ပြည်ပ ကတင်သွင်းသော အချို့သော ချယ်ရီကားများမှ ထွက်သော အခိုးအငွေ့များသည် အဆုတ်ရောဂါ ဖြစ်စေနိုင်တဲ့အတွက် အချို့နိုင်ငံများမှာ ထိုအမျိုးအစားယာဉ်များကို ပြန်လည်စိစစ်၍ သိမ်းဆည်း ခြင်းများရှိကြောင်းကြားသိနေရပါတယ်။ မိမိတို့နိုင်ငံသို့ တင်သွင်းသော ချယ်ရီကားများတွင် အလားတူ အဆုတ်ရောဂါဖြစ်စေသော၊ ဓာတ်ငွေ့ထွက်စေသော ပစ္စည်းများမပါကြောင်း သက်ဆိုင်ရာကုမ္ပဏီမှ ဖြေရှင်းချက်ပေးကြောင်းကိုလည်း ကြားသိရပါတယ်။ ဤကိစ္စသည် တစ်မျိုးသားလုံးရဲ့ ကျန်းမာရေးနှင့် တိုက်ရိုက်ပတ်သက်နေတာဖြစ်တဲ့အတွက် အဆိုပါချယ်ရီကားများမှ အဆုတ်ရောဂါဖြစ်စေတဲ့ ဓာတ်ငွေ့များ ထွက်ပေါ်စေတဲ့ပစ္စည်းများပါ၊ မပါကို သက်ဆိုင်ရာဝန်ကြီးဌာနမှ မိမိတို့ ပညာရှင်များ ကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာစိစစ်ပြီး ပြည်သူအများစုကို ထုတ်ပြန်ကြေညာရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းပါသည်။
[ဦးအောင်သိန်းလင်း၊ တောင်ဥက္ကလာပမဲဆန္ဒနယ် ကိုယ်စား ဦးအေးမြင့်၊ အင်းစိန်မဲဆန္ဒနယ်မှ မေးမြန်းပါသည်။]
Asbestos က သဘာဝဆီလီကိတ် တွင်းထွက်အမျှင်အမျိုးအစားများမှာ ပါဝင်ပြီးတော့ အမျှင် ဒြပ်ပေါင်းများဖြစ်တဲ့ Chrysotile, Amosite စတဲ့ အမျှင်ဒြပ်ပေါင်းများ ပါဝင်ပါတယ်။ Asbestos ကို ရောမခေတ်က စပြီးတော့ စတင်အသုံးပြုခဲ့ပြီးတော့ အမေရိကန်ပြည်ထောင်စုမှာ ကန့်သတ်တားဆီးမှု မပြုခင်အထိဆိုရင် တန် သန်းပေါင်း ၃၀ အထိ အသုံးပြုခဲ့ကြောင်းလည်း လေ့လာ တွေ့ရှိခဲ့ကြပါတယ်။ Asbestos ရဲ့ ထူးခြားတဲ့စွမ်းရည်ကတော့ အပူဓာတ်ကို ခံနိုင်စွမ်းရှိပြီးတော့ ကာကွယ်ပေးနိုင်စွမ်း လည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရေယာဉ်များ တည်ဆောက်တဲ့နေရာမှာ ပိုက်လိုင်းများမှာ လည်းကောင်း၊ ဘွိုင်လာများမှာလည်းကောင်း၊ အင်ဂျင် အကာများနှင့် တာဘိုင်အစိတ်အပိုင်းများမှာ Asbestos ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါ တယ်။ ၎င်းအပြင် ၁၉၇၀ ခုနှစ် ပတ်ဝန်းကျင် အထိမှာဆိုရင် နေအိမ်အဆောက်အဦရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေမှာလည်း အသုံးပြုခဲ့ကြတာတွေ့ရပါတယ်။ ၎င်းရဲ့နောက်ပိုင်းမှာတော့ Asbestos ဟာ လူရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိလာတဲ့အတွက်ကြောင့် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံ အတော်များများမှာ ကန့်သတ်မှုများ ပြုလုပ်လာခဲ့ကြပါတယ်။
Asbestos ပါဝင်တဲ့ ပစ္စည်းဟာ လွှဖြင့်တိုက်ခြင်း၊ ကော်ပတ်စားခြင်း၊ ချိုးဖဲ့ခြင်း၊ ပွတ်တိုက်ခြင်းလုပ်မှ သာလျှင် ယင်းအမှုန့်များက လေထဲသို့ ရောက်ရှိနိုင်ပါတယ်။ ၎င်း Asbestos အမှုန့်များပါဝင်တဲ့ လေကို အချိန်ကြာမြင့်စွာ ရှူရှိုက်မိမယ်ဆိုလို့ရှိရင် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် အဆုတ်ထဲကို ရောက်ပြီးတော့ အဆုတ်ကင်ဆာနှင့် တစ်ရှူးအမျှင်များကြောင့် အဆုတ်တွင် အနာများ ဖြစ်ပွားနိုင်ပါ တယ်။ နှစ်ပေါင်း ၂၀ ၊ ၃၀ အတွင်းကြာမှ ယင်းလက္ခဏာများ ပေါ်နိုင်ကြောင်းကိုလည်း လေ့လာ တွေ့ရှိရပါတယ်။ ယေဘုယျအားဖြင့် မော်တော်ယာဉ်တစ်စီးမှာ Asbestos Material ပါဝင်တဲ့ အစိတ်အပိုင်း တွေဟာ Gasket များ၊ Seal များ၊ Brake Pad များ၊ Clutch Disc များမှာ ပါဝင်ပါတယ်။ ပြင်ပမှ တင်သွင်းတဲ့ ချယ်ရီမော်တော်ယာဉ်များမှာ ရောဂါဖြစ်စေနိုင်တဲ့ Asbestos Material များ ပါဝင်ခြင်း ရှိ၊ မရှိကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာရှိတဲ့ ၎င်းမော်တော်ယာဉ် ထုတ်လုပ် တဲ့ Cherry Automobile Co.,Ltd သို့ မေးမြန်းတဲ့အခါမှာ ပါဝင်ခြင်းမရှိကြောင်း ပြန်ကြားခဲ့တဲ့ အတွက်ကြောင့် စာနယ်ဇင်းတချို့ မှာလည်း တရားဝင်ဖော်ပြအသိပေးခဲ့ပြီး ဖြစ်ပါတယ်။
ပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် ပိုမိုတိကျမှုရှိစေရန် စက်မှုဝန်ကြီးဌာနက ကိုယ်စားလှယ်တစ်ဦး၊ Third Party ဖြစ်တဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာများ အသင်းကနေပြီးတော့ မော်တော်ယာဉ်ဆိုင်ရာ နည်းပညာကျွမ်းကျင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ် ၂ ဦးနှင့် စာနယ်ဇင်းက ကိုယ်စားလှယ် ၂ ဦးတို့ပါဝင်သော ကိုယ်စားလှယ် ၅ ဦးအဖွဲ့ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Wu Hu မြို့မှာ ရှိတဲ့ ချယ်ရီမော်တော်ယာဉ် ထုတ်လုပ်တဲ့ Cherry Automobile Co.,Ltd ကို ၁၇-၁၀-၂၀၁၂ မှ ၂၂-၁၀-၂၀၁၂ ရက်နေ့အထိ စေလွှတ်ပြီးတော့ ၎င်းမော်တော်ယာဉ်မှာ တပ်ဆင်အသုံးပြုတဲ့ ပစ္စည်းများကို အသေးစိတ်လေ့လာ ဆောင်ရွက်စေခဲ့ပါတယ်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ဟာ ချယ်ရီမော်တော်ယာဉ်များ ထုတ်လုပ်တဲ့ စက်ရုံမှာ တပ်ဆင်ထုတ်လုပ်နေတဲ့ ပစ္စည်းများကို မျက်မြင်စစ်ဆေးခဲ့ပြီးတော့ ရှန်ဟိုင်းမြို့မှာရှိတဲ့ S.G.S ဓာတ်ခွဲခန်းမှာလည်း ချယ်ရီ မော်တော်ယာဉ်မှာပါတဲ့ Asbestos များ ဘယ်အစိတ်အပိုင်းတွေမှာ ပါဝင်လဲဆိုတဲ့ဟာကို Intake Manifold Gasket, Exhaust Manifold Gasket, Exhaust Pipe Gasket, Cylinder Head Gasket, Gasket & Seals, Clutch Disc, Front Brake Traction Block, Rear Brake Shoe စတဲ့အချက်များကို ဓာတ်ခွဲစစ်ဆေးစေပြီးတော့ စစ်ဆေးချက်အဖြေ Test Report များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဆိုပါ Third Party အပါအဝင် သွားရောက်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ မျက်မြင်စစ်ဆေးတွေ့ရှိချက်အရ S.G.S Test Report အရ ပစ္စည်းအစိတ်အပိုင်း ၈ မျိုးအနက်မှ ၇ မျိုး မှာ Asbestos Material မပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ကျန်တစ်မျိုးဖြစ်တဲ့ Gasket & Seals မှာတော့ Asbestos ပါဝင်တဲ့အပြင် ကြေးနီဖြင့် Asbestos ကို အနားကွပ်ပြီးတော့ လုံခြုံမှုရှိ အောင်ကာကွယ်ထားတဲ့အပြင် High Temperature Resistance Material များ အသုံးပြုထားတဲ့ အတွက်ကြောင့် အန္တရာယ်ဖြစ်စေနိုင်တဲ့ Asbestos အမှုန့်များ ထွက်နိုင်ခြင်းမရှိကြောင်း စနစ်တကျ စီမံထားရှိကြောင်းကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် Myanmar Mini မော်တော်ယာဉ် နှင့် ချယ်ရီမော်တော်ယာဉ်များမှာ ပြည်သူလူထုအား အန္တရာယ်ဖြစ်စေနိုင်သော Asbestos များ ပါဝင်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိချက်များကို ပြည်သူတစ်ရပ်လုံး သိရှိနိုင်စေရန် ဝန်ကြီးဌာနအနေနဲ့ သတင်းများ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
