(ဂ)-မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုတိုးတက်ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၃) ရက်မြောက်နေ့ (၆-၁၀-၂၀၁၁)

ကျွန်တော်တို့နိုင်ငံမှာ ကျေးလက်လယ်ယာကုန်ထုတ်လုပ်ငန်းအတွက်ကို ဒီနေ့နိုင်ငံတော်အစိုးရက စက်မှုလယ်ယာစနစ်နှင့် အားသွန်ခွန်စိုက်ကြိုးပမ်းနေပေမယ့် နိုင်ငံတော်ရဲ့ ရေ၊ ‌ြမေသဘာဝအရ ကျွန်တော်တို့ နိုင်ငံရဲ့ ရေ‌ြမေသဘာဝနဲ့ ကိုက်ညီတဲ့ ကျွဲ၊ နွားတွေ ဒီနေ့ လက်လွှတ်လို့ မရသေးပါဘူး။ သီးနှံထုတ်လုပ်ဖို့ အတွက်လည်း ကျွဲ၊ နွားတွေရဲ့ လုပ်အားနဲ့ လုပ်ရတုန်းရှိပါသေးတယ်။ ရှေးအစဉ် အဆက်ကလည်းပဲ ကျွန်တော်တို့ တောင်သူလယ်သမားတွေဟာ ကျွဲ၊ နွားရဲ့ လုပ်အားတွေနဲ့နိုင်ငံ့ရိက္ခာ ဖြည့်ဆည်းပေးခဲ့ပါတယ်။ သမိုင်းအရဆိုရင်တော့ ၁၈၉၀ ခုနှစ်၊ အင်္ဂလိပ်ကိုလိုနီ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးဝါးကုသဌာနကို စပြီးတော့ထူထောင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ဆိုရင် မြန်မာနိုင်ငံမွေးမြူရေးနဲ့ ဆေးကုသရေးဦးစီးဌာနရဲ့ သက်တော်သည် ၁၈၉၀ ခုနှစ်က စတဲ့အတွက် အနှစ် ၁၂၀ အာရှမှာတော့ ဒီဌာနဟာသက်‌တော်ရှည်ဌာနကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုလည်းပဲ နိုင်ငံတော်က မွေးမြူရေးနဲ့ဆေးကုသရေးတက္ကသိုလ်ကြီးကို ဖွင့်လှစ်ပြီး တကယ်တတ်ကျွမ်းနားလည် ပြီးတော့ ကမ္ဘာ့အဆင့်မီတဲ့ အတတ်ပညာရှင်တွေ ဆေးကုသရေးပညာရှင်တွေကို ထိုက်ထိုက် တန်တန်မွေးထုတ်ခဲ့ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လက်ရှိ အနေအထားအရဆိုရင်တော့ တိရစ္ဆာန်ဆေးကုဆရာဝန်များနဲ့ တိရစ္ဆာန်ဆေးကုဝန်ထမ်းများဟာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် လိုအပ်ချက်နဲ့အညီ ဖြည့်ဆည်းပေးနိုင်မှု မရှိသေးပါဘူး။ ဒီမှာ ကျွန်တော်တို့ ကမ္ဘာနဲ့ယှဉ်ပြီးကြည့်မယ် ဆိုရင်တော့ ၂၀၁၁-၂၀၁၂ ရဲ့ ကိန်းဂဏန်းအရ ကျွန်တော်တို့ နိုင်ငံမှာ တိရစ္ဆာန်ဆေးကုဝန်ထမ်းဦးရေ ဟာ အချိုးအားဖြင့်ဆိုရင် တိရစ္ဆာန်ယူနစ်နဲ့ဆိုရင် ၁း၁၈၈၅၀ လို့ သိရှိရပါတယ်။ အနောက်နိုင်ငံတွေမှာ တော့ ၁း၂၅၀၀၊ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ၁း၈၇၂၂ ရှိတဲ့အတွက် နိုင်နိုင်နင်းနင်းနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်လို့ရပါတယ်။ အိမ်နီးချင်းနိုင်ငံအနေနဲ့ဆိုရင်တော့ ကမ္ဘောဒီးယားဟာ ကျွန်တော်တို့ထက် နိမ့်ပါတယ်။ သူတို့ရဲ့အချိုးအစားကတော့ ၁း၃၀၀၀၀ဖြစ်တဲ့အတွက် ကျွန်တော်တို့ ထက်တစ်ဆကျော်လောက် ထမ်းဆောင်နေရတဲ့ အခြေအနေရှိပါတယ်။ လက်ရှိအ‌ြခေအနေဟာ ကျွန်တော် တို့ရဲ့ ဒီနေ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ၈ ခုမှာ မွေးမြူရေးနဲ့ သားငါးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ကျွန်တော်တို့ ဒီနေ့ တိရစ္ဆာန်ယူနစ်ကို ကိုင်တွယ် ကြည့်ရှုနေရတဲ့ အနေအထားဟာလုံလောက်မှုမရှိပါဘူး။ ဆီလျော်မှုမရှိဘူး။ လိုအပ်ချက်တွေရှိနေသေး တယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်။ ဒါကြောင်‌့လည်းပဲ ဒီနေ့ တိရစ္ဆာန်ဆေးကုဝန်ထမ်းများ ဌာနအနေနဲ့ဆိုလို့ရှိရင်တော့ ရောဂါသုတေသနဓာတ်ခွဲခန်းတွေ နည်းပါးနေပါသေးတယ်။ ကူးစက် ရောဂါများကျရောက်လို့ရှိရင် ရောဂါထိန်းချုပ်ဖို့ဝန်ထမ်းအင်အားနည်းပါးနေတဲ့အတွက် ဒီဝန်ထမ်းတွေဟာ ခက်ခဲပင်ပန်းစွာနဲ့ တာဝန်ကျေပွန်အောင် ရုန်းကန်ပြီးတော့မှ ထိန်းသိမ်းဆောင်ရွက်ရတဲ့ အနေအထား ရှိပါတယ်။ လက်ရှိအ‌ြခေအနေက ကမ္ဘာမှာကြက်ငှက်တုပ်ကွေး၊ ဝက်နားရွက်ပြာရောဂါစတဲ့ ရောဂါတွေဟာ ကျွန်တော်တို့ရဲ့ သားငါးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ကြီးစွာသော အဟန့်အတားတွေဖြစ်နေပါတယ်။ ဒီမှာ ထူးခြားချက်အ‌ြခေအနေကတော့ ကြက်ငှက်တုပ်ကွေး ရောဂါဟာ ဒီနေ့ကမ္ဘာမှာ အထိတ်တလန့်နဲ့ လူကိုကူးစက်တဲ့ရောဂါ၊ ဒီဗိုင်းရပ်စ်က လူကိုကူးစက်တဲ့ ရောဂါဖြစ်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံအသီသီးက ဆောင်ရွက်နေရပါတယ်။ ဝက်တုပ်ကွေးရောဂါ ဟာလည်း လူကိုကူးစက်ပါတယ်။ ယခင်တုန်းကဆိုရင် တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ရောဂါဟာ ခွေးရူးရောဂါတစ်ခု လောက်သာ လွန်ခဲ့တဲ့ရာစုနှစ်လောက်ကရှိခဲ့ပေမယ့် အခုဒီ ဗိုင်းရပ်စ်ရောဂါပိုး အသစ်တွေဟာ H5 N1 တို့လို ရောဂါပိုးတွေဟာဆိုလို့ရှိရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ချိတ်ဆက်ပြီးတော့မှ တော်တော်လေး နိုင်ငံအသီးသီးမှာ ဆောင်ရွက်နေရတဲ့အ‌ြခေအနေရှိနေပါတယ်။ နောက်တစ်ခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အဖွဲ့အစည်းတွေဟာဆိုရင် တိရစ္ဆာန်ကျန်းမာရေး Animal Health နဲ့ပြည်သူ့ကျန်းမာရေး Public Health ကို ဆက်စပ်ပြီးတော့မှ အလေးထားဆောင်ရွက်နေရတဲ့ အနေအထားတွေလည်းရှိပါတယ်။ ဒီလို ကျွန်တော်တို့ နိုင်ငံအ‌ြခေအနေနဲ့ ကြည့်မယ်ဆိုရင် ကြက်ငှက်တုပ်ကွေးနဲ့ ဝက်နားရွက်ပြာရောဂါဟာ ‌တောင်သူလယ်သမားတွေရော၊ မွေးမြူရေး လုပ်ငန်းရှင်တွေရော တော်တော်လေးကိုထိခိုက်ပြီးတော့မှ တချို့ဆိုရင်နစ်နာဆုံးရှုံးပြီး အရင်းပြုတ်တဲ့ အဆင့်အထိ အ‌ြခေအနေမျိုးတွေရှိလာတဲ့အပြင် သူကမှတစ်ဆင့် Public Health ဖြစ်တဲ့လူရဲ့ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ကူးစက်ရောဂါကို ဆက်လက်ပြီးတော့မှ ပြန့်ပွားနိုင်တဲ့အတွက် စီးပွားရေး အရရော၊ ကျန်းမာရေးအရရော တော်တော်အလေးထားဆောင်ရွက်ရတဲ့ အနေအထားရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတကြီးက ရာသီသီးနှံများအလှည့်ကျနှစ်သီး၊ သုံးသီးစိုက်ပျိုးခြင်းအားဖြင့် ပင်မဝင်ငွေ Primary Income များဖြစ်အောင်လည်း လေးငါးလအလှည့်ကျစောင့်၍ ရရှိမည့်ဝင်ငွေဖြစ်တဲ့အတွက် ဒုတိယဝင်ငွေ Secondary Income ရရှိရေးအတွက် တစ်ပိုင်တစ်နိုင်ကြက်မွေးမြူတာတို့၊ ဝက်မွေးမြူခြင်းတို့၊ နွားမွေးမြူခြင်းတို့အပြင် ရေ‌ြမေအ‌ြခေအနေပေးမယ်ဆိုရင် ပေါင်းစည်းလယ်ယာ Integrated Farming ကို တိုးချဲ့ဆောင်ရွက်ဖို့ဆိုပြီးတော့မှ အတိအလင်းလမ်းညွှန်ခဲ့တာရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ ကမ္ဘာ့တိရစ္ဆာန်ဆေးကုနေ့ရဲ့ ဆောင်ပုဒ်အနေနဲ့လည်းပဲ Best for health, Best for food, Best for planet ဆိုပြီးတော့မှ မွေးမြူဆေးကုကောင်းကျိုးပြု ဝပြောကျန်းမာတို့ကမ္ဘာဆိုပြီးတော့ ကမ္ဘာနဲ့အဝန်း ချမှတ်ပြီးတော့ လှုပ်ရှားလျက်ရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ လက်ရှိ လှုပ်ရှားအကောင်အထည်ဖော်နေတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး လုပ်ငန်းစဉ်ကြီး ၈ ခု အနက်မှာ မွေးမြူရေးနဲ့သားငါးထုတ်လုပ်မှုလုပ်ငန်း တိုးတက်ရေးလုပ်ငန်းကို အင်ပြည့်အားပြည့် ထိရောက်စွာအထောက်အကူပြုနိုင်ရေးအတွက် မွေးမြူရေးပညာပေးရေး၊ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးရေး၊ ကာကွယ်ရေးနဲ့ကုသရေး၊ ရောဂါသုတေသနပြုစုရေးတို့ကို ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကို လက်ရှိအခြေအနေနဲ့လိုက်လျောညီထွေစွာ အဆင့်မြှင့်တင်ပြီးတော့ ကမ္ဘာ့ အဆင့်မီ သိသိသာသာမြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း
