(က)-နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၄) ရက်မြောက်နေ့ (၇-၁၀-၂၀၁၁)

ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၀ နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုအဖွဲ့ဝင် ၉ ဦးဖြင့် ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတကာလွှတ်တော်အချို့မှာလည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့်အလားတူအဖွဲ့ အစည်းများဖွဲ့စည်းထားကြောင်း လေ့လာတွေ့ရှိရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ ဖွဲ့စည်းထားပြီးဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအနေနဲ့စတင်ဖွဲ့စည်းချိန်မှစပြီး ယနေ့ထိမည်သည့်လုပ်ငန်းတာဝန်များကို မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို မေးမြန်းအပ်ပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဋ္ဌ ဦးသိန်းစိုး
အဖြေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၄၆ မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတစ်ရုံး ဖွဲ့စည်းရမယ်လို့ ပြဋ္ဌာန်းထား ပြီးတော့ အဲဒီပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၀ အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင် ၉ ဦးဖြင့်ဖွဲ့စည်းထားပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနက်အချို့နိုင်ငံများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