(က)-ဘားအံ-ကော့ကရိတ်-မြဝတီကားလမ်းအား ယခု ဆောင်ရွက်နေမှု အခြေအနေနှင့် ထိုင်းနိုင်ငံ အကူအညီ ဖြင့် ဖောက်လုပ်ပေးမည့် မြဝတီ-ကော့ကရိတ် ကားလမ်းကြောင်းအသစ် ဖောက်လုပ်မည့် အခြေအနေ တို့နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၈.၁၁.၂၀၁၂)

ဘားအံ-ကော့ကရိတ်- မြဝတီကားလမ်းဟာ နယ်စပ်နှင့် ပြည်တွင်းကို ဆက်သွယ်ရာမှာ အတိုဆုံးကားလမ်းဖြစ်ပြီးတော့ နေ့စဉ် ကုန်တင်ကားစီးရေ ၂၁၀ ကျော်ခန့်သွားလာနေသော မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်မှု ဒုတိယ အများဆုံး လမ်းကြောင်းဖြစ်ပါတယ်။ ကားလမ်းအရှည်ကတော့ ၁၁၀ မိုင် ၂ ဖာလုံရှိပါတယ်။ ဒီကား လမ်းကို AK ကုမ္ပဏီကို BOT စနစ်ဖြင့် ဆောင်ရွက်ဖို့ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ စတင်ဆောင်ရွက်ခွင့်ပြုခဲ့တဲ့အချိန်ကနေစပြီးတော့ ကုမ္ပဏီအနေနဲ့ ကားလမ်းကို အကြောင်းပြုပြီးတော့  စက်ယန္တရားကြီးတွေ၊ မော်တော်ယာဉ်တွေတင်သွင်းခြင်းကို ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်နှင့် ဆောင်ရွက်ခဲ့သော်လည်း လမ်းအသုံးပြုခကောက်ခံခြင်းကိုသာ ဦးစားပေးဆောင်ရွက်နေပြီးတော့ လမ်းပြုပြင်ခြင်းကို လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်း၊ မနိုင်မနင်းဆောင်ရွက်နေခြင်းများကြောင့် အရင် BOT စနစ် မဆောင်ရွက်မီက အခြေအနေထက် များစွာ ဆိုးရွားနေတဲ့အတွက်ကြောင့် ဒေသခံ ပြည်သူ များ စိတ်မချမ်းမသာဖြစ်ကြရပါတယ်။ ဒီလမ်းကြောင်းအခြေအနေ ဆိုးရွားခြင်းကိုလည်း ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဘားအံမဲဆန္ဒနယ်က ဒေါ်နန်းစေအွာ၊ မြဝတီမဲဆန္ဒနယ်က ဦးသန်းဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောအေးနိုင်တို့က အသီးသီး မေးမြန်းခဲ့ကြပါတယ်။ ထိုစဉ်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖြေကြားခဲ့ရာမှာ AK ကုမ္ပဏီဟာ စက်ယန္တရားအင်အား၊ အင်ဂျင်နီယာအင်အား၊ လုပ်သားအင်အား တောင့်တင်းပြီးတော့ လုပ်ကိုင်နိုင် သူများဖြစ်တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်း BOT လုပ်ငန်းရှင်တွေကို လမ်းအင်္ဂါရပ် တွေ ပြည့်စုံနိုင်ရေး၊ စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်နိုင်ရေးတို့အတွက် အဖွဲ့များခွဲပြီးတော့ ကြပ်မတ် လျက်ရှိပါတယ်။ မြဝတီ-ဘားအံလမ်းအပိုင်းကိုလည်း ကုမ္ပဏီအနေနဲ့ လမ်းအသုံးပြုခ ကောက်ခံခြင်း မပြုဘဲနှင့် လမ်းတံတားလုပ်ငန်းများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက် နေပြီဖြစ်ကြောင်း ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ဖြေကြားခဲ့ပါတယ်။ အဲဒီလို ဖြေကြားပြီး တစ်နှစ်ကျော်ကြာသော်လည်း လမ်းအခြေအနေက