အဖြေ

မေးခွန်း ပထမပိုင်းမှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟာ တိရစ္ဆာန် ရောဂါကူးစက်မှုများ ကာကွယ်ရေး၊ ကုသရေး၊ မွေးမြူရေးတို့ကို ဆောင်ရွက်လျက်ရှိပေမယ့် မြို့နယ် အသီးသီးမှာ မွေးမြူရေးတိရစ္ဆာန်အကောင်ရေ အဆမတန်များပြားခြင်း၊ ဆေးဝါးနှင့်ကုသရေးပစ္စည်းတွေ မလုံလောက်ခြင်း၊ ဓာတ်ခွဲခန်းအရေအတွက် နည်းပါးခြင်းတို့ကြောင်‌့ ပင်ပန်းခက်ခဲစွာ ဆောင်ရွက် နေရပြီး ယခုအချိန်ကာလမှာ ကြက်ငှက်တုပ်ကွေး၊ ဝက်နားရွက်ပြာရောဂါစတဲ့ရောဂါ ကျရောက်မှုများ ကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကျေးလက်တောင်သူများ နစ်နာဆုံးရှုံးလျက်ရှိကြောင်း ဖော်ပြထား ပါတယ်။ ဒီအချက်နဲ့စပ်လျဉ်းပြီးတော့ တိရစ္ဆာန်ကောင်ရေနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန် ဦးရေအချိုး ကိုလည်း ဦးဉာဏ်ဆွေဝင်း ရှင်းလင်းတင်ပြသွားသလို ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ၁း၁၈၈၅၀ ရှိပြီး ကျွန်တော်တို့ထက် ဖွံ့ဖြိုးတဲ့နိုင်ငံများ ဒါလည်း ကျွန်တော်တို့ ဦးဉာဏ်ဆွေဝင်း တင်ပြသွားတဲ့ ထိုင်းနိုင်ငံဆိုရင် ၁း၈၀၀၀ ကျော်လောက်နဲ့ ကမ္ဘောဒီးယား၊ လာအိုဆိုရင်တော့ ၁း၃၀၀၀၀ လောက် ရှိပါတယ်။ ကျွန်တော်တို့ အာဖရိကနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေကတော့ ၁း၂၀၀၀၀ ခန့်ရှိပါတယ်။ မြောက်အမေရိက၊ တောင်အမေရိကနိုင်ငံတွေကတော့ တချို့ ၁း၁၂၅၀၀ လောက်ရှိပါတယ်။ လက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်တစ်ရုံး၊ နေပြည်တော်နဲ့ ပြည်နယ်/တိုင်း ဒေသကြီးဦးစီးမှူးရုံး ၁၅ ရုံး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး ၆၅ ရုံး၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး ၃၂၅ ရုံး၊ ဖွင့်လှစ်ထားရှိပြီး တိရစ္ဆာန်ဆေးကုဆရာဝန်ပေါင်း ၉၉၆ ဦး၊ လက်ထောက်တိရစ္ဆာန်ဆေးကုမှူး ၆၂ ဦး၊ ဒု-လက်ထောက် ကြီးကြပ်ရေးမှူး တိရစ္ဆာန်ဆေးကု ၈၉ ဦးဖြင့် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးလုပ်ငန်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် သားငါးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ရေးနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ထိန်းချုပ် ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းတိရစ္ဆာန် ၁ ယူနစ် One Veterinary Livestock Unit-VLU အရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်အရေအတွက်ထက်စာရင် တိရစ္ဆာန်ဆေးကုဆရာဝန် အရေအတွက်ဟာ ထပ်မံတိုးချဲ့ဖွဲ့စည်းရန် လိုအပ်လျက်ရှိပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အခြေအနေနှင့်အချိုးအစားအရ တစ်နှစ်ပြီးတစ်နှစ်ဖွဲ့စည်းသွားရန် အစီအစဉ်ရှိတဲ့အတွက်ကြောင့် လည်း မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှာ ယခင်နှစ်ကအထိတစ်နှစ်ကို