှာ စုစုပေါင်း ၇ ဘာသာ စာမေးပွဲဖြေဆိုရပြီးတော့ ၃ ဘာသာနှင့်အထက် ကျရှုံးပါက ကျတစ်ကျ သတ်မှတ်ခြင်းခံရ ပြီးတော့ နောက်ထပ်ပညာသင်နှစ်တစ်နှစ် ကျောင်းပြန်လည်တက်ရောက်ရပါတယ်။ တက်ရောက်ပြီး  တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိမှာဖြစ်ပါတယ်။ ထပ်မံကျရှုံးမယ်ဆိုရင် စာမေးပွဲ ၂ ခါကျသတ်မှတ်၍ ကျောင်း မှထုတ်ပယ်မှာ ဖြစ်ပါတယ်။ ဘာသာရပ်ထက်ဝက် ၂ ဘာသာနှင်‌့ အောက်ကျရှုံးပါက ၆ ပတ် အကြာမှာ နောက်ဆက်တွဲ စာမေးပွဲများမှာ ဝင်ရောက်ဖြေဆိုခွင့်ရှိပြီးတော့ အထက်ပါစာမေးပွဲတွင် ထပ်မံကျရှုံး ပါက စာမေးပွဲ ၂ ခါကျအဖြစ်သတ်မှတ်ပြီး ကျောင်းမှထုတ်ပယ်တာ ဖြစ်ပါတယ်။ ဒါပထမနှစ် သင်တန်း များ ဖြစ်ပါတယ်။ ဒုတိယနှစ်သင်တန်းများမှစပြီး နောက်ဆုံးနှစ်အပိုင်း(က)သင်တန်းများအထိ အတန်းတင် စာမေးပွဲများမှာ အနည်းဆုံးတစ်ဘာသာအောင်မြင်ပါက ကျန်ကျရှုံးတဲ့ ဘာသာရပ်များကို ၆ ပတ်အကြာ မှာ ကျင်းပပြုလုပ်မယ့် နောက်ဆက်တွဲ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရှိပါတယ်။ အဆိုပါစာမေးပွဲမှာ ထပ်မံကျရှုံးပါက စာမေးပွဲနှစ်ခါကျအဖြစ်သတ်မှတ်ပြီးတော့ ကျရှုံးသောဘာသာရပ်ကို နောက်ထပ် ပညာသင်နှစ် တစ်နှစ်အပြည့် ပြန်လည်တက်ရောက်ခွင့်ရှိပါတယ်။ နောက်ဆုံးအကြိမ် ဖြေဆိုပြီးမှသာ ၎င်းစာမေးပွဲမှာ ထပ်မံကျရှုံးမယ်ဆိုရင်တော့  သုံးခါကျ (3-F) အဖြစ်နဲ့ သတ်မှတ်ပြီး  ပညာသင်ခွင့် ရပ်စဲတာ ဖြစ်ပါတယ်။

          နောက်ဆုံးနှစ် အပိုင်း(ခ) ဖြစ်တဲ့နောက်ဆုံးသင်တန်းမှာတော့ အတန်းတင်စာမေးပွဲမှာ အနည်းဆုံးတစ်ဘာသာ အောင်မြင်ရင် ကျန်ကျရှုံးသည့် ဘာသာရပ်များအား ၆ လအကြာမှာ ကျင်းပတဲ့ နောက်ဆက်တွဲ စာမေးပွဲကို ဖြေဆိုခွင့် ရှိပါတယ်။ အဆိုပါစာမေးပွဲမှာ ထပ်မံကျရှုံးပါက စာမေးပွဲ ၂ ခါ ကျ (2-F) အဖြစ်နဲ့ သတ်မှတ်ပါတယ်။ အဆိုပါကျရှုံးသူသည် ကျရှုံးသည့်ဘာသာရပ်အား အနီးဆုံးပညာ သင်နှစ်နှင့်အတူ ပြန်လည်တက်ရောက်ရမည်ဖြစ်ပြီးတော့ နောက်ဆုံး အကြိမ်ထပ်မံဖြေဆိုခွင့်တစ်ကြိမ် ရှိပြီးတော့ ထပ်မံကျရှုံးပါက စာမေးပွဲ ၃ ခါကျ (3-F)သတ်မှတ်ပြီး ပညာသင်ကြားခွင့်ရပ်စဲတာ ဖြစ်ပါတယ်။ အလုပ်သင်ဆရာဝန်သင်တန်းကာလကိုတော့ တစ်နှစ်သတ်မှတ်ပြီးတော့ နှစ်နှစ်အတွင်း ပြီးဆုံးအောင် တာဝန်ထမ်းဆောင်စေပြီး နှစ်နှစ်အတွင်းအလုပ်သင်ဆရာဝန်တာဝန်မပြီးဆုံးလျှင် လည်းပဲ ပညာသင်ကြားခွင့်ရပ်စဲပါတယ်။  အဆိုပါတည်ဆဲစည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေကို ယခင်က တည်းက ဆေးတက္ကသိုလ်များသာမက