မထူးခြားဘဲ အပေါက်တွေကို ပုံတွေနဲ့ တင်ပြထားပါတယ်။ လမ်းဘေးက မြေကြီးနှင့်ဖာခြင်း၊ ကျောက်အနည်းငယ်၊ ကတ္တရာအနည်းငယ်တို့နဲ့ ဖာခြင်းတို့ကိုသာ ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပါတယ်။ ကော့ကရိတ်နှင့် သင်္ဃန်းညီနောင်ကြား တောင်ပေါ်လမ်းအခြေအနေကတော့ ဒီထက်ပိုပြီးအခြေအနေဆိုးတယ်လို့ သိရှိရပါတယ်။ ကားတွေ တန်ပိုတင်လို့ လမ်းပျက်ရတယ်ဆိုရင်လည်း အဲဒီကုမ္ပဏီဟာ တန်ပိုကြေးတွေကောက်ခံလျက်ရှိ ကြောင်းသိရှိရပါတယ်။ ဒီလမ်းကိုသုံးတဲ့ ကားတွေပဲ အတက်အဆင်းမှာ သံလွင်မြစ်ကူးတံတား (ဘားအံ)ကနေပြီး ပဲခူးဘုရားကြီးအထိ ရွှေသံလွင်ကုမ္ပဏီ BOT ယူထားတဲ့လမ်းကို ဆက်စပ်သွား လာကြရပါတယ်။ ရွှေသံလွင်လမ်းကတော့ သွားရလာရတာ အဆင်ပြေချောမွေ့ပြီးတော့ သွားလာတဲ့ ကားတိုင်းမှ ဒီ BOT လမ်းနှစ်ခုကို အမြဲနှိုင်းယှဉ်ပြီးတော့ ပြောနေကြပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများလည်း လမ်းကြောင်းကိုဆင်းပြီး စစ်ဆေးပေးစေလိုပါ တယ်။ လုံခြုံရေးအခြေအနေကောင်းနေပါပြီ။ ငြိမ်းချမ်းနေပါတယ်။ နောက်ဆုံးကြားသိရတာကတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းချက်အရ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က စပြီး AK ကို BOT စနစ်ဖြင့် ဘားအံနှင့် ကော့ကရိတ်လမ်းပိုင်းကိုပဲ ဆက်လက်ပြီးတော့ တာဝန်ယူစေပြီးတော့ ကော့ကရိတ်-မြဝတီလမ်းပိုင်းကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ တာဝန်ယူဆောင်ရွက်မယ်လိုသိရှိရပါတယ်။ ဆောက်လုပ်ရေးက တာဝန်ယူဆောင်ရွက်တာ လူထု တွေ အားလုံးကြိုဆိုပါတယ်။ ဒါကြောင့် ကျွန်တော်သိရှိလိုတဲ့ မေးခွန်းကတော့ (၁) ဘားအံ- ကော့ကရိတ်-မြဝတီလမ်းပိုင်းရဲ့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ်။ (၂) ထိုင်းနိုင်ငံအကူအညီ နဲ့ လက်ရှိ မြဝတီ-ကော့ကရိတ်-ဒေါနတောင်ကို ကျော်ပြီးတော့ သွားတဲ့လမ်းအစား တောင်တက်မှာ ကားလမ်းကြောင်းအသစ် ဖောက်လုပ်ရန်ရှိနေတယ်လို့လည်း သိရှိရပါတယ်။ ဒါကြောင့်လည်း ဒီတောင်ပေါ်လမ်းကို နောက်မှာ သုံးတော့မှာ မဟုတ်တဲ့အတွက် ကုမ္ပဏီက မဆောင်ရွက်လိုတော့ဘဲ ပြန်အပ်ခြင်းဖြစ်တယ်လို့ ဒေသခံပြည်သူတွေကပြောဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အကူအညီနဲ့ ဖောက်လုပ်မယ့်လမ်းကြောင်း ဆောင်ရွက်မှုအခြေအနေနဲ့ ပြီးစီးနိုင်မည်‌့ ခုနှစ်စသည်တို့ ကို သိလိုကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကရင်ပြည်နယ်အတွင်းရှိ ဘားအံ-ကော့ကရိတ်-မြဝတီ လမ်း ၁၁၀ မိုင် ၂ ဖာလုံဟာ အေးကိုမိသားစုဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ ၂၃-၉-၂၀၀၉ ရက် နေ့မှစတင်ပြီးတော့ BOT စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀-၉-၂၀၁၂ ရက်နေ့မှာ ကော့ကရိတ်-သင်္ဃန်း ညီနောင်-မြဝတီအပိုင်း ၃၉ မိုင် ၂ ဖာလုံအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြန်လည်သိမ်းယူခဲ့ ပါတယ်။ ၂၃-၁၀-၂၀၁၂ ရက်နေ့မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ညှိနှိုင်းချက်အရ အိန္ဒုမှ ကော့ကရိတ်အပိုင်း ၄၂ မိုင် ၆ ဖာလုံအား အရှေ့အနောက် စြင်္ကံလမ်းမကြီးအပိုင်းတွင်ပါဝင်နေသဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ချေးငွေအကူအညီဖြင့် ဆောင်ရွက်ရန် ညှိနှိုင်းသဘောတူညီချက်အရ အိန္ဒုမှ ကော့ကရိတ်အပိုင်းအား အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်မှ BOT စနစ်ဖြင့် ဆောင်ရွက်ခြင်းအား လုပ်ငန်းပြန်လည်သိမ်းယူ ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့် အေးကိုမိသားစုဆောက်လုပ်ရေးကုမ္ပဏီကို ဘားအံမှ အိန္ဒုလမ်းဆုံအထိ ၁၃ မိုင် ကိုသာ BOT စနစ်နဲ့ ဆောင်ရွက်စေမှာဖြစ်ပြီး ဘားအံမှ ၈ မိုင်အထိ အပိုင်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ၅ မိုင်ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အိန္ဒုမှ ကော့ကရိတ် အပိုင်းအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေအကူအညီဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ သင်္ဃန်းညီနောင်-မြဝတီ ၁၁ မိုင် ၁ ဖာလုံအပိုင်းအား မြန်မာနှင့် ထိုင်းနိုင်ငံအစိုးရတို့၏ သဘောတူညီချက်အရ ထိုင်းနိုင်ငံ Seesang ကုမ္ပဏီမှ အမာခံလမ်းပြုပြင်ခြင်း၊ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြီးစီးအောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သင်္ဃန်းညီနောင်-ကော့ကရိတ်အပိုင်း ၁၇ မိုင် ၃ ဖာလုံအား ထိုင်းနိုင်ငံအစိုးရ၏ Grant အကူအညီဖြင့် ဆောက်လုပ်ရန် သဘောတူညီချက်ရရှိထားပြီး ထိုင်းနိုင်ငံ Seesang ကုမ္ပဏီမှစတင်ဝင်ရောက် လုပ်ကိုင်ရန် စီစဉ်လျက်ရှိပါတယ်။ အဆိုပါလမ်းအား လျာထားချက်အရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် အပြီးဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဘားအံ-ကော့ကရိတ်-မြဝတီလမ်း တွင် ဘားအံမှ အိန္ဒု လမ်းဆုံအထိ ၁၃ မိုင်ကို အေးကိုမိသားစုဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ BOT စနစ်ဖြင့် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး အိန္ဒုမှ ကော့ကရိတ်အပိုင်း ၄၂ မိုင် ၆ ဖာလုံကို ADB ချေးငွေဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီအပိုင်း ၂၈ မိုင် ၄ ဖာလုံကိုတော့ ထိုင်းနိုင်ငံအစိုးရ အကူအညီဖြင့် ထိုင်းနိုင်ငံ Seesang ကုမ္ပဏီမှ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။