ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ပါတီစုံဒီမိုကရေစီစနစ်နှင့် သမ္မတ အုပ်ချုပ်ရေးကိုပြောင်းလဲပြီး ကျင့်သုံးလျက်ရှိလာပါပြီ။ ယခင်က ဆိုရှယ်လစ်စနစ်မှာဆိုရင် ပုဂ္ဂလိက ပိုင်လုပ်ငန်းတွေက အသေးစားအိမ်တွင်းစက်မှုလုပ်ငန်းအဆင့်မှာ ရှိခဲ့ပါတယ်။ ယခုအခါမှာ ကြီးထွား လာတဲ့ စီးပွားရေးလုပ်ငန်း၊ ဈေးကွက်စီးပွားရေးစနစ်အတွက် နိုင်ငံပိုင်၊ နိုင်ငံသားပိုင်၊ နိုင်ငံခြားသား ပိုင်ကုမ္ပဏီတွေကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီအခါမှာဆိုရင် ကျွန်မတို့ ဆိုရှယ်လစ်စနစ် တုန်းကဆိုရင် ဒီအလုပ်သမားတွေအတွက် ပြဋ္ဌာန်းခဲ့တဲ့ ရပိုင်ခွင့်နှင့် တာဝန်တွေအတွက်ကို ၁၉၆၄ ခုနှစ် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် တာဝန်များဥပဒေဆိုပြီးတော့ ဆိုရှယ်လစ်ဥပဒေသတွေနဲ့အညီ ပြဋ္ဌာန်းဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီးတော့ ၁၉၅၄ ခုနှစ်တုန်းကတည်းကလည်း လူမှုဖူလုံရေးဥပဒေ မှာပါဝင်တဲ့ ပုဂ္ဂလိက အလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်ကိုလည်းပဲ ၂၀၁၂ ခုနှစ်မှာ အခု ကျွန်မတို့ ပြန်လည် ပြဋ္ဌာန်းလိုက်တဲ့အခါမှာ ပိုမိုပြည့်စုံလာတာ တွေ့ရပါတယ်။ ဒါပေမယ့် အခု အသစ်ပြဋ္ဌာန်း လိုက်တဲ့ လူမှုဖူလုံးရေးဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ် (၂)အရဆိုရင် သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်ကို ပုဂ္ဂလိက အလုပ်သမားတွေလည်း ခံစားခွင့်ရရှိလာကြတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အလုပ်သမားတွေရဲ့ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်မှာပါဝင်တဲ့ ပင်စင်နှင့် ကရုဏာကြေးကလည်း ဝင်ငွေခွန်ဥပဒေအရ လစာခေါင်းစဉ် အောက်မှာ အကျုံးဝင်လျက်ရှိတယ်။ အဲဒါကြောင့်မို့လို့ ဝင်ငွေခွန်ဥပဒေပုဒ်မ ၉ မှာ ဖော်ပြထားတဲ့ အတိုင်းပဲ ဝင်ငွေခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဝန်ထမ်းတွေရဲ့ ပင်စင်နှင့် ကရုဏာကြေးတွေကျတော့ သီးခြားပြဋ္ဌာန်း ပြီးတော့ အခွန်ကနေပြီးတော့ ကင်းလွတ်စေခွင့်ပြုထားတာ ရှိပါတယ်။ ဒါပေမယ့် အခုအခါမှာဆိုရင် ပုဂ္ဂလိကဝန်ထမ်းတွေကလည်း နိုင်ငံတော်ရဲ့အကျိုးကို တစ်ဖက်က သယ်ပိုးနေရတဲ့အတွက်ကြောင့် မို့လို့ အစိုးရဝန်ထမ်းများနည်းတူ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်မှာပါဝင်တဲ့ ပင်စင်နဲ့ ကရုဏာကြေးငွေကို ဝင်ငွေခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်နိုင်ရန် ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ ဖြေကြား ပေးပါရန် လေးစားစွာမေးမြန်းတင်ပြအပ်ပါတယ်။ တစ်ထပ်တည်း ကျွန်မမေးလိုတာက ဒီကျွန်မတို့ ဟိုတလောတုန်းက ထောက်ပံ့ကြေးတွေပေးခဲ့တဲ့အခါမှာ ထောက်ပံ့ကြေးဆိုတဲ့အခါ ပြန်ရှင်းပြရမယ် ဆိုရင် အမှန်ကုန်ကျတဲ့ ငွေကိုကာမိဖို့အတွက် အစိုးရကပေးတဲ့ ထောက်ပံ့ကြေးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထောက်ပံ့ကြေးငွေပေါ်မှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီး ဌာနကနေပြီးတော့မှ ၃-၁၀-၂၀၁၂ ရက်နေ့စွဲပါ ညွှန်ကြားလွှာအမှတ် ၃/၂၀၁၂ (ဝ-ခ) အပိုဒ်ခွဲ(၃) အရ ဝင်ငွေဖြင့် ထည့်သွင်းခြင်းမပြုရမယ့် ဝင်ငွေများဆိုတဲ့ ခေါင်းစဉ်သတ်မှတ်ထားတဲ့အတွက်ကြောင့် ထောက်ပံ့ကြေးငွေကိုလည်း အခုအခါ အခွန်ကောက်နေသည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဥပဒေနှစ်ခုနဲ့ အမိန့်ကြော်ငြာစာနှစ်ခုကို ကိုးကားပြီးတော့ ဖြေဆိုပေးသွားမှာ ဖြစ်ပါတယ်။ ပထမဥပဒေကတော့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီးတော့ ပုဒ်မ ၃၈၉ မှာ နိုင်ငံသားတိုင်းဟာ ဥပဒေအရ အခွန်အကောက်ထမ်းဆောင်ရန် တာဝန်ရှိတယ်ဆိုပြီး တော့ ပြဋ္ဌာန်းထားပါတယ်ခင်ဗျား။ ဒုတိယဥပဒေကတော့ ဝင်ငွေခွန်ဥပဒေ ဖြစ်ပါတယ်။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၉ မှာ မည်သူမဆို လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ပင်စင်၊ ကရုဏာကြေးတို့အတွက် အခွန်ဆောင်ရမယ်ဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်ခင်ဗျား။ အဲဒီ မည်သူမဆိုဆိုတဲ့စကားမှာ အစိုးရ ဝန်ထမ်းရော၊ ပုဂ္ဂလိကဝန်ထမ်းရော အကျုံးဝင်ပါတယ်ခင်ဗျား။ ဒါနဲ့ ပတ်သက်ပြီးတော့မှ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာနကနေပြီးတော့မှ ၁၂-၈-၂၀၀၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၃၆/၂၀၀၇) အရ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများနဲ့ အငြိမ်းစားဝန်ထမ်းများ၏ လစာနှင့် ပင်စင်ကရုဏာကြေး ကို အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ သို့သော်လည်းပဲ အဲဒီအမိန့်ကြော်ငြာစာကို ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနရဲ့ ၁၅-၃-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၆/၂၀၁၂) အရ ပယ်ဖျက်ပြီး ဖြစ်ပါတယ်။ အဲဒီလို ပယ်ဖျက်ခဲ့ပြီးဖြစ်တဲ့အတွက် ယခုအခါ နိုင်ငံ့ဝန်ထမ်းများရော၊ အငြိမ်းစား ဝန်ထမ်းများရော အခွန်ကင်းလွတ်ခွင့်မရဘဲနဲ့ ပေးဆောင်နေရပါတယ်ခင်ဗျား။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးရဲ့ ပထမမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အခုအခါမှာတော့ နိုင်ငံ့ဝန်ထမ်းများရော၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များရော ပေးဆောင်နေရတဲ့ အတွက်ကြောင့် ပုဂ္ဂလိကဝန်ထမ်းများလည်းပဲ Taxable Income ရှိတယ်ဆိုရင် ပေးဆောင်ရမှာ ဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါ်တင်နွယ်ဦးရဲ့ ဒုတိယ မေးခွန်းမှာ ထောက်ပံ့ကြေးတွေကို ဝင်ငွေအဖြစ် မသတ်မှတ်ဘူးဆိုပြီးတော့ အဲဒီပေါ်မှာ ကောက်နေ တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကတော့ ကျွန်တော် စုံစမ်းပြီးတော့ ပြန်တင်ပြမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
