၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတင်ပြချက် အစီရင်ခံစာတွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးစာရင်းတွင် အသားတင်လိုငွေကျပ် ၂၁၆၁၁၁၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာမှာ ကြွေးမြီ ပြဿနာများ ဖြစ်ပေါ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို ပြည်သူ များ သိရှိနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန် မေးမြန်းအပ်ပါတယ်ခင်ဗျား။ (က) ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ယာယီစာရင်းများအရ မြန်မာနိုင်ငံကြွေးမြီ (Public Debt) စုစုပေါင်း မည်မျှရှိပါသနည်း။ (ခ) မြန်မာနိုင်ငံတွင် လည်ပတ်နေသောငွေကြေး (Currency in Circulation) မည်မျှရှိပါသနည်း။ (ဂ) ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ အလုပ်လက်မဲ့မည်မျှရှိပါသနည်း။ (ဃ) မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေနှင့်ရွှေ (Foreign Exchange and Gold Reserve) တန်ဖိုး မည်မျှရှိပါသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ကိုယ်စားလှယ်တော် ကြီးရဲ့ မေးခွန်း ၃ ခုမှာ ပထမမေးခွန်းကတော့ မြန်မာနိုင်ငံရဲ့ Public Debt ဘယ်လောက်ရှိလဲ ဆိုပြီး တော့ မေးမြန်းထားတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိကြတဲ့အတိုင်းပါပဲ။ ဘတ်ဂျက်လိုငွေပြတဲ့အခါမှာ Developing Country တွေရော၊ Industrial Country လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရော အကြွေးတွေယူကြရပါတယ်။ အကြွေးယူတဲ့အခါမှာ အားလုံးသိကြတဲ့အတိုင်းပဲ ပြည်ပကြွေးနှင့် ပြည်တွင်းကြွေးဆိုပြီးတော့ ၂ ခုရှိပါတယ်။ ရှိတဲ့အနက်က မြန်မာနိုင်ငံအနေနဲ့ ပြည်ပ ကြွေးကို International Financial Institution တွေဖြစ်တဲ့ World Bank တို့၊ ADB တို့ အဲဒီကပဲ ကျွန်တော်တို့ ယူပါတယ်။ အခြားနိုင်ငံတွေကလည်း ယူပါတယ်။ မြန်မာပြည်မှာရှိနေတဲ့ ကြွေးတွေကို မှတ်တမ်း တင်တာကိုတော့ ၂ ပိုင်းမှတ်တမ်းတင်ထားပါတယ်။ ပြည်ပအကြွေးနှင့်ပတ်သက်ပြီးတော့ ပထမတစ်ပိုင်းကတော့ ၁၉၈၈ ခုနှစ် မတိုင်ခင်နှင့် ဒုတိယတစ်ပိုင်းကတော့ ၁၉၈၈ ခုနှစ် နောက်ပိုင်း ကာလ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်ခင်တုန်းကဆိုလို့ရှိရင်တော့ ပြည်ပကြွေးမြီတွေဟာ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၁၆၀၂.၀၁၉ ရှိပါတယ်ခင်ဗျား။ ထပ်ပြီး ကျွန်တော်အစီရင်ခံပါမယ်။ ၁၉၈၈ ခုနှစ် မတိုင်ခင်တုန်းကဆိုရင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၆၀၂.၀၁၉ ရှိပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၄၈၇.၄၁၅ ရှိပါတယ်ခင်ဗျား။ ထပ်ပြီး အစီရင်ခံ ပါမယ်။ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၄၈၇.၄၁၅ ရှိပါတယ်။ စုစုပေါင်းအနေနဲ့ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၅၀၈၉.၄၃၄ သန်းရှိပါတယ်ခင်ဗျား။ ပြည်တွင်းကြွေးမြီဆိုတာကတော့ နိုင်ငံတော် အနေနဲ့ ထုတ်ဝေထားတဲ့ Treasury Bond တို့၊ Bill တို့ကို ရောင်းချထားတဲ့အခါမှာ နိုင်ငံတော် ကနေပြန်ပေးရမယ့် တာဝန်ရှိမှု ဖြစ်ပါတယ်ခင်ဗျား။ အဲဒါကတော့ ကျွန်တော်တို့ ယခုနှစ် စက်တင်ဘာလကုန်အထိကို ကျပ်သန်းပေါင်း ၉၉၈၈၈၅၇ ရှိပါတယ်ခင်ဗျား။ ထပ်မံပြီးတော့ တင်ပြပါတယ်။ ကျပ်သန်းပေါင်း ၉၉၈၈၈၅၇ ရှိပါတယ် ခင်ဗျား။
