(စ)-ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးရှိသူများအား ခွဲခြားဆက်ဆံခံရခြင်း၊ လူ့အခွင့်အရေးဆုံးရှုံးခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၉.၁၁.၂၀၁၂)

မြန်မာနိုင်ငံမှာ HIV ပိုးရှိသူပေါင်း ၂၃၈၀၀၀ ရှိကြောင်း ၂၀၀၉ ခုနှစ် စစ်တမ်းအရ သိရပါတယ်။ HIV, AIDS ရောဂါဟာ မြန်မာနိုင်ငံကို ၁၉၈၈ ခုနှစ်ကတည်းက ကူးစက်ရောက်ရှိလာရာက နှစ်နဲ့ပြောမယ်ဆိုရင် ၂၄ နှစ်တောင်ရှိသွားပါပြီ။ ဥက္ကဋ္ဌကြီးခင်ဗျား။ HIV ပိုးရှိသူထဲမှာ အမျိုးသမီးများ၊ မွေးကင်းစကလေးသူငယ်များအပါအဝင် ကလေးသူငယ်များ၊ ယောကျ်ား၊ မိန်းမအလွှာစုံ၊ ဘာသာမျိုးစုံပါပါတယ်။ ဆင်းရဲချမ်းသာ၊ ပညာတတ်၊ ပညာမဲ့ လူတန်းစားအလွှာစုံပါပါတယ်။ ပြည့်တန်ဆာတွေထဲမှာဆိုရင် ၁၁.၂ ရာခိုင်နှုန်း ရှိပါတယ်။ မူးယစ်ဆေးသုံးစွဲသူများထဲမှာဆိုလို့ရှိရင် ၃၄.၆ ရာခိုင်နှုန်း HIV ပိုးရှိပါတယ်။ ယောကျ်ားချင်း လိင်ဆက်ဆံသူများထဲမှာ ၂၂.၃ ရာခိုင်နှုန်းဟာ HIV ပိုးရှိနေကြပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်အဖြစ် Getting to Zero, Zero New HIV Infection, Zero Discrimination  and Zero AIDS- Related Deaths HIV ပိုးထပ်မံကူးစက်ခြင်း လုံးဝမရှိစေရေး၊ HIV ပိုးရှိသူနှင့် AIDS လူနာဝေဒနာသည်များအား ခွဲခြားဆက်ဆံမှုလုံးဝမရှိစေရေး၊ AIDS ရောဂါကြောင့် သေဆုံးမှုလုံးဝ မရှိစေရေးဟူ၍ သတ်မှတ်ထားပါတယ်။ Millennium Development Goal လို့ခေါ်တဲ့ MDG ထောင်စုနှစ် ရည်မှန်းချက် နံပါတ် ၆ ဖြစ်တဲ့ HIV ကာကွယ်ရေးကိုလည်း ကုလသမဂ္ဂအဖွဲ့အစည်း များက ဦးဆောင်ပြီး တစ်ကမ္ဘာလုံးမှာ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ပုဒ် တွေ၊ ရည်မှန်းချက်တွေ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရင်း မဖြစ်မနေပါဝင်ရမယ့် အခန်း ကဏ္ဍကတော့ HIV ပိုး ရှိသူများနှင့် AIDS ဝေဒနာရှင်များအား ခွဲခြားဆက်ဆံမှုမရှိစေရေးပါပဲ။ HIV ကူးစက်မှုဟာ လိင်ဆက်ဆံရာမှသော်လည်းကောင်း၊ သွေးမှတစ်ဆင်‌့သော်လည်းကောင်း၊ ရောဂါပိုး ကပ်ညှိနေတဲ့ ထိုးဖောက်၊ ပြတ်ရှကိရိယာများမှသော်လည်းကောင်း၊ မိခင်မှကလေးသို့သော် လည်းကောင်း ဒီ ၄ နည်းပဲ ကူးစက်ပါတယ်။ အဲဒီလို ကူးစက်ပုံကူးစက်နည်းကို ဂဃနဏ မသိကြတဲ့ အတွက် အလုပ်ခွင်မှာ HIV ပိုးရှိသူနှင့် အလုပ်အတူတူလုပ်ရင် ကူးစက်နိုင်တယ်လို့ထင်ပြီး HIV ပိုးရှိတဲ့ လူတွေကို အလုပ်ကထုတ်ပစ်တာ၊ အလုပ်မခန့်တာ၊ အတူနေ၊ အတူစား၊ အိပ်ရာခင်းတစ်ခုပေါ်မှာ အတူအိပ်ရုံနဲ့ ကူးစက်နိုင်တယ်ထင်ပြီးတော့ မိသားစုကနေဝိုင်းပယ်ပြီး သီးခြားထားတာ၊ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုရင်အနီးလူနာအချင်းချင်းကူးစက်နိုင်တယ်လို့ထင်ပြီး HIV ပိုး ရှိတဲ့လူတွေကို သီးခြားခွဲခြားထားတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ AIDS အဆင့်မရောက်ခင် HIV ပိုး ရှိနေသော် လည်း ART လို့ခေါ်တဲ့ ရောဂါပိုးသတ်တဲ့ ဆေးတွေသောက်နေတဲ့ HIV ရောဂါပိုးရှိသူများဟာ သာမန် ရောဂါမရှိသူများကဲ့သို့ ကျန်းမာသန်စွမ်းပြီး ကာယဉာဏတာဝန်များကို ထမ်းရွက်နိုင်ကြပါတယ်။ Stigma and Discrimination လို့ခေါ်တဲ့ ခွဲခြားဆက်ဆံမှု၊ နှိမ့်ချအပြစ်တင်မှုတွေဟာ HIV ပိုးရှိသူ များတွင်သာ ထိခိုက်တာမဟုတ်ပါဘူး။ သူနဲ့ နှီးနွယ်တဲ့ မိသားစုတွေပါ ထိခိုက်နစ်နာကြရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အဲဒါကြောင့် HIV ပိုးရှိသူများအား ခွဲခြားဆက်ဆံခံရခြင်း၊ လူ့အခွင့်အရေး ဆုံးရှုံးခြင်းများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ အမျိုးသား AIDS ကော်မတီနဲ့ ပြည်တွင်းပြည်ပ NGO များ စသည်ဖြင့် ဌာနအဖွဲ့အစည်းများစွာ ပါဝင်ဆက်စပ်တာဝန်ရှိနေတာကြောင့် ပြည်ထောင်စုအစိုးရအနေနှင့် မည်ကဲ့သို့ ဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံ အတွင်း ခုခံအားကျဆင်းမှုကူးစက်ရောဂါကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်နဲ့ ကာကွယ် တိုက်ဖျက်ရေးများကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် သုတေသန ပြုချက်အရ ကျွန်တော်တို့နိုင်ငံမှာ HIV ပိုး ရှိသူပေါင်း ၂၁၃၆၆၈ ရှိပြီးတော့ မူးယစ်ဆေးသုံးစွဲသူများမှာ ၂၁.၉ ရာခိုင်နှုန်း၊ MSM လို့ခေါ်တဲ့ ယောကျ်ားချင်း လိင်တူဆက်ဆံမှု များမှာ ၇.၈ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ၉.၄ ရာခိုင်နှုန်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ဝ.၉ ရာခိုင်နှုန်းသာရှိကြောင်း ၂၀၁၁ ခုနှစ် စာရင်းဇယားများအရ သိရှိရပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနဟာ ခုခံအားကျ ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်ကနေပြီးတော့ ရောဂါကာကွယ် တိုက်ဖျက်ကုသရေးလုပ်ငန်းများကို အမျိုးသားရေးမဟာဗျူဟာ ၂၀၁၁-၂၀၁၅ National City Plan နဲ့ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ အမျိုးသားမဟာဗျူဟာစီမံကိန်းရဲ့ ဦးစားပေးရမယ့် လုပ်ငန်းများ Cross Contain လုပ်ငန်းများအနေနဲ့ HIV ပိုးရှိတဲ့လူတွေကို ခွဲခြားနှိမ့်ချဆက်ဆံခြင်း လျှော့ချစေမယ့် ကောင်းမွန်တဲ့ လူမှုရေးပတ်ဝန်းကျင်အခြေအနေရရှိဖို့ ဆောင်ရွက်ပေးရန်ဖော်ပြ ထားရှိပြီးတော့ အဆိုပါ ရည်မှန်းချက်ပြည့်မီစေရန်အတွက် နှီးနွယ်နေတဲ့ ဝန်ကြီးဌာနများ၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ Community Based Organization များနှင့် ရောဂါရှင်များ ကိုယ်တိုင်ဖွဲ့စည်းထားတဲ့  PLHIV လို့ခေါ်ပါတယ်။ သူတို့ကိုယ်တိုင် ပူးပေါင်း ပါဝင်ပြီးတော့ ဒီလို အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ လုပ်ငန်းတွေကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကိုယ်စားလှယ်တော်ကြီးပြောသလိုပဲ ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၁ ခုနှစ်နှစ်ကုန်အထိ စာရင်းဇယားများအရ ART ဆေးတိုက်ကျွေးရန် လိုအပ်တဲ့လူပေါင်း ၁၂၅၀၀၀ ရှိတဲ့အနက် လက်ရှိမှာ ဆေးတိုက်ကျွေးနိုင်တဲ့လူပေါင်း ၄၀၁၂၈ တိုက်ကျွေးလျက်ရှိကြောင်း ၃၂ ရာခိုင်နှုန်း ဆေးရရှိလျက်ရှိ ပြီးတော့အခုအချိန်မှာတော့ သုံးပုံတစ်ပုံ ပေါ့။ ၃၂ ရာခိုင်နှုန်း ကနေပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနကလည်း ရန်ပုံငွေဘတ်ဂျက်ပိုရရှိလာတဲ့ ဒီအချိုးကျဆေးပိုရ အောင်လည်း ဆေးဝယ်ပါတယ်။ ဒီလိုပဲ Global  Farm for HDPL Malaria 3 exit Farm အခု 3 exit Farm ကလည်း အခုအချိန်မှာ 3 NDD ဆိုပြီးတော့ပြောင်းပါတယ်။ ဒါကလည်း ဝမ်းသာအောင် ပြောရ ရင်တော့ လာမယ့် ၅ နှစ်အတွက် ဒေါ်လာသန်း ၃၀၀ သတ်မှတ်ပေးပြီးတော့ ဒါလေးတွေ ကျွန်တော်တို့ နိုင်ငံအတွက်ရရှိပါတယ်။ အဲဒီတော့ လူတိုင်းဆေးရရှိရေးအတွက်ကို တစ်နေ့ထက် တစ်နေ့ ပိုမိုတိုးတက်ရရှိရေးကို စီမံဆောင်ရွက်လျက်ရှိပါတယ်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်ပြီးတော့ အသိပေးဆွေးနွေးပွဲတွေ၊ ကျန်းမာရေးပညာပေးဟောပြောပွဲတွေ၊ အသိပညာပေး ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ၊ လက်ကမ်းစာစောင်တွေ၊ စာအုပ်တွေနဲ့ ကွန်ဒုံးတွေဖြန့်ဝေတာကိုလည်း နိုင်ငံအနှံ့အပြားမှာ တိုးမြှင့်ဆောင်ရွက်နေပါတယ်။ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ရောက်တိုင်း ရောက်တိုင်း World HIV Days ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ဗဟိုအဆင့်မှသာမက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်အထိ ကျင်းပပြုလုပ်ပါတယ်။ ဒီ World HIV Days အထိမ်းအမှတ်လှုပ်ရှားမှုတွေ၊ ရောဂါ ကာကွယ်နှိမ်နှင်းရေး၊ ပြုစုစောင့်ရှောက် ကုသရေးလုပ်ငန်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ နှီးနွယ်နေတဲ့ အခြားဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပလူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပြီးတော့ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလို ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း ထိရောက်အောင် တိုးမြှင့်ဆောင်ရွက်ခြင်းအားဖြင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါနှင့် စပ်လျဉ်းပြီးတော့ HIV ပိုးရှိတဲ့လူတွေကို ခွဲခြားနှိမ့်ချဆက်ဆံခြင်း များကို လျော့နည်းပပျောက်လာစေပါတယ်။ ရောဂါပိုးကူးစက်ဖို့ အန္တရာယ်ရှိတဲ့ လူအုပ်စုဟာ Rich Group များအတွင်းမှာ ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများ၊ ကျောင်းသားလူငယ်များနှင့် ကျောင်းပြင်ပ လူငယ်လူရွယ်ထုအတွင်း ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများ သက်တူရွယ်တူအုပ်စု အတွင်း ပညာပေးခြင်း Ear Education လို့ခေါ်တာပေါ့လေ။ မိမိဆန္ဒအလျောက် နှစ်သိမ့် ဆွေးနွေးပညာပေးခြင်းနှင့် HIV ပိုးစစ်ဆေးခြင်း VCCT လို့ ခေါ်ပါတယ်။ Voluntary Confidential Counselling and Testing လုပ်ငန်းများကိုတိုးချဲ့ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၁ ခုနှစ်ကုန်အထိ ဆိုရင် အခမဲ့သွေးစစ်ဆေးနိုင်မယ့် နေရာပေါင်း ၄၇၀ နေရာအထိ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ရောဂါကာကွယ်ရေးနှင့်ကုသရေး