ကျောက်ကြီးမြို့နယ်မှာ လူဦးရေတစ်သိန်းကျော်ရှိပါတယ်။ ကရင်အမျိုးသားများ၊ ရှမ်းအမျိုးသားများနဲ့ ဗမာအမျိုးသားများ စည်းလုံးညီညွတ်စွာနဲ့ နေထိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့လေးခုမှာ မှီခိုနေတဲ့ မိသားစုများဟာ မြို့နယ်ဆေးရုံကို မှီခိုနေရတာဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ တိုက်နယ် ဆေးရုံနှစ်ခုနဲ့ မြို့နယ်ဆေးရုံတစ်ခုရှိပါတယ်။ မြို့နယ်ဆေးရုံမှာဆိုလို့ရှိရင် ဆရာဝန်တစ်ဦးတည်း ရှိတာဟာ တစ်နှစ်ကျော်ပါပြီ။ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနကလည်းပဲ ၁၉-၁-၂၀၁၁ ရက်စွဲပါ စာအမှတ်၊ ကမဘ/ဃ(၉၀၁)၂၇ နဲ့ ခုတင် ၅၀ ဆေးရုံကြီးအဆင့်ကို ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်းမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ မြို့နယ်ဟာ တောတောင် ထူထပ်တဲ့အတွက် ငှက်ဖျား၊ တီဘီနဲ့ မြွေကိုက်တဲ့ဝေဒနာ အများအပြားဟာ အခြားမြို့နယ်များထက် ပိုပါတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်တို့မြို့နယ်ဟာ ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ အင်မတန်များပြားတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ထိခိုက်ဒဏ်ရာရနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကျေးလက်မှာရှိတဲ့ ကျေးလက်ပြည်သူတွေအများစုဟာ ထိခိုက်ဒဏ်ရာရပါတယ်။ အဲဒီတော့ ခုတင် ၅၀ ဆေးရုံကြီးမှာ မြို့နယ်ဆရာဝန်တစ်ဦးတည်းဟာ ကျွန်တော်ကိုယ်တိုင်ဆေးရုံမှာ အမြဲတစေ အကူအညီ ပေးနေတဲ့အတွက် ခံစားနားလည်သိရှိရပါတယ်။ ဒီဆရာဝန်ကြီးဟာဆိုလို့ရှိရင် အင်မတန်ချီးကျူး စရာကောင်းတဲ့ ဆရာဝန်ကြီးဖြစ်ပါတယ်။ ဒေါက်တာဦးခင်ဇော် သူဟာဆိုလို့ရှိရင် တစ်နှစ်ခွဲ ကျော်ကျော်မှာ တစ်ဦးတည်းနဲ့ တစ်ခါတစ်ရံမှာ ထိခိုက်ဒဏ်ရာရပြီးတော့မှ တစ်နေ့တည်းမှာ သုံးဦး ဖြတ်တောက်ရတာတွေ ရှိပါတယ်။ တခါတစ်ရံမှာ ရက်ဆက်ဖြတ်တောက်ခွဲစိတ်ရတာတွေ ကျွန်တော်တို့ မြို့နယ်မှာ ရှိပါတယ်။ တစ်နည်းအားဖြင့် ပဲခူးတိုင်း ၂၈ မြို့နယ်ပေါင်းရင် ခွဲစိတ် ဖြတ်တောက်ထားရတဲ့ ဒုက္ခိတတွေဟာ ကျွန်တော်တို့မြို့နယ်မှာ ပိုများမယ်လို့ ယူဆရပါတယ်။ ကျွန်တော့် မဲဆန္ဒရှင်တွေ ထဲမှာလည်း ဒုက္ခိတဟာတော်တော်များများရှိတယ်လို့ ကျွန်တော်ကိုယ်တိုင်လည်းပဲ အကူအညီပေးခဲ့ ရလို့ သိရှိရပါတယ်။ ဒီဆရာဝန်ကြီးဟာဆိုလို့ရှိရင် အစည်းအဝေးတက်ရတာလည်း သူပါပဲ။ နောက်ဆေးရုံရဲ့ စီမံခန့်ခွဲရေးကို ဆောင်ရွက်ရတာလည်းသူပါပဲ။ ခွဲစိတ်ဖြတ်တောက်ရတာလည်း သူပဲဖြစ်တဲ့အတွက် ကျောက်ကြီးမြို့နယ်မှာ မညည်းမညူဘဲနဲ့ တစ်နှစ်ခွဲကျော်ကျော် ဆောင်ရွက် ခဲ့ရတာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျန်းမာရေးဦးစီးဌာနကနေပြီးတော့ ၁၉-၁-၂၀၁၁ နေ့ ကစပြီးတော့ ကျောက်ကြီးမြို့နယ်မှာ ခုတင် ၅၀ ဆံ့ ဆေးရုံအဖြစ် ဖွင့်လှစ်ခဲ့ရပြီးတဲ့နောက်မှာ ဒီနေ့အထိ တစ်ဦးတည်းသော မြို့နယ်ဆရာဝန်ကြီးရှိပြီး လက်ထောက်လည်း မရှိပါဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ မြို့နယ်ရဲ့လိုအပ်ချက်ဖြစ်တဲ့အဆောက်အဦ၊ လိုအပ်တဲ့ပစ္စည်းပစ္စယနဲ့ လိုအပ်တဲ့ ဖွဲ့စည်းပုံပြည့်ဆရာဝန်၊ ဆရာမများကို ခန့်အပ်ပေးနိုင်ရေးအတွက် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ တကယ်လို့ အစီအစဉ်ရှိရင်လည်းပဲ အမြန်ဆုံးနည်းနဲ့ ဘယ်အချိန်ကာလလောက်မှာ ဆောင်ရွက် ပေးနိုင်မလဲဆိသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ဟာ စတုဂံနယ်ြမေဒေ သဖွံ့ဖြိုးတိုးတက် ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန် သတ်မှတ်ထားတဲ့ နယ်ြမေြခောက်ခုမှာ တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ အထက်ပါသတ်မှတ်ချက်အရ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့ ဆေးရုံအဆင့်က ခုတင် ၅၀ အဆင့်သို့ တိုးမြှင့်ပေးပါရန် တင်ပြချက်အပေါ် အစိုးရအဖွဲ့ရဲ့ ၂၅-၁၂-၂၀၁၀ ရက်စွဲပါစာအမှတ် ၆၀/၁၂၆/အဖရ-၄၈/၂၀၁၀-၂၀၁၁ ခွင့်ပြုကြောင်း အကြောင်းကြားလာပါသဖြင့် ကျန်းမာရေးဦးစီးဌာနအနေနဲ့ ၁၉-၁-၂၀၁၁ ရက်နေ့မှာ ဖွဲ့စည်းပုံအပြည့်ပေါ့။ ဆရာဝန်ခုနစ်ဦး၊ သွားဆရာဝန်တစ်ဦး၊ သူနာပြုဆရာမ ၂၃ ဦးပါဝင်တဲ့ စုစုပေါင်းဝန်ထမ်းအင်အား ၈၁ ဦးနဲ့ စံကိုက်ခုတင် ၅၀ ဖွဲ့စည်းပုံကို ခွင့်ပြုထားပြီးဖြစ်ပါတယ်။ အဲဒီတော့ လက်ရှိကျောက်ကြီးမြို့နယ်မှာ ခုတင် ၅၀ ဆံ့မြို့နယ် ဆေးရုံတစ်ရုံ၊ ၁၆ ခုတင်ဆံ့ မုန်းတိုက်နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့နတ်သံကွင်း တိုက်နယ်ဆေးရုံ၊ စုစုပေါင်းဆေးရုံသုံးရုံ၊ ကျေးလက်ကျန်းမာရေးဌာနလေးခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၇ ခုတို့နဲ့ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကို ပေးလျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့အတိုင်း ကျောက်ကြီးမြို့နယ်မှာ ထိခိုက်ဒဏ်ရာကများတယ်။ ငှက်ဖျားကလည်း ဆိုးတယ်ဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း နားလည်ပါတယ်။ ဒီ့အတွက် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတစ်ဦးအပြင် လစ်လပ်လျက်ရှိ တဲ့ ဆရာဝန်တစ်ဦးကိုခန့်နိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ သိတဲ့အတိုင်း လက်ထောက်ဆရာဝန်သစ်လွင်များကို မကြာခင်မှာ ခန့်အပ်တော့မှာဖြစ်ပါတယ်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က အင်တာဗျူးများခေါ်နေပြီဆိုတာလည်း သတင်းစာများမှာ တွေ့ကြမှာဖြစ်ပါတယ်။ အင်တာဗျူးခေါ်ပြီး ဆရာဝန်သစ်လွင်များ ခန့်အပ်ပြီးတဲ့အခါကျလို့ရှိရင်တော့ ကျောက်ကြီး ဆေးရုံကို ဦးစားပေးအနေနဲ့ ဖြည့်ဆည်းခန့်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