ဆေးသိပ္ပံပညာဦးစီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်များ အားလုံးမှာ တစ်ပြေးညီကျင့်သုံးလျက်ရှိပြီး ၂၀၀၃ ခုနှစ်မှာ ကျင်းပတဲ့ ဆဋ္ဌမအကြိမ် ဆေးပညာ သင်ကြားရေးနှီးနှောဖလှယ်ပွဲမှာလည်းပဲ အားလုံးဆွေးနွေးဆုံးဖြတ်ပြီး ပြန်လည်အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ထို့အတူ ဆေးတက္ကသိုလ်များရဲ့ ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ မှာလည်း ဆေးတက္ကသိုလ်ဝင်ခွင့်ရတဲ့ ကျောင်းသားကျောင်းသူများနှင့်တကွ မိဘအုပ်ထိန်းသူများပါ ခေါ်ပြီး တော့ သိရှိရန်အချက်များနှင်‌့ စာမေးပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ပါမောက္ခချုပ်ကနေ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါစည်းကမ်းချက်များအား ကျောင်းသားကျောင်းသူများနှင့်  အုပ်ထိန်းသူမိဘများ အားဖတ်ရှုစေ၍ သိရှိပြီးဖြစ်ကြောင်း ဝန်ခံကတိထိုးခဲ့ပြီး သင်တန်းတက်ခဲ့ကြတာ ဖြစ်ပါတယ်။

          ယခင်ကဆေးတက္ကသိုလ် ၃ ခုမှာ ကျောင်းသား ၅၅၀ ဦးသာ လက်ခံသင်ကြားပေးခဲ့ပြီး အမျိုးသားပြန်လည်ပညာရည်မြင့်မားရေးအထူး ၄ နှစ်စီမံကိန်း (ကျန်းမာရေးကဏ္ဍ)နှင်‌့ မြန်မာ့ ကျန်းမာရေးဆိုင်ရာ‌မျှော်မှန်းချက် နှစ် ၃၀ နှစ်ရှည်စီမံကိန်းတို့နှင်‌့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတော် ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်နှင့်အညီ ဆေးတက္ကသိုလ်များမှာ လေ့ကျင်‌့သင်ကြားပေး ရန် လိုအပ်တဲ့ ကျောင်းသားကျောင်းသူဦးရေအရေအတွက်ကို အဆင့်ဆင့် တိုးမြှင့်ခဲ့ပါတယ်။ ထိုသို့ တိုးမြှင့်လက်ခံသင်ကြားပေးနိုင်ရေးအတွက် ၂၀၀၁ ခုနှစ် မေလမှာ ဆေးတက္ကသိုလ် (မကွေး)ကို အသစ်ထပ်မံ တိုးချဲ့ဖွင်‌့လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူဦးရေကို ၂၀၀၁ ခုနှစ် ကစပြီး ၂၀၁၂ ခုနှစ်အထိ နှစ်စဉ် ၂၄၀၀ ဦးသို့ တိုးမြှင့်လက်ခံပေးပြီး အဲဒီတုန်းက နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ထို့ပြင် ကျောင်းသား ၆၀ ရာခိုင်နှုန်း နှင့် ကျောင်းသူ ၄၀ ရာခိုင်နှုန်း သတ်မှတ်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်ပြုခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျောင်းသူတွေရဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ်နှင့် ကျောင်းသားတွေရဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်အနိမ့်ဆုံး ရမှတ်ကလည်း အမှတ် ၃၀ ခန့်ကွာတဲ့အတွက် သင်ကြားရာမှာ ဉာဏ်ရည်ကွဲပြားတဲ့ ကျောင်းသားများ အခက်အခဲများရှိလာတာ ကိုလည်း တွေ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ယခုကဲ့သို့ ပညာသင်ကြားခွင့်ရရှိတဲ့ ကျောင်းသား အရေအတွက်ဟာ ယခင်ကထက် များပြားလာရတယ်ဆိုတာလည်း ကျွန်တော်တို့ ကောက်ချက်တစ်ခု ချနိုင်ခဲ့ပါတယ်။ ယခုအခါ အကြီးအကဲရဲ့ လမ်းညွှန်ချက်နှင့်အညီ ပြည်သူလူထုရဲ့ ကျန်းမာရေး အဆင့်အတန်းမြင့်မားရန်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် အရည်အချင်းမြင့်မားတဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင်‌့မွေးထုတ် ပေးရန် အကောင်အထည်ဖော်တဲ့အချိန်ဖြစ်တဲ့အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ပြု ကျောင်းသားဦးရေ ကိုလည်း ရေတိုစီမံကိန်းအနေနဲ့ ယခင် ၂၄၀၀ ဦးကနေ ၁၂၀၀ ဦးသို့ လျှော့ချပြီး ကျောင်းသား ကျောင်းသူအချိုးကိုလည်း ညီမျှစွာဖြင့် လက်ခံသင်ကြားပေးနေပြီ ဖြစ်ပါတယ်။ လူသားတို့ရဲ့ အသက်နဲ့ဆိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူဆောင်ရွက်ပေးရမည့် အရည်အသွေး ပြည့်ဝသော ဆရာဝန်ကောင်းများ မွေးထုတ်ပေးရေး ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ ထို့အတူပဲ ပညာသင်စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျွန်တော်တို့ အဆင့်သုံးဆင့်လောက် ဆောင်ရွက်ခဲ့တာွဖစ်ပါတယ်။

ပထမအဆင့်အနေနဲ့ ကျတဲ့ဘာသာရပ်မှာ တာဝန်ရှိတဲ့ဌာနမှူးနှင့်  ဆရာများကနေပြီးတော့ ဦးစွာပထမ ဒီကလေးကိုဘယ်လိုပြန်တင်ပေးလို့ရမလဲဆိုတာ စဉ်းစားတာဖြစ်ပါတယ်။ ဒုတိယအဆင့် အနေနဲ့ သက်ဆိုင်ရာဆေးတက္ကသိုလ်ရဲ့ပညာသင်စာမေးပွဲ Board အဖဲှ့နှင့် တစ်ခါထပ်မံစိစစ်ပါ တယ်။ တတိယအနေနဲ့ ပါမောက္ခချုပ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ပြန်ပြီးတော့ စိစစ်ပြီးမှသာ အဆင့်ဆင့်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ထို့အတူ ဆေးတက္ကသိုလ် (မကွေး)ရဲ့ ပြဿနာတစ်ခု အနေနဲ့ စဉ်းစားရန်မဟုတ်ဘဲနဲ့ ဆေးတက္ကသိုလ် ၄ ခုလုံးကိုလဲ ခြုံငုံစဉ်းစားရန်လိုအပ်ပါတယ်။ ထို့အတူ တစ်နှစ်ကိစ္စ၊ နှစ်နှစ်ကိစ္စမဟုတ်ဘဲနဲ့ နှစ်ပေါင်းများစွာ ကိစ္စဖြစ်တဲ့အတွက် လောလောဆယ် အားဖြင့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြခဲ့တဲ့ ပညာသင်ကြားခွင့်ရပ်စဲခြင်းခံရသော ကျောင်းသားများအား ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖြေလျှော့၍ ဆေးတက္ကသိုလ် (မန္တလေး) သို့ ဆေးပညာပြန်လည်သင်ယူခွင့်ပြုရန် အစီအစဉ် လက်ရှိမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။