ဦးခင်မောင်ရွှေ(တမူးမဲဆန္ဒနယ်)
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းမှာ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် အတွက် ခုတင် ၁၀၀ ဆံ့ ခရိုင်အဆင့် ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၆ ခုတို့ရှိကြောင်း သိရှိရပါတယ်။ ကျေးလက်ကျန်းမာရေးဌာန ခွဲ ၁၆ ခုရှိတဲ့အနက် ခမိတ်ကျေးရွာဟာ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေး ဌာနအဖြစ်သို့လည်းကောင်း၊ မြို့သစ်မြို့နယ်ခွဲမှ လှည်းဆိပ်ကျေးရွာ၊ တမူးမြို့နယ်မှ အလှော်ကျေးရွာ နှင့် ခမ်းပတ်မြို့နယ်ခွဲမှ စွန်လည်ရွာသစ်ကျေးရွာ၊ ကနန်ကျေးရွာ၊ ခမ်းပတ်အမှတ် (၄) ကျေးရွာ တို့အား ကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ဖွင့်လှစ်ရန်အတွက်လည်းကောင်း၊ တမူးမြို့ပေါ်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနအတွက် လိုအပ်လျက်ရှိသော သားဖွားဆရာမ ၂ ဦး ခန့်ထားနိုင်ရေး တို့အတွက် သက်ဆိုင်ရာ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ အဆင့်ဆင့် တင်ပြထားပြီးဖြစ်ကြောင်း သိရှိရပါ တယ်။ သို့ပါ၍ အောက်ပါမေးခွန်းအား မေးမြန်းအပ်ပါတယ်။ တမူးခရိုင်အတွင်းရှိ အသစ်တိုးချဲ့ ဖွင့်လှစ်လိုသည့် ကျန်းမာရေးဌာန၊ အသစ်တိုးချဲ့ဖွင့်လှစ်လိုသည့် ကျန်းမာရေးဌာနခွဲများနှင့် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်လိုအပ်သည့် သားဖွားဆရာမ ၂ ဦးတို့အား ခန့်ထားပေးရေးတင်ပြချက် တို့အား မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ခမိတ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနအသစ် တိုးချဲ့ဖွင့်လှစ်နိုင်ရန်နှင့် လှည်းဆိပ်၊ အလှော်၊ စွန်လည်ရွာသစ်၊ ကနန်နှင့် ခမ်းပတ် အမှတ် (၄) ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ အသစ်ဖွင့်လှစ်ခွင့်ရရှိရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားအပ်ပါတယ်။ တမူးမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနမှာ အမျိုးသမီးကျန်းမာရေးဆရာမ ခွင့်ပြု ၁ ဦး၊ ခန့်ထား ၁ ဦး၊ သားဖွားဆရာမ ခွင့်ပြု ၂ ဦး၊ ခန့်ထား ၂ ဦး အပြည့်ခန့်ထားပြီးဖြစ်ပါတယ်။ တမူးမြို့နယ် မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ထပ်မံ၍ သားဖွားဆရာမ ၂ ဦး တိုးချဲ့ခန့်ထားရန် ခွင့်ပြုချက်တောင်းခံ ပြီး ခွင့်ပြုချက်ရရှိသည့်အချိန်တွင် တိုးချဲ့ခန့်ထားပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
