အညာဒေသဟာ နွေရာသီမှာ အလွန်ပဲခြစ်ခြစ်တောက် ပူပြင်းခြောက်သွေ့လှပါတယ်။ နွေရာသီမှာ မီးဘေးအန္တရာယ်ဖြစ်မှာကို ပြည်သူလူထုတွေက အလွန်ပဲ စိုးရိမ်နေကြရပါတယ်။ ကျွန်တော့်အနေနဲ့ ငယ်စဉ်က အရန်မီးသတ်တပ်ဖွဲ့မှာ တပ်စုမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံအရလည်းကောင်း၊ ယခုနှစ် ၂ လပိုင်းမှာ ပျော်ဘွယ်မြို့မှာ စက်မှု ဝန်ကြီးဌာနရဲ့ ဝန်ထမ်းနေအိမ်များနှင့် ဧည့်ခန်းဆောင်များကို မီးလောင်တဲ့အတွေ့အကြုံများအရ လည်းကောင်း မီးသတ်ကား Fighter မီးသတ်ကား ၁ စီးကို ရေသယ်ယာဉ် ၂ စီးလိုအပ်တာလည်း တွေ့ရှိရပါတယ်။ နောက် မီးလောင်တဲ့အချိန်မှာ အချိန်မီငြှိမ်းသတ်နိုင်ဖို့အတွက် ကျွန်တော်တို့ဟာ ရမည်းသင်းမြို့နယ်ကို လှမ်းပြီးတော့ အကူအညီတောင်းရပါတယ်။ ဒါပေမယ့် အကူအညီလာပေးသော် လည်းပဲ ကျွန်တော်တို့ဟာ သွားတဲ့လာတဲ့ အချိန်နဲ့ကျတော့ ၄၅ မိနစ် လောက်ကြာပြီးတော့မှရောက်တဲ့ အခါမှာ လောင်စရာကကုန်သွားပါပြီခင်ဗျား။ အဲ့ဒါကြောင့် ဆိုလိုတာက ကူညီပေးတာကို ကျေးဇူးတင် ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့မှာက တကယ်လို့သာ မြို့မှာ မီးသတ်ကားတွေ များများစားစား ရှိမယ်ဆိုလို့ရှိရင် ပြည်သူ့ဘဏ္ဍာတွေ ဒီလောက် ဆုံးရှုံးစရာအကြောင်းမရှိဘူးလို့ တင်ပြခြင်း ဖြစ်ပါ တယ်။ ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ မီးလောင်ဆုံးရှုံးနေရတဲ့ တန်ဖိုးတွေကိုကြည့်ရင် လွန်စွာများ ပါတယ်။ အသက်တွေလည်းပေးရတာ ရှိပါတယ်။ ဒါကြောင့် အဆင့်မီတဲ့မီးသတ်ကားတွေကို တစ်မြို့ကို ၂ စီး လောက်ထပ်တိုးပြီးတော့ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေကို တိုးလိုက်ရင် နိုင်ငံပိုင်ပစ္စည်းတွေနှင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မီးသတ်ကားတွေဝယ်ဖို့၊ မီးသတ်ဝန်ထမ်းတွေတိုးဖို့၊ မီးသတ်စခန်းတွေတိုးချဲ့ဖွင့်လှစ်ဖို့အတွက် ဘတ်ဂျက်များ တိုးချဲ့လျာထားဖို့လိုမယ်လို့ ကျွန်တော့် အနေနဲ့ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်စဉ်မီးဘေးအန္တရာယ်ကြောင့် ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံပိုင်ပစ္စည်းတွေ ဆုံးရှုံးမှုများစွာ ရှိနေပါတယ်။ ထိုသို့ဆုံးရှုံးမှုများကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန် မီးလောင်မှု အများဆုံးဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများဖြစ်တဲ့ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်များမှာ မီးသတ်စခန်း တွေ တိုးချဲ့ဖွင့်လှစ်ပြီးတော့ ခေတ်မီတဲ့ မီးသတ်ယာဉ်များ တိုးချဲ့ချထားပေးသင့်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ထိုသို့မီးသတ်စခန်းများ တိုးချဲ့ချထားပေးရန်သော်လည်းကောင်း၊ ခေတ်မီမီးသတ်ယာဉ်များ တိုးချဲ့ဝယ်ယူပေးရန်သော်လည်းကောင်း အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်မီးသတ်စခန်းများတိုးချဲ့ချထား ရန်နှင့် မီးသတ်ယာဉ်များ ဖြည့်တင်းပေးရန် လျာထားချက်များအရ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိရာ ၅ ယူနစ်အဆင့် မီးသတ်စခန်း ၇ ခု၊ ၃ ယူနစ်အဆင့် မီးသတ်စခန်း ၁၈ ခု နှင့် ၂ ယူနစ်အဆင့် မီးသတ်စခန်း ၄ ခု၊ စုစုပေါင်း ၂၉ ခု ဖွဲ့စည်းပုံခွင့်ပြုပြီး ဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးနှင့် မြို့နယ်ခွဲ ၁ ခုတို့တွင် မီးသတ်စခန်းများ ဖွင့်လှစ် ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အရန်မီးသတ်စခန်း ၆၅ ခုတွင် မီးသတ်ယာဉ် ၇၄ စီး ဖြန့်ခွဲထားရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မီးသတ်စခန်းများ တိုးချဲ့ချထားရန်အစီအစဉ် မရှိပါ။ မီးသတ်ယာဉ် များ ဖြည့်တင်းရေးနှင့်စပ်လျဉ်း၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် အဆိုပါမီးသတ်စခန်း ၂၉ ခုအနက် မြို့နယ် ၉ မြို့နယ်အား စခန်းယူနစ် သတ်မှတ်ချက်ပြည့်မီစေရန် မီးသတ်ယာဉ် ၁ စီးစီဖြင့် စုစုပေါင်းမီးသတ်ယာဉ် ၉ စီးဖြည့်တင်းရန် စီမံကိန်းရေးဆွဲတင်ပြထား ပြီးဖြစ်ရာ ဘဏ္ဍာငွေခွင့်ပြုမိန့်ရရှိပါက အောင်မြေသာစံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ မြစ်သား၊ နွားထိုးကြီး၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်ငယ်စသည့် မြို့နယ်များတွင် မီးသတ်ယာဉ်များ ဖြည့်တင်း ပေးသွားမှာဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ရှိရာ ၅ ယူနစ်အဆင့် မီးသတ်စခန်း ၄ ခု၊ ၃ ယူနစ်အဆင့် မီးသတ်စခန်း ၁၇ ခုနှင့် ၂ ယူနစ်အဆင့် မီးသတ်စခန်း ၄ ခု၊ စုစုပေါင်း ၂၅ ခု ဖွဲ့စည်းခွင့်ပြုပြီး ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် မီးသတ် စခန်းများ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အရန်မီးသတ်စခန်း ၂၀ ခုတွင် မီးသတ်ယာဉ် ၂၅ စီး ဖြန့်ခွဲ ထားရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မီးသတ်စခန်းများ တိုးချဲ့ချထားရန်အစီအစဉ် မရှိပါ။ မီးသတ်ယာဉ်များ ဖြည့်တင်းရေးနှင့်စပ်လျဉ်း၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် အဆိုပါမီးသတ်စခန်း ၂၅ ခုအနက် မြို့သစ်၊ နတ်မောက်၊ စလင်း၊ စေတုတ္တရာ၊ မင်းလှ၊ မင်းတုန်း၊ အောင်လံ၊ ပေါက်၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ထီးလင်းစသည့် မြို့နယ် ၁၁ မြို့နယ်အား စခန်းယူနစ် သတ်မှတ်ချက်ပြည့်မီစေရန် မီးသတ်ယာဉ် ၁ စီးစီဖြင့် စုစုပေါင်းမီးသတ်ယာဉ် ၁၁ စီး ဖြည့်တင်းရန် စီမံကိန်းရေးဆွဲတင်ပြထားပြီးဖြစ်ရာ ဘဏ္ဍာငွေခွင့်ပြုမိန့်ရရှိပါက မီးသတ်ယာဉ်များ ဖြည့်တင်းပေးသွားမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိရာ ၅ ယူနစ်အဆင့် မီးသတ် စခန်း ၅ ခု၊ ၃ ယူနစ်အဆင့် မီးသတ်စခန်း ၂၃ ခုနှင့် ၂ ယူနစ်အဆင့် မီးသတ်စခန်း ၇ ခု၊ စုစုပေါင်းစခန်း ၃၅ ခု ဖွဲ့စည်းပုံခွင့်ပြုဖွင့်လှစ်ပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖွဲ့စည်းပုံတင်ပြရန် ကျန် ၂ မြို့နယ်ဖြစ်တဲ့ လဟယ်မြို့နယ်အတွက် ၃ ယူနစ်အဆင့်မီးသတ်စခန်းအသစ်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ လေရှီးမြို့နယ်အတွက် ၃ ယူနစ်အဆင့် မီးသတ်စခန်းအသစ်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း တင်ပြသွားရန် စီမံကိန်းရေးဆွဲ လျာထားတင်ပြထား ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အရန်မီးသတ်စခန်း ၃၅ ခုတွင် မီးသတ်ယာဉ် ၃၃ စီးဖြန့်ခွဲထားရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မီးသတ်စခန်းများ တိုးချဲ့ချထားရန် အစီအစဉ်မရှိပါ။ မီးသတ်ယာဉ် များဖြည့်တင်းရေးနှင့်စပ်လျဉ်း၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေဖြင့် အဆိုပါမီးသတ်စခန်း ၃၅ ခုအနက် မြောင်၊ ကျွန်းလှ၊ ဒီပဲယင်း၊ တန့်ဆည်၊ အရာတော်၊ ကနီ၊ ဆားလင်းကြီး၊ ကောလင်း၊ မင်းကင်း၊ မော်လိုက်၊ ခန္တီး၊ ဟုမ္မလင်းစသည့် မြို့နယ် ၁၂ မြို့နယ်အား စခန်းယူနစ်သတ်မှတ်ချက်ပြည့်မီစေရန် မီးသတ်ယာဉ် ၁ စီးစီဖြင့် စုစုပေါင်းမီးသတ်ယာဉ် ၁၂ စီး ဖြည့်တင်းရန် စီမံကိန်းရေးဆွဲတင်ပြထားပြီးဖြစ်ရာ ဘဏ္ဍာငွေခွင့်ပြုမိန့်ရရှိပါက မီးသတ်ယာဉ်များ ဖြည့်တင်းပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံခြားအကူအညီ အထောက်အပံ့ရယူ ဆောင်ရွက်လိုသည့်ကဏ္ဍ၊ နယ်မြေဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ၅ ယူနစ်အဆင့် မီးသတ်စခန်းများတွင် ရှာဖွေ ကယ်ဆယ်ရေးယာဉ် (Rescue Tender) များဖြည့်တင်းရန် စီမံကိန်းရေးဆွဲတင်ပြထားပြီး ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။
