(စ)-မိုးမိတ်-သစ်ခွဲပင်-တွင်းငယ်လမ်းပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၃) ရက်မြောက်နေ့ (၆-၁၀-၂၀၁၁)

မိုးမိတ်-သစ်ခွဲပင်-တွင်းငယ် လမ်းပိုင်းဟာ ၄၆ မိုင်ရှည်လျားပြီး မန္တလေး-ဗန်းမော် မဟာဗျူဟာလမ်းကို တွင်းငယ်မှာသွားရောက် ဆုံတွေ့တဲ့ လမ်းမကြီးတစ်ခု ဖြစ်ပါတယ်။ တွင်းငယ်မှ သစ်ခွဲပင်အထိ ၁၂ မိုင်ဟာ သပိတ်ကျင်း မြို့နယ်မှာပါဝင်ပြီး သစ်ခွဲပင်မှ မိုးမိတ်မြို့အထိ ၃၄ မိုင်ဟာ မိုးမိတ်မြို့နယ်အတွင်းမှာ ပါဝင်နေပါတယ်။ အဆိုပါ မိုးမိတ်-တွင်းငယ်လမ်းပိုင်းဟာ တံတားကြီးငယ် ၁၄၁ စင်းရှိပြီး မိုးမိတ်မြို့နယ်အတွင်းမှာ တံတား ၁၃၁ စင်း  ရှိကြောင်းကိုလည်း သိရှိရပါတယ်။ အဆိုပါလမ်းပိုင်းကို ၂၀၀၂-၂၀၀၃ ခုနှစ်မှ စတင်ပြီး ၂၀၀၆-၂၀၀၇ ခုနှစ်အထိ လမ်းအထူးအဖွဲ့ ၁၄ မှ ဖောက်လုပ်ခဲ့ရာ အရှည်မိုင် ၄၆ မိုင်၊ လမ်းအကျယ်ပေ ၃၀၊ အမာခံမြေသားလမ်းအဖြစ် ဖောက်လုပ်ဆောင်ရွက်ခဲ့သဖြင့် မိုးမိတ်မြို့နယ်မှ လုပ်သားပြည်သူများနှင့်လမ်းကြောင်း တစ်လျှောက်ကျေးရွာအုပ်စု ၇ အုပ်စု၊ ကျေးရွာ ၁၉ ရွာ ယင်းလမ်းနှင့်ဆက်စပ်လျက် ကျေးရွာ ၁၉ ရွာနဲ့ ကျေးရွာအုပ်စုမှ ကျေးရွာ ၆ ရွာတို့နေထိုင်ကြတဲ့ ကျေးလက်နေပြည်သူလူထုများ ဝမ်းသာရွှင်မြူးခဲ့ကြပါတယ်။ဆက်လက်ပြီးတော့ ၂၀၀၈-၂၀၀၉ ခုနှစ် မှာ တကောင်း-ကသာလမ်း စီမံကိန်းဌာန ၊၂၀၀၉-၂၀၁၀ ခုနှစ်မှာ အဆောက်အဦအထူးအဖွဲ့-၆ မန္တလေးမှ တာဝန်အသီးသီးယူခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၀-၂၀၁၁ ခုနှစ်မှာ မိုးမိတ်-သစ်ခွဲပင် လမ်းပိုင်း ၃၄ မိုင်အား ကတ္တရာလမ်းခင်းရန်အတွက် ပြင်ဦးလွင်ခရိုင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမိုင်တိုင် ၁၂ မှ မိုင်တိုင် ၁၄ မိုင် ၆ ဖာလုံအထိ တာဝန်ယူခဲ့ရာ ၆ ဖာလုံသာ လမ်းအပိုင်း ချိုင့်ခွက်များကိုဖာထေးခြင်းလုပ်ငန်းများကိုလည်းကောင်း၊ကျောက်ဆည်ခရိုင်ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ မိုင်တိုင် ၁၄ မိုင် ၆ဖာလုံ မှ ၂၃ မိုင် ၆ဖာလုံအထိ ၉ မိုင် ရှည်သောလမ်းပိုင်းတွင် ၆ ဖာလုံသာ ကတ္တရာခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ အဆောက်အဦ အထူးအဖွဲ့ ၆၊ မန္တလေးအနေဖြင့် မိုင်တိုင် ၂၃ မိုင် ၆ဖာလုံမှ ၃၅ မိုင် အထိ ၁၂ မိုင် ၆ ဖာလုံလမ်းပိုင်းမှာ ပစ္စည်းများစုဆောင်းနေဆဲဖြစ်ပြီး လုပ်ငန်းအားလုံး၏ ၃၀% ကိုလည်းကောင်း၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအနေဖြင့် ၃၅ မိုင် ၆ဖာလုံမှ ၄၆ မိုင်အထိ ၁၀ မိုင် ၂ ဖာလုံတွင် ၁ မိုင်သာ ကတ္တရာခင်းခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ ကြောင်းတွေ့မြင်ရပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ မိုးမိတ်-တွင်းငယ်လမ်းပိုင်း တံတားများအနေဖြင့်လည်း ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ပြင်ဆင်ထိန်းသိမ်းစရိတ် ချထားပေးခြင်းမရှိသည့်အတွက် ဆောင်ရွက်နိုင်မှုမရှိဘဲ ပျက်စီးသွားသောတံတားများမှာ ချောင်းရေခန်းခြောက်ချိန်တွင် လမ်းများမှ သွားရပြီး ချောင်းရေကြီးပါက မသွားနိုင်တော့တဲ့ အခြေအနေရှိကြောင်း သိရှိရပါတယ်၊၊ ဒိုင်းနမစ် ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့်လည်း သံကူကွန်ကရစ်တံတား ၆ စင်းအား လျာထားခဲ့ရာရန်ပုံ‌ငွေ ရရှိမှုအပေါ်မူတည်ပြီး တံတားများတစ်ဝက်တစ်ပျက်ဖြင့် ဆောင်ရွက်နေကြောင်းကိုလည်းသိရှိရပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့(က) အဆိုပါမိုးမိတ်-သစ်ခွဲပင်-တွင်းငယ် လမ်းမကြီးအားဆောင်ရွက်ပြုပြင်နိုင်ရန် ရန်ပုံငွေများချထားပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ် ရှိမည်ဆိုပါက မည်ကဲ့သို့သောအချိန်တွင် ချထားပေးပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ဟာဆိုလို့ ရှိရင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်ရှိ မိုးမိတ်မြို့တို့ကိုဆက်သွယ်ထားတဲ့ လမ်းဖြစ်ပါ တယ်။ တွင်းငယ်-မိုးမိတ်လမ်းဟာ ၄၆ မိုင် အရှည်ရှိပါတယ်။ ၂၀၀၀-၂၀၀၁ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှ စတင်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့ လမ်းလည်းဖြစ်ပါတယ်။ ဒီလမ်းကို စတင်ဖောက်တာကတော့ လမ်း ဆောက်လုပ်ရေးအထူးအဖွဲ့(၁၄)ကနေပြီးတော့ ဒု-အင်ဂျင်နီယာမှူးကြီးအဖွဲ့ကနေ တာဝန်ယူပြီး ဆောင်ရွက်ခဲ့တဲ့ လမ်းဖြစ်ပါတယ်။ ၂၀၀၇-၂၀၀၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကျတော့ တကောင်း-ကသာ လမ်းစီမံကိန်းအဖွဲ့ကနေ လမ်းတံတားလုပ်ငန်းများလွှဲပြောင်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၀-၂၀၁၁ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှာ လမ်းတံတားလုပ်ငန်းများကို အဆင်မြှင့်တင် ဆောင်ရွက်နိုင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကနေဆောင်ရွက်တဲ့ တွင်းငယ်-မိုးမိတ် လမ်း ၃၁-၅-၂၀၁၁ ရက်နေ့ အခြေအနေကို တင်ပြရရင် ကတ္တရာလမ်း ၂ မိုင် နဲ့ ကျောက်လမ်းကတော့ ၉ မိုင် ၆ ဖာလုံ၊ စုစုပေါင်း ၁၁ မိုင် ၆ ဖာလုံဟာ မန္တလေးတိုင်းဒေသကြီးအပိုင်းမှာပါပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းအပိုင်း ကတော့ ကတ္တရာလမ်း ၁ မိုင် ၃ ဖာလုံ၊ ကျောက်လမ်း ၈ မိုင် ၄ ဖာလုံ၊ မြေလမ်း  ၂၄ မိုင် ၃ ဖာလုံ၊ စုစုပေါင်း   ၃၄ မိုင် ၂ ဖာလုံပါရှိသော လမ်းပိုင်းဖြစ်ပါတယ်။ တွင်းငယ်-မိုးမိတ်လမ်းပေါ်မှာရှိတဲ့ တံတားတွေကို တင်ပြရရင် ၂၀ ပေအောက်တံတား ၅၅ စင်းနဲ့  ၂၀ ပေမှ ၅၀ ပေအောက်တံတား ၅၁ စင်း၊ ၅၀ ပေမှ ၁၀၀ ပေအောက်တံတား ၁၁ စင်း၊ ၁၀၀ ပေမှ ၁၈၀ ပေအောက် တံတား ၂ စင်းနဲ့ ၁၈၀ ပေ အောက်တံတား ၁ စင်းရှိပါတယ်။ စုစုပေါင်းတံတားအားလုံး အစင်းပေါင်း ၁၂၀ ရှိပါတယ်။        ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေနဲ့ လုပ်ဆောင်ထားတဲ့လုပ်ငန်းတွေကတော့ မန္တလေးတိုင်း‌ဒေသကြီးအပိုင်းမှာတော့ ကတ္တရာခင်းလုပ်ငန်း ၂ ဖာလုံပါပါတယ်။ လမ်းချိုင့်ခွက် ပေါက်တဲ့ဟာတွေကို ကျောက်များဖြင့်ဖာထေးကြိတ်ခြင်းဟာ ၁၅ မိုင်ပါပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း အပိုင်းတင်ပြရရင်တော့ ကတ္တရာခင်းခြင်းလုပ်ငန်း ၂ ဖာလုံပါပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ခွဲဝေတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနဲ့ ပါဝင်တဲ့လုပ်ငန်းတွေကတော့ သာမန် ပြင်ဆင်ထိန်းသိမ်းခြင်းက ၁၁ မိုင် ၆ ဖာလုံနဲ့ ၄၀ ပေအကျယ် မြေသားလမ်းတာပေါင်တင်ခြင်းဟာ   ၉ မိုင် ၆ ဖာလုံ၊ ၅၀ ပေ အောက် သစ်သားတံတားယက်မနဲ့ကြမ်းခင်း၊ ဘီးလမ်းများနှင့်လက်ရမ်းများ ပြုပြင်ခြင်းဟာ ၄ စင်းတို့ပါပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ရွှေလီ ၃ ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်တဲ့အတွက် ၎င်းရဲ့လုပ်ငန်းသုံးပစ္စည်းတင်တဲ့ မော်တော်ယာဉ်ကြီးတွေ၊ မန္တလေး၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ပုပ္ပါးတောင်ကနေ ပိုဇိုလန်သွားမယ့်ယာဉ်ကြီးတွေအပါအဝင် ယာဉ်ပေါင်းမြောက်မြားစွာအသုံးပြုနေတာ ဖြစ်ပါတယ်။ တွင်းငယ်-မိုးမိတ်လမ်းပေါ်မှာတံတားငယ်များ၊ တံတားကြီးများ၊ သစ်သားတံတားများဖြစ်ပြီး ဝန်ခံနိုင်မှုအားနည်းတဲ့အတွက် တံတားများဟာပျက်စီးမှု များရှိနေပါတယ်။ ယခုနှစ်မှာလည်း မိုးရွာသွန်းမှုများပြားတဲ့အတွက် သစ်သားတံတားများ ရေတိုက်စား ပြီးတော့ ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ တွင်းငယ်-မိုးမိတ်လမ်း ဟာ မူလမြေလမ်းကနေ ကျောက်လမ်းအဆင့်သို့ တဖြည်းဖြည်းမြှင့်တင်ဆောင်ရွက်လျက်ရှိတဲ့လမ်း ဖြစ်ပါတယ်။ ရွှေလီ ၃ ရေအားလျှပ်စစ်ဆောင်ရွက်နေတဲ့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့ တည်ဆောက်ရေးကာလ လမ်းအသုံးပြုနေစဉ်အတွင်းမှာ လမ်းအဆင့်များ နိမ့်ကျမသွားစေရန် ပြင်ဆင်ထိန်းသိမ်းခြင်း၊ လမ်းပြုပြင်ခြင်းများကို အခုဝန်ကြီးဌာန နှစ်ခုပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။