ဒုတိယမေးခွန်းဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏ (Currency in Circulation) အတိုကောက် CIC အဲဒါနှင့်ပတ်သက်လို့ တွက်နည်းတွေ အများကြီး ရှိတဲ့အနက်က ကျွန်တော်တို့ သုံးနေတဲ့တွက်နည်းကတော့ လက်တွေ့ အကျဆုံးနည်းဖြစ်ပါတယ်။ ထုတ်ဝေထားတဲ့ ငွေကြေးပမာဏနဲ့ နိုင်ငံပိုင်ဘဏ်တွေမှာရှိတဲ့ ငွေကြေးလက်ကျန်တွေကို ခြားနားလိုက်တဲ့အခါမှာ ပြည်တွင်းမှာ လှည့်ပတ်နေတဲ့ ငွေကြေးပမာဏကို ရပါတယ်။ အဲဒီတော့ ယနေ့ စက်တင်ဘာလကုန် အထိ နိုင်ငံတော်အတွင်းမှာ လှည့်ပတ်နေတဲ့ငွေကြေးပမာဏဟာ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂.၉၅ ဖြစ် ပါတယ်ခင်ဗျား။ ထပ်မံပြီးတော့ တင်ပြပါမယ်။ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂.၉၅ ဖြစ် ပါတယ်ခင်ဗျား။ တတိယမေးခွန်းဖြစ်တဲ့ နိုင်ငံတော်ရဲ့ နိုင်ငံခြားငွေနှင့် Gold Reserve မေးခွန်းပါ။ ဒါကတော့ ကျွန်တော်တို့ စိစစ်ဆောင်ရွက်ဆဲဖြစ်တဲ့အတွက်ကြောင့် သီးခြားထပ်မံပြီးတော့ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ၁၉၉၀ ခုနှစ်မှာ မြန်မာနိုင်ငံ လုပ်သားအင်အားစစ်တမ်းကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကောက်ယူခဲ့ပါတယ်။ ၎င်းမှ လုပ်သားအင်အား (Labour Force) ၊ အလုပ်လက်ရှိ (Employment)၊ အလုပ်လက်မဲ့ (Unemployment)၊ အလုပ်လက်ရှိနှုန်း (Employment Rate)၊ အလုပ်လက်မဲ့နှုန်း (Unemployment Rate) နှင့် လုပ်သားအင်အားပါဝင်မှုနှုန်း (Labour Force Participation Rate) တို့ကို ရရှိခဲ့ပါတယ်။ သို့သော် လည်း နောက်ပိုင်းတွင် လုပ်သားအင်အားစစ်တမ်းကို ကောက်ယူနိုင်ခြင်းမရှိဘဲ ၂၀၁၅-၂၀၁၆ ခုနှစ် တွင် ကောက်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါကြောင့် အလုပ်လက်မဲ့ဦးရေကို တွက်ချက်ရာမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနမှ နှစ်စဉ်ရရှိသော လူဦးရေတိုးနှုန်းအပေါ်အခြေပြု၍ လုပ်သား အင်အားတိုးနှုန်းကို တွက်ချက်ရယူပြီး၊ ၁၉၉၀ ခုနှစ် လုပ်သားအင်အားစစ်တမ်းမှ ကောက်ယူရရှိခဲ့ သော အချက်အလက်များကို မှီတည်၍ လုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ အလုပ် လက်ရှိနှုန်း၊ အလုပ်လက်မဲ့နှုန်းနှင့် လုပ်သားအင်အားပါဝင်မှုနှုန်းတို့ကို ခန့်မှန်းတွက်ချက်ရခြင်း ဖြစ်ပါ တယ်။ ၎င်းခန့်မှန်းတွက်ချက်မှုအရ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ အခြားနိုင်ငံများ၏ အလုပ်လက်မဲ့နှုန်းများနှင့် နှိုင်းယှဉ်ဖော်ပြပါက အမေရိကန် ပြည်ထောင်စု ၂၀၁၂ ခုနှစ် ၇.၈ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ ၂၀၁၂ ခုနှစ် ၁၀.၂ ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံ ၂၀၁၂ ခုနှစ် ၆.၈ ရာခိုင်နှုန်း၊ စပိန်နိုင်ငံ ၂၀၁၂ ခုနှစ် ၂၄.၆ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံ ၂၀၁၂ ခုနှစ် ၃.၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ ၂၀၁၂ ခုနှစ် ဝ.၉ ရာခိုင်နှုန်း၊ ဘရူနိုင်းနိုင်ငံ ၂၀၁၀ ခုနှစ် ၂.၇ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံ ၂၀၁၁ ခုနှစ် ၂.၃ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံ ၂၀၀၈ ခုနှစ် ၁.၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံ ၂၀၁၂ ခုနှစ် ၇ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံ ၂၀၁၂ ခုနှစ် ၆.၃ ရာခိုင်နှုန်း၊ လာအိုနိုင်ငံ ၂၀၀၉ ခုနှစ် ၂.၅ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ၏ အလုပ် လက်မဲ့နှုန်းဟာ နိုင်ငံတကာနှင့်နှိုင်းယှဉ်ကြည့်ပါက များလှသည်ဟု မဆိုနိုင်ပါ။ ၂၀၁၅-၂၀၁၆ ခုနှစ် တွင် လုပ်သားအင်အားစစ်တမ်းကောက်ယူပြီးပါက ပိုမိုတိကျသည့် စာရင်းကိန်းဂဏန်းများ ရရှိနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