ကျောင်းသား ၂၀၀ လက်ခံ နေရာကနေ ယခုနှစ်ကျောင်းသား ၂၅၀၊ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းတိုးချဲ့ပြီးတော့မှ ဒီနှစ်က စပြီးလက်ခံပြီဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ နောင်ကိုလည်း ဒီလိုတိုးချဲ့ လက်ခံခြင်းဟာ ကျွန်တော်တို့ဌာနကို တိုးချဲ့ဖွဲ့စည်း သွားမယ်ဆိုတဲ့အနေအထား ဖြစ်ပါတယ်။ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး ရန်ကုန်၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ပုသိမ်ဒေသ ဆိုင်ရာ ဓာတ်ခွဲခန်းများကနေပြီး ထုတ်လုပ်လျက်ရှိပါတယ်။ တိရစ္ဆာန်ရောဂါရှာဖွေရေးအတွက်ကို ရန်ကုန်၊ စစ်ကိုင်း၊ တောင်ကြီး၊ ပုသိမ်ဒေသဆိုင်ရာဓာတ်ခွဲခန်းများအပြင် တိရစ္ဆာန်ထိန်းသိမ်း စစ်ဆေးရေးစခန်းများအဖြစ် ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်၊ မူဆယ်၊ လားရှိုး၊ ကျိုင်းတုံတို့မှာ ဖွင့်လှစ်ထားရှိပါတယ်။

တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများဟာ ကြက်ခြေပြာတိရစ္ဆာန် ကျန်းမာရေးလုပ်သားများနဲ့ ပြည်သူလူထုပူးပေါင်းကူညီမှုနဲ့ လည်း တစ်ဖက်တစ်လမ်းက ကြိုးစားဆောင်ရွက်လျက်ရှိရာမှာ ၁၉၈၈-၁၉၈၉ ခုနှစ် မတိုင်မီက ကြက်ခြေပြာ တိရစ္ဆာန်ကျန်းမာရေးလုပ်သား ၉၈၆ ဦးရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ၁၅၂၈ ဦးအထိ တိုးတက်လာကြောင်း တင်ပြအပ်ပါတယ်။ ရောဂါကာကွယ်ထိန်းချုပ်ရေး မွေးမြူရေးနဲ့ဆိုင်တဲ့ ပညာပေးမှုတွေကို ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံစိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့၊ မွေးမြူရေးနှင်‌့ကုသရေးဦးစီးဌာန၊  မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ ပူးပေါင်းပြီး ပညာရှင်များသုတေသနစာတမ်းဖတ်ပွဲ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း သုတေသနစာတမ်းဖတ်ပွဲများ ပြုလုပ်လျက်ရှိတဲ့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပညာပေးသင်တန်းများ အဆက်မပြတ်ဖွင့်လှစ်ခဲ့ပြီး မကြာမီက ဝက်နားရွက်ပြာရောဂါ ကျရောက်ချိန်မှာ FAO နဲ့ညှိနှိုင်းပြီး နိုင်ငံခြားသားပညာရှင်များ လာရောက်ကွင်းဆင်းပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ ဓာတ်ခွဲခန်းများကို နိုင်ငံတော်အစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများအကူအညီနဲ့ လည်းကောင်းတိုးချဲ့သွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

ဦးဉာဏ်ဆွေဝင်းရဲ့ မေးခွန်းဒုတိယပိုင်းမှာ ရောဂါကာကွယ်ရေးအပြင် တောင်သူလယ်သမားများ သီးနှံစိုက်ပျိုးရေးကရတဲ့ Primary Income အပြင် ဒုတိယဝင်ငွေ Secondary Income ရရှိရေးအတွက် တစ်ပိုင်တစ်နိုင် ကြက်၊ ဝက်မွေးမြူခြင်း ပေါင်းစည်းလယ်ယာဆောင်ရွက်ခြင်းပြုလုပ် ရန် နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်မိန့်ကြားခဲ့ကြောင်းနဲ့ မွေးမြူဆေးကုကောင်းကျိုးပြု၊ ဝပြော ကျန်းမာတို့ကမ္ဘာ ဆိုတဲ့လှုပ်ရှားမှုကြီးနဲ့အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ် ၈ ရပ်အနက် တစ်ခုအပါအဝင်ဖြစ်တဲ့ မွေးမြူရေးနဲ့သားငါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အင်ပြည့်အားပြည့် ထိရောက်စွာဆောင်ရွက်နိုင်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနဟာ ကမ္ဘာ့အဆင့်မီမီသိသိသာသာ တိုးချဲ့မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါ ကြောင်း မေးမြန်းတဲ့အပိုင်း ဖြစ်ပါတယ်။ ဦးဉာဏ်ဆွေဝင်းရဲ့ မေးမြန်းချက်မှာပါတဲ့အတိုင်း ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းဟာအရေးကြီးသလို တောင်သူလယ်သမားများကနေ မွေးမြူရေး လုပ်ငန်းရှင်အထိ မွေးမြူထုတ်လုပ်မှုကနေပြီးတော့ ဝင်ငွေတိုးတက်ရရှိအောင် ဆောင်ရွက်ဖို့ကလည်း များစွာအရေးကြီးပြီး သမ္မတကြီးရဲ့လမ်းညွှန်ချက်နှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းများအောင်မြင်အောင် ပညာပေးမြှင့်တင်ဆောင်ရွက်ဖို့ အထူးလိုအပ်တာကို      ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုများကို ပြန်လည်ဆန်းစစ်တဲ့အခါမှာ ရောဂါကာကွယ်ရေး၊ ကုသရေး တစ်ခုတည်းကိုသာ ဦးစားပေးဆောင်ရွက်နေတာတွေ့ရပြီး မွေးမြူရေးကဏ္ဍဆောင်ရွက်မှုများမှာတော့ လိုအပ်ချက်များရှိနေတဲ့အတွက်ကြောင့် နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အဓိကရည်မှန်းဆောင်ရွက်လိုတဲ့ မွေးမြူရေးရော၊ ကုသရေးရောအပိုင်းနှစ်ပိုင်းလုံးဆောင်ရွက်နိုင်တဲ့ ဌာနကြီးအဖြစ် ပြောင်းလဲဖို့လိုအပ် တဲ့အတွက် ယခုဆိုလို့ရှိရင် ရောဂါကာကွယ်ကုသရေးရှုထောင့်မှ ဆောင်ရွက်တဲ့ လုပ်ငန်း     တာဝန်များအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်မှာ မွေးမြူရေးနှင့် သားငါးထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး ဆောင်ရွက် နေလျက်ရှိပါတယ်။ (၁)ကတော့ တစ်ပိုင်တစ်နိုင်ဟင်းစားအဖြစ်မွေးမြူနေရာမှ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်မွေးမြူရေးအဆင့်သို့ ကူးပြောင်းရေး၊ (၂)ကတော့ အစာဖိုးထုတ်လုပ်မှုစရိတ်မြင့်မားမှု လျှော့ချနိုင်သည့်အပြင် ဘေးထွက်ပစ္စည်းများနဲ့ စိုက်ပျိုးရေးရော မွေးမြူရေးပါ အကျိုးရှိစွာ ဆောင်ရွက်နိုင်တဲ့ ပေါင်းစည်းလယ်ယာစနစ်ဖြင့် ဆောင်ရွက်ရေး၊ (၃)ကတော့ ရွာတစ်ရွာမှာ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ် တစ်ယောက်တစ်မျိုးစီ မွေးမြူထုတ်လုပ်နေခြင်းကနေပြီးတော့မှ စုစည်းထုတ်လုပ် တင်ပို့ ခြင်းဖြင့် ကုန်ကျစရိတ်များလျှော့ချ၍ ဈေးကွက်စုစည်း ဝင်ရောက်နိုင်မယ့်နည်းလမ်းကို ဦးတည်တဲ့ တစ်ရွာကိုထွက်ကုန်တစ်မျိုး(One Village One Product) စုစည်းမွေးမြူထုတ်လုပ် ဈေးကွက် တင်ပို့ရေး၊ (၄)ကတော့ ငွေကြေးတတ်နိုင်တဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် စီးပွားဖြစ် မွေးမြူထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်ရေး၊ (၅)ကတော့ မွေးမြူရေးဇုန်များထူထောင်ပြီး ပြည်တွင်း ပြည်ပဈေးကွက်ထုတ်လုပ်ဖြန့်ချိမှုလုပ်ငန်းများကို မြှင့်တင်ရေးဆိုတဲ့လုပ်ငန်းစဉ် ၅ ရပ်ကို ဆောင်ရွက် လျက်ရှိပါတယ်။ အဲဒီလို စတင်ဆောင်ရွက်ခဲ့သော်လည်းပဲ ရောဂါကာကွယ်ကုသရေးကိုသာ နှစ်ပေါင်း ကြာမြင့်စွာဇောင်းပေးဆောင်ရွက်လာမှုကြောင့် ရောဂါကာကွယ်ရေးရောမွေးမြူရေးပါ စွမ်းဆောင် ရည်ရှိရှိ ဆောင်ရွက်နိုင်ရန်အလို့ငှာ ယခင်က မွေးမြူရေးဆေးတက္ကသိုလ်မှာ ရောဂါကာကွယ်ကုသရေး ဘာသာရပ်များကိုသာ အဓိကသင်ကြားလေ့ကျင့်လျက်ရှိရာမှ ပြီးခဲ့သည့်နှစ်လသုံးလအတွင်း ပြန်လည် သုံးသပ်ပြီး နိုင်ငံတကာအခြေအနေများနှင့် တက္ကသိုလ်ပညာရေးကောင်စီမူဘောင်များ အတွင်းက ခေတ်ကာလနှင့်လိုက်လျောညီထွေရှိစေမည့် မွေးမြူရေးဘာသာရပ်များကို တတိယနှစ်ကနေစပြီး သင်ကြားလေ့ကျင့်နိုင်အောင် သင်ရိုးညွှန်းတမ်းအသစ်များရေးဆွဲပြီး သက်ဆိုင်ရာကိုတင်ပြထားပြီး ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းမှာ စာတွေ့သာမက လက်တွေ့ပါဆောင်ရွက်နိုင်ရန် မွေးမြူရေး ဆေးတက္ကသိုလ်မှာ ဓာတ်ခွဲခန်းများအပြင် မွေးမြူရေးခြံများကိုပါတိုးချဲ့ပြီး လေ့ကျင့်ပညာပေး ဆောင်ရွက်ရန်လည်း စီစဉ်လျက်ရှိပါတယ်။