လုပ်ငန်းများသာမက ပြည်သူလူထု များအတွင်း အသိပညာများ မြင့်တက်လာပြီးတော့ ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ လျော့နည်းလာတာကို တော့ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရှိတော့လည်း ရှိနေတုန်းပါပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါအပါအဝင် အခြားကူးစက်ရောဂါများ ကူးစက်ခံရတဲ့ လူနာများအတွက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ ၁၉၉၅ ကိုလည်းပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်ပါတယ်။ အစိုးရဌာနဆိုင်ရာလုပ်ငန်းခွင်မှာ အမှုထမ်းဆောင်နေသူဝန်ထမ်းများအတွက် ဆေးကုသခွင့်၊ နာမကျန်းဆေးခွင့်၊ နာမကျန်းပင်စင်ခံစားခွင့်နှင့် အခြားလူမှုရေးဆိုင်ရာခံစားခွင့်များကို ဝန်ထမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အပါအဝင် အခြားကူးစက် ရောဂါများ ကူးစက်မှုခံရသူများအနေနဲ့ ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေ အရ ဆက်လက်လုပ်ကိုင်နိုင်ပါကလည်း ဆက်လက်တာဝန်ထမ်း ဆောင်ခွင့်ပြုထားပါတယ်။ ကျွန်တော် တို့က HIV Positive, Negative မဟုတ်ပါဘူး။ Positive ဖြစ်ပေမယ့် သူဟာ Physically လုပ်နိုင်ကိုင်နိုင်သေးတယ်။ Mentally  ပေါ့နော်။ လုပ်နိုင်ကိုင်နိုင်သေးတယ်ဆိုရင် လုပ်နိုင်ကိုင်နိုင်ခွင့် ရှိပါတယ်။ ဥပမာ အသည်းရောင်အသားဝါ B,C ရှိသလိုမျိုးပေါ့။ Positive ဖြစ်သော်လည်း အသည်းမပျက်စီး သေးဘူး။ အသည်းမကျွတ်သေးဘူး။ အသည်းကင်ဆာမဖြစ်သေးဘူးဆိုရင် သူတို့က အလုပ်လုပ်ခွင့် ရှိပါတယ်။ ကျန်းမာရေးအခြေအနေအရ မကျန်းမာတော့ဘဲနဲ့ မလုပ်နိုင် မကိုင်နိုင် ဖြစ်လာတဲ့အခါကျတော့မှ နာမကျန်းပင်စင်စသည်ဖြင့် အလုပ်ကအနားယူတာ ဒီလိုလုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ပုဂ္ဂလိက လုပ်ငန်းများအတွင်းမှာ ဒီထက်ပိုပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနများမှာ လုပ်နေသလိုပဲ ပုဂ္ဂလိကလုပ်ငန်းများအနေနဲ့လည်း ဒီလိုလိုက်နာလုပ်ဆောင်နိုင် အောင်ပညာပေးခြင်း ခုနကပြောတဲ့ နည်းနာအမျိုးမျိုးနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ခုခံအား ကျဆင်းမှုကူးစက်ရောဂါ ကာကွယ်ရေး၊ ကုသရေးနှင်‌့ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ အဖွဲ့အစည်းပေါင်းစုံကနေပြီးတော့ လက်တွေ့ရင်ဆိုင်တွေ့ကြုံနေရတဲ့ အဟန့် အတားများကို ဒီနေ့ ခေတ်အခြေအနေ ပြောင်းလဲလာမှုများနှင့်အညီ နှီးနွယ်နေတဲ့ ကူးစက်နိုင်ဖွယ်ရှိတဲ့ လူအုပ်စုများ Rich Population ကိုကုသမှု၊ ကာကွယ်မှု၊ လူ့အသိုင်းအဝိုင်းကနေခွဲခြားဆက်ဆံမှု ပိုမိုလျော့နည်းလာစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအပြင် အခြားနှီးနွယ်ပတ်သက်နေတဲ့ ဝန်ကြီးဌာနများဖြစ်တဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ပိုမိုပူးပေါင်းဆောင်ရွက် လာနိုင်မှသာ Zero Discrimination အဆင့်ကို ရောက်ရှိမှာဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြပါရန် လိုအပ်ပါကြောင်းဖြေကြားပါသည်။