ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက် ၄ ရပ်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တာနှင့်အညီ ၎င်းတို့၏ လုံခြုံရေးတာဝန်ဟာ ၂၄ နာရီတာဝန်ရှိကြောင်းလည်း သိရှိရပါတယ်။ ရဲတပ်ဖွဲ့ဝင်များဟာ ဒီလို ၂၄ နာရီတာဝန်ထမ်းဆောင်ကြရာမှာ မိမိတို့ရဲ့တာဝန်အလိုက် ညပိုင်းမှာ ပင်ပန်းစွာ တာဝန်ထမ်းဆောင်ပြီး နောက်တစ်နေ့မှာ ရဲတပ်ဖွဲ့ဝင်လုံလောက်မှုမရှိတဲ့အခြေအနေအရ အနားမယူရဘဲ ဆက်လက်ပြီး တာဝန်များကို ထမ်းဆောင်နေကြရတဲ့အခါမှာ ကျန်းမာရေးထိခိုက်ခြင်း၊ လုံလောက်သော အနားယူမှု မရရှိခဲ့ခြင်းများကြောင့် မလိုလားအပ်သောကိစ္စရပ်များ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ၂၄ နာရီတာဝန်ထမ်းဆောင်ကြရသူများ ဖြစ်သည့်အလျောက် ညပိုင်းတွင် တာဝန်ထမ်းဆောင်ပြီး နောက်တစ်နေ့တွင် လုံလောက်သော အနားယူမှုများ ဆောင်ရွက်နိုင်ရန်နှင့် အလှည့်ကျတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရဲစခန်းအသီးသီး တွင် ရဲတပ်ဖွဲ့ဝင်အဆင့်အလိုက် အင်အားတိုးချဲ့ခန့်ထားရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်ခန့်ထားဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရည်မှန်းချက် တာဝန်များဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ရဲတပ်ဖွဲ့ဝင်တိုင်းရဲ့ အလုပ်ဝတ္တရားများကို စီမံ အုပ်ချုပ်ခန့်ခွဲခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များရဲ့ အရပ်ရပ်အခွင့်အာဏာ အလုပ်ဝတ္တရားများနှင့် တာဝန်များ မှာ အမြဲဝတ္တရား ထမ်းရွက်ရခြင်းနှင့်ပတ်သက်လို့ ရဲလက်စွဲ ဒုတိယတွဲ အပိုဒ် ၁၀၄၀ တွင် ရဲတပ်ဖွဲ့ဝင် တို့သည် မိမိတို့ ဝတ္တရားဆောင်ရွက်ရန်အချိန်မှာ အရေးကိစ္စအားလုံးအတွက် အမြဲတစေ နေ့ရောညပါ ဝတ္တရား ဆောင်ရွက်ချိန်ဖြစ်သည်ဟု မှတ်ယူရမည့်အပြင် ၎င်းတို့အား နိုင်ငံအတွင်း မည်သည့်ဒေသ တွင်မဆို ဝတ္တရားဆောင်ရွက်စေနိုင်သည်လို့ ပြဋ္ဌာန်းထားရှိပါတယ်။ အဲ့ဒီလို ၂၄ နာရီ တာဝန်ချိန် သတ်မှတ်ထားရှိပေမယ့်လည်း ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရာမှာ အလှည့်ကျ အနားပေး တဲ့စနစ်ကို ကျင့်သုံးပြီး စနစ်တကျ တာဝန်များခွဲဝေပေးအပ်ပြီး ဆောင်ရွက်လျက်ရှိတဲ့အတွက် တပ်ဖွဲ့ ဝင်များအနေနဲ့ လုံလောက်တဲ့ အနားယူချိန်တွေ ရရှိအောင်ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်း တာဝန်များကိုလည်း ခွဲခြားသတ်မှတ်ထားရှိတဲ့အတွက် ကိုယ်စီလုပ်ငန်းတာဝန်များကို စွမ်းအားပြည့် ထမ်းဆောင်နိုင်လျက် ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရဲစခန်း များကို ပြည်သူနှင့် ရဲတပ်ဖွဲ့ဝင်များရဲ့ အချိုးညီမျှစေဖို့အတွက် ခေတ်နှင့်လျော်ညီတဲ့ ရဲစခန်းများရဲ့ ဖွဲ့စည်းပုံများကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ ရဲတပ်ရင်း/တပ်ဖွဲ့များကို အသစ်တိုးချဲ့ဖွဲ့စည်းခြင်းများကို နိုင်ငံတော်သမ္မတရုံးကို တင်ပြ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ရဲစခန်းအသီးသီးမှာ ရဲတပ်ဖွဲ့ဝင်အဆင့်အလိုက် အင်အားတိုးချဲ့ ခန့်အပ်သွားရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