ကိုယ်စားလှယ်တော်ကြီးများထဲမှာလည်း မွေးမြူရေးဆေးတက္ကသိုလ်ဆင်းများ ပါဝင်တဲ့အတွက် ကြောင့် မွေးမြူရေးဆေးတက္ကသိုလ်ရဲ့ပြောင်းလဲမှုများကို ကွင်းဆင်းကြည့်ရှုနိုင်ပါကြောင်းနဲ့ အကြံဉာဏ် များ ပံ့ပိုးပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။ အလားတူ ငါး၊ ပုဇွန်မွေးမြူရေးနှင့် ထုတ်လုပ်ရေးကဏ္ဍမှာ လည်း နာဂစ်၊ ဂီရိမုန်တိုင်းကာလ ထိခိုက်ဆုံးရှုံးမှု၊ ရောဂါကျရောက်မှု၊ အစာဈေးကြီးမြင့်လာချိန် ထုတ်လုပ်မှုစရိတ် မြင့်မားပြီး တွက်ခြေမကိုက်မှု၊ ငါးမြစ်ချင်းများ စုပြုံတိုးချဲ့မွေးမြူမှုကြောင့် Supply Demand မမျှတဘဲ လွန်ခဲ့သောနှစ်နှစ်ခန့်မှစ၍ ကန်ကျပ်မှကန်ချောင်အဖြစ်လျှော့၍ မွေးမြူ လာခြင်း၊ ဒေါ်လာဈေးကျဆင်းတဲ့အခါ ပိုမိုထိခိုက်ဆုံးရှုံးခြင်းစတဲ့ဖြစ်စဉ်များအပေါ် ပြန်လည်ဆန်းစစ် သုံးသပ်ပြီး ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်နှင့်အညီ ငါးမွေးမြူရေး အစုအဖွဲ့များ ဖွဲ့စည်းခြင်း၊ ငါးမွေးမြူရေးအသင်း၊ ပုဇွန်မွေးမြူရေးအသင်းနှင့် ရေထွက်ပစ္စည်း ပြင်ပ တင်ပို့ရောင်းချသူများအသင်းတို့ ညှိနှိုင်းပြီး Supply နှင့် Demand တွက်ချက်ပြီး ဈေးကွက် ဝယ်လိုအားရှိတဲ့ ငါး၊ ပုဇွန်မျိုးစိပ်များ ပြောင်းလဲမွေးမြူထုတ်လုပ်ရေး၊ ဈေးကွက်သေချာအောင် အထူးပြုကုမ္ပဏီများဖွဲ့စည်းပြီး အောက်‌ြခေမွေးမြူရေးအစုအဖွဲ့များနှင့် ချိတ်ဆက်ပြီး Contract  Farming စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရေးစသည့်လုပ်ငန်းများကို ငါး၊ ပုဇွန်မွေးမြူရေး အလှည့်အပြောင်းတစ်ရပ်ဖြစ်အောင် ပြန်လည်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ် ပါတယ်။ အဲဒီနေရာမှာ ငါး၊ ပုဇွန်မွေးမြူ ထုတ်လုပ်ရေးအလှည့်အပြောင်း Turning Point တစ်ရပ် ပြုလုပ်ဖို့အသင်းအဖွဲ့များနဲ့အောက်‌ြခေထိ ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ဖို့ စဉ်းစားစီစဉ်လာရခြင်း မှာလည်း ပြီးခဲ့တဲ့ဒေါ်လာဈေးကျဆင်းချိန်မှာ ရေလုပ်ငန်းနယ်ပယ် ထိခိုက်မှုများအနက်မှာ မွေးမြူ ထုတ်လုပ်မှုကဏ္ဍက အထိခိုက်ဆုံးဖြစ်တဲ့အတွက်ကြောင့် မကြာမီက ပင်လယ်ငါးဖမ်းဆီးခြင်းမှရတဲ့ ဂျက်တီများ၊ ငါးလေလံဈေးများ၊ စံပြငါးဈေးများ၊ ငါးကန်များ၊ အအေးခန်းများကို ကွင်းဆင်းလေ့လာ ကြည့်ရှုပြီး ပြည်ပတင်ပို့သူလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ မွေးမြူသူများနှင့် တွေ့ဆုံခဲ့ပါတယ်။ ဂျက်တီများကိုလေ့လာတဲ့အခါမှာ ပြင်ပတင်ပို့သူလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦး ကနေပြီးတော့မှ အပတ်စဉ်ပင်လယ်ပြင်ငါးဖမ်းဆီးခြင်းမှရတဲ့ ငါးမျိုးစုံ ပမာဏဟာ အအေးခန်းစက်ရုံ လေးငါးရုံခန့်စာသာရှိတဲ့အတွက်ကြောင့် အအေးခန်း ၇၀၊ ၈၀ ရှိတဲ့ အအေးခန်းများအားလုံး အတွက်တော့ ပင်လယ်ပြင်ကနေငါးဖမ်းလို့ရတဲ့ ကုန်ကြမ်းလိုအပ်နေပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ငါး၊ ပုဇွန်မွေးမြူရေးကဏ္ဍကို ကွင်းဆင်းလေ့လာကြည့်ရှုတဲ့အခါမှာ နာဂစ် ပြီးတဲ့အခါမှာ နာဂစ်ကြောင့် ထိခိုက်ပျက်ဆီးမှု၊ အဲဒီနောက်ပိုင်းမှာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်က စပြီး ငါးမြစ်ချင်းများကို ဈေးကောင်းရတဲ့အတွက်ကြောင့် စုပြုံမွေးမြူလာမှု၊ အဲဒီအခါမှာ Supply နှင့် Demand   ဈေးကွက် ဝယ်လိုအားနဲ့ အစာဈေးနဲ့မကိုက်တော့တဲ့ အခြေအနေကြောင့် ကွင်းဆင်းကြည့်ရှုတဲ့အချိန်မှာ ကန်များဟာ ကန်ကျပ်အဆင့်မှ ကန်ချောင်အဆင့်သို့ လျှော့ပြီးတော့မှ မွေးမြူလာတာကို တွေ့ရှိရ ပါတယ်။ စံပြငါးဈေးဟာလည်း ရှေးယခင်အတိုင်းပဲ တစ်ရက်လျှင် ပိဿာချိန် ၁၂၀၀၀၀ ကနေပြီး တော့မှ ၁၅၀၀၀၀ အထိပုံမှန်ဝင်နေပြီး တိုင်းနှင့်ပြည်နယ်အားလုံးရဲ့ ငါး၊ ပုဇွန် စားသုံးမှုများနဲ့ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှုတဲ့အခါမှာ စားသုံးမှုဟာ များစွာလိုအပ်နေပြီးတော့ ဈေးကွက်မှာ သယ်ယူပို့ဆောင်ရေးစရိတ်ဟာလည်း စံပြငါးဈေးမှာ တစ်ပိဿာ ၁၅၀၀ ကျပ်၊ ၁၆၀၀ ကျပ်ရှိတဲ့ အချိန်မှာ နေပြည်တော်မှာ အရောက်ဆိုရင် ၂၃၀၀ ကျပ်ကနေ ၂၈၀၀ ကျပ်လက်လီဈေးမှာဆိုရင် ကျပ် ၃၀၀၀ ကျော်အထိ ကွာဟပြီး တော့မှ ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ Purchasing Power နဲ့ စားသုံးမှုနှုန်း calorie ဟာကျဆင်းနေပြီးတော့ ထုတ်လုပ်တဲ့ကန်များဟာလည်း ထုတ်လုပ်စရိတ် တွက်ခြေမကိုက်တဲ့အတွက်ကြောင့် လျှော့မွေးတယ်ဆိုတဲ့ ပြောင်းပြန်ဖြစ်စဉ်များကိုတွေ့ရှိလာရပါတယ်။ တစ်ဖက်က အအေးခန်းတွေမှာ ကုန်ကြမ်းလိုအပ်တယ်။ တစ်ဖက်ကမွေးမြူတဲ့သူတွေကျတော့ ကန်ကျပ်ကနေ ကန်ချောင်အထိကို လျှော့မွေးရတယ်ဆိုတဲ့ ဒီ Supply နှင့် Demand မှာလည်း ဒီလိုလာတွေ့ရ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါနဲ့ပတ်သက်ပြီးတော့မှ ထိုင်းနိုင်ငံကို ကျွန်တော်တို့ တစေ့တစ်စောင်း လေ့လာကြည့်တဲ့အခါမှာ ထိုင်းနိုင်ငံကို မလေ့လာခင်မှာ ဒီပညာရှင်များရဲ့ လေ့လာချက်အရ ကျွန်တော်တို့ ပင်လယ်ပြင်ငါးဖမ်းမှုနှုန်းဟာ တစ်နာရီမှာ ရှေးယခင်တုန်းက ကီလိုဂရမ် ၃၀၀ ခန့် ရခဲ့ ပြီးမှ လွန်ခဲ့သောနှစ်များက တစ်နာရီဖမ်းလို့ရှိရင် Catch Rate ဟာ ၂၀၀ ကီလိုဂရမ်အထိ လျော့နည်း  ကျဆင်းလာပြီး ဒီနေ့ဒီအချိန်မှာ Catch Rate ဟာ ၉၀ ကီလိုဂရမ်သာ ကျန်ရှိပါတော့တယ်။ အဲဒါကြောင့် တစ်ဖက်ကထိုင်းနိုင်ငံကို ပြန်ကြည့်တဲ့အခါမှာ ထိုင်းနိုင်ငံရဲ့ Catch Rate ဟာ တစ်နာရီငါးဖမ်းလို့ရှိရင် ကီလိုဂရမ် ၃၀ ခန့်သာရှိတော့ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေပင်လယ်ပြင်သယံဇာတဟာ သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲနဲ့ Sustaiable Fisheries  Development ကို ရေရှည်သယံဇာတကိုလည်းထိန်းသိမ်းရင်း တစ်ဖက်ကလည်း လိုအပ်ချက်တွေကို ထုတ်လုပ်တဲ့ဟန်ချက်ညီဖို့ လိုအပ်လာတဲ့အတွက်ကြောင့် ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းဟာ အကန့်အသတ်နဲ့ ထိန်းသိမ်းပြီးတော့မှ ဆောင်ရွက်သွားရမယ့်အနေအထားဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ထိုင်းနိုင်ငံကိုလေ့လာတဲ့အခါမှာ ထိုင်းနိုင်ငံမှာ Catch Rate ၃၀ ကီလိုဂရမ်အထိ ကျသွားတဲ့အချိန်မှာ သူဘာလုပ်သလဲ။ သူရဲ့အအေးခန်းတွေ ရပ်တန့်သွားသလား။ သူဘယ်လိုပြန်ပြီးတော့မှ ဒီကမ္ဘာမှာ ငါး၊ ပုဇွန်တင်ပို့မှုဟာ ဒုတိယ၊ တတိယနေရာအထိကို ကျမသွား အောင် ဘယ်လိုထိန်းမလဲလို့ လေ့လာကြည့်တဲ့အခါမှာ သူဟာပင်လယ်ပြင်ငါးဖမ်းမှု ကျဆင်းတဲ့ အချိန်မှာ Aquraculture ခေါ်တဲ့ ငါး၊ ပုဇွန်မွေးမြူမှုလုပ်ငန်းကို အရှိန်အဟုန်နဲ့ လွန်ခဲ့သောနှစ်များ အတွင်းက မြှင့်တင်ခဲ့တာတွေ့ရှိခဲ့ရပါတယ်။ ဒီလိုမြှင့်တင်ခဲ့တဲ့အတွက်ကြောင့်လည်း သူရဲ့အအေးခန်း များဟာ ရပ်တန့်မသွားဘဲနဲ့ သူရဲ့ငါး၊ ပုဇွန်ထုတ်လုပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုဟာ အရှိန်အဟုန်ကို ဆက်လက်ပြီးတော့မှ ထိန်းသိမ်းသွားနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဒါတွေကိုပြန်လည်သုံးသပ်ပြီးတော့မှ ကျွန်တော်တို့ရဲ့ ငါးအဖွဲ့ချုပ်နဲ့ ငါးမွေးမြူ ထုတ်လုပ်သူများ၊ ပုဇွန်မွေးမြူထုတ်လုပ်သူများ၊ ပြည်ပတင်ပို့သူများ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးပြီးမှ ဘယ်ဟာကို ကျွန်တော် Supply Change Merchandising နဲ့ချိတ်ဆက်ပြီး အောက်ခြေမှာလည်း ကျေးလက် ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်အရ အောက်ခြေမှာ အစုအဖွဲ့တွေဖွဲ့ဖို့၊ အဲဒီလိုပဲ တင်ပို့ရောင်းချတဲ့သူတွေဟာ အအေးခန်းတွေကနေ နိုင်ငံတိုင်းနဲ့ချိတ်ဆက်လို့ရတာကို Down Series အထိကို သွင်းအားစုတွေပေးပြီးတော့မှ ဈေးကွက်သေချာအောင်ဝယ်ယူတဲ့စနစ်မျိုးကို ချိတ်ဆက်ဖို့ ဒီလုပ်ငန်းစဉ်တွေကို အသင်းအဖွဲ့တွေနဲ့ ရက်ဆက်ဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်။ အလားတူ ၄ ရက်နေ့ကဆိုလို့ရှိရင်လည်း အာရှပစိဖိတ် ငါးမွေးမြူထုတ်လုပ်မှုနဲ့ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံ ၄၀၊ ၅၀ လောက် တက်ရောက်ပြီးတော့မှ Park Royal ဟိုတယ်မှာ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်အခါမှာ ဒီဆွေးနွေးပွဲအပြင် ငါးအဖွဲ့ချုပ်မှလာပြီးတော့ အသင်းအဖွဲ့များနဲ့ တွံတေး၊ ညောင်တုန်းဘက်က ပုဂ္ဂိုလ်တွေပါ ဖိတ်ခေါ်ပြီး ငါး Species ကို ပြောင်းပြီးတော့မှ ဈေးကွက်ဝယ်လိုအားရှိတဲ့ ငါးမျိုးစေ့ကို မွေးမြူထုတ်လုပ်ဖို့နဲ့ ဈေးကွက်ကို ချိတ်ဆက်နိုင်အောင် နိုင်ငံခြားပညာရှင်များနဲ့ ဒီနေ့ ငါးအဖွဲ့ချုပ်မှာ ဆွေးနွေးပွဲရှိပါတယ်။ ဒါကြောင့် မို့လို့ မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍမှာ အလှည့်အပြောင်းတစ်ရပ်ကို ပြုလုပ်ဖို့ကို လိုအပ်လာတာ ဖြစ်တဲ့အတွက်ကြောင့် မွေးမြူရေးဆေးတက္ကသိုလ်မှာ ဆိုလို့ရှိရင်လည်း ကုသရေးသက်သက်သာ မဟုတ်ဘဲနဲ့ မွေးမြူရေးနဲ့ ကုသရေးကိုလည်း ကျွန်တော်တို့ တတိယနှစ်ကနေ ဇောင်းပေးပြီးတော့ ဘာသာရပ်တွေထည့်သွင်းဖို့ ကျွန်တော်တို့ Structure ကို ပြောင်းဖို့လိုပါတယ်။ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကြီးရဲ့ Structure ဟာလည်း ကုသရေးကိုဇောင်းပေးရာမှ  မွေးမြူရေးနဲ့ ကုသရေးကို ဟန်ချက်ညီညီ ဇောင်းပေးနိုင်တဲ့ဌာနကြီးအဖြစ် ကူးပြောင်းနိုင်အောင် ကြိုးစားလျက် ရှိပါတယ်။ ငါး၊ ပုဇွန်မွေးမြူထုတ်လုပ်ရေးမှာလည်း ကျွန်တော်တို့ရဲ့ အခြားနိုင်ငံများရဲ့ အတွေ့အကြုံကို ယူပြီးတော့မှ ဒီအလှည့်အပြောင်းတစ်ရပ်ကို ကူးပြောင်းပြီး အခြေခံကျကျ တည်ဆောက်ဆောင်ရွက် သွားနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။