မိမိတို့ နိုင်ငံ၏နယ်စပ်ဒေသ လုံခြုံရေး၊ ကာကွယ်ရေး တို့အတွက် နယ်စပ်မြို့များတွင် တပ်မတော် တပ်ရင်း/တပ်ဖွဲ့များသည် အလှည့်ကျပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသော စနစ်ဖြင့်နေထိုင်ရသည့် ရှေ့တန်း တပ်မတော်စခန်းတွေရှိပါကြောင်း၊ နယ်စပ်ဒေသလုံခြုံရေး အတွက်မရှိမဖြစ်လိုအပ်သော တပ်မတော် စခန်းတွေဖြစ်သော်လည်း အမာခံဆောက်လုပ်ထားခြင်း မရှိဘဲ ဒေသဝါး၊ သက်ကယ်၊ ယွန်းတို့ဖြင့်သာ ယာယီဆောက်လုပ်ထားသည့်အတွက် ရှေ့တန်းတပ်မတော်သားများ ဆင်းရဲစွာ နေထိုင်ရခြင်း၊ ဒေသသစ်ဝါး ရှားပါးလာခြင်းနှင့် တပ်မတော်နဲ့ ပြည်သူအကြား စည်းရုံးရေး မကျဆင်းစေရန်တို့အတွက် လွှတ်တော်ကိုယ်စားလှယ်များသည် ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် ပြည်သူ လူထုကြားမှာ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးရမည့် တာဝန်ရှိသည်ဟု ယူဆသောကြောင့် ၃၀-၄-၂၀၁၂ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို လိပ်မူ၍ နယ်စပ်ဒေသ တပ်မတော်စခန်းများကို ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် သွပ်၊ သံ၊ ဘိလပ်မြေပံ့ပိုးပြီး အမာခံစခန်းများ ဆောက်လုပ်သွားခြင်းအားဖြင့် အဆင်ပြေမည်ဟု ယူဆသောကြောင့် မိမိတင်ပြခဲ့သော်လည်း ထူးခြားမှု မရှိပါကြောင်း၊ သို့ဖြစ်သည့်အတွက် နယ်စပ်ဒေသ တပ်မတော်စခန်းများကို အမာခံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရှိသီးမေးခွန်းနှင့်ပတ်သက်၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရှေ့တန်းစခန်းများနှင့် ရိက္ခာစုပုံရေးစခန်းများတွင် အခိုင်အမာအဆောက်အဦများ ဆောက်လုပ်ရန်မရှိသေးပါကြောင်း ဖြေကြား ပါသည်။
