(ဃ)-ကဝမြို့နယ်အတွင်း မိုးတွင်းကာလ စိုက်ပျိုးမြေများ ရေနစ်မြုပ်မှု အခြေအနေနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၃.၁၀.၂၀၁၂)

ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် သက္ကလ၊ အုန်းနှဲ၊ ပိုင်ကျုံ၊ ဇွဲကိုက်ဒေသအတွင်းမှာ ၂၀၁၂ ခုနှစ် မိုးတွင်းကာလ ဇူလိုင်၊ သြဂုတ်လများတွင် ရေကြီးသဖြင့် စပါးစိုက်ပျိုးမြေဧက ၂၀၀၀၀ ခန့်တစ်လကျော်ကြာ ရေနစ်မြုပ်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ် တွင် ပဲခူးတိုင်းဒေသကြီး ပဲခူး၊ ကဝ၊ သနပ်ပင်၊ ဝေါမြို့နယ်များတွင် ရေကြီးခြင်းမှ ကာကွယ်ရန်အတွက် ဘတ်ဂျက်ငွေသန်း ၁၀၀၀ နိုင်ငံတော်ကခွင့်ပြုပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါတယ်။ ကဝမြို့နယ်တွင် ယခင်နှစ်များက ရေကြီးခဲ့သည့် လယ်ယာမြေ များအနက် လေးပုံသုံးပုံခန့် ရေမကြီးတော့ပါ။ သို့သော် ပြီးခဲ့တဲ့ မိုးတွင်းကာလတွင် သက္ကလ၊ အုန်းနှဲ၊ ပိုင်ကျုံ၊ ဇွဲကိုက်ဒေသသည် ၁ လကျော်ခန့် စပါးစိုက်ပျိုးပြီးသည့် လယ်မြေများ ရေနစ်မြုပ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီကိစ္စကို ဆက်လက်ပြီးတော့ မြေပြင် တိုင်းတာဆောင်ရွက်ပေးရန်နှင့် ဘယ်လို ဆောင်ရွက်ပေးမည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များအတွင်း ရေကြီးနစ်မြုပ်မှုမှကာကွယ်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ်တွင် ကိုဒူကွဲ ရေလှောင်တမံစီမံကိန်း၊ ရွှေလောင်းရေလှောင်တမံစီမံကိန်းနှင့် စလူရေလှောင်တမံစီမံကိန်းများ အကောင်အထည်ဖော်တည်ဆောက်ခြင်း၊ ဇောင်းတူ-မိုးယွန်းကြီးရေသွယ်မြောင်း၊ ဇောင်းတူ-စွန်ပိ ရေသွယ်မြောင်း၊ ဇောင်းတူ-ကျိုက်လှရေသွယ်မြောင်း၊ အဗျား-ရှမ်းကိုင်းရေနုတ်မြောင်း၊ မင်းရွာ-ကုက္ကို ရေနုတ်မြောင်း၊ ဆည်မရေနုတ်မြောင်း၊ ဝဲပတန်ရေနုတ်မြောင်း၊ သံဒင်းရေနုတ်မြောင်းစသည့် ရေနုတ်မြောင်းများတူးဖော်ခြင်းနှင့် ပဲခူးမြစ်အတွင်း  သဲသောင်ခုံ ၁၁ ခုကို တူးဖော်ခြင်းအပါအဝင်  လုပ်ငန်း ၁၅ ခုကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ သို့ဖြစ်၍ ယခုနှစ် မိုးရာသီမှာ ပဲခူးတိုင်းဒေသကြီး အတွင်း ရေကြီးနစ်မြုပ်မှုများအထိုက်အလျောက် ကာကွယ်နိုင်ခဲ့ကြောင်းတွေ့ရှိရပါတယ်။ အဆိုပါ လုပ်ငန်း ၁၅ ခုအနက်မှ အုန်းနှဲ-ကန့်ဘဲရေနုတ်မြောင်း၊ မောင်းမရေနုတ်မြောင်း၊ ဆည်မရေနုတ် မြောင်း၊ ဝဲပတန်ရေနုတ်မြောင်း၊ သံဒင်းရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းစသည်တို့သည် ကဝမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကို အထိုက်အလျောက်ကာကွယ်နိုင်ခဲ့သဖြင့် ယခုနှစ်မိုးရာသီမှာ ရေကြီးနစ်မြုပ်မှုကို လျော့နည်းစေခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။ ကဝမြို့နယ်မှာ ယခင်နှစ် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် မိုးစပါးရေနစ်မြုပ်မှု  ၇၄၈၇၄ ဧကရှိခဲ့ရာမှ ယခုနှစ် ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ၂၈၀၇၃ ဧက သာ နစ်မြုပ်ခဲ့သဖြင့် ၄၆၈၀၁ ဧက ရေကြီးနစ်မြုပ်မှုမှကာကွယ်နိုင်ခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြတဲ့ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း မိုးတွင်းကာလစိုက်ပျိုးမြေများ ရေကြီးနစ်မြုပ်မှုများမှကာကွယ်နိုင်ရန် ပဲခူး-စစ်တောင်းတူးမြောင်းတာကို  ဒီဇိုင်းပုံစံကျ ပြန်လည်ပြုပြင် ခြင်း၊ ဘုန်းမစိုးရေထိန်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းတို့ကို  ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်၍ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရန်၊ မြေပြင်စူးစမ်းလေ့လာတိုင်းတာခြင်း၊ ဇလဗေဒနှင့် ဘူမိဗေဒ ဆိုင်ရာ စူးစမ်းလေ့လာမှုများကိုဆောင်ရွက်ခြင်း၊  ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ ခန့်မှန်းခြေတန်ဖိုး တွက်ချက် ခြင်းတို့ကိုဆောင်ရွက်ပြီးပါက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေခွင့်ပြုချက်နှင့် လုပ်ငန်းဆောင်ရွက် ခွင့်ပြုချက်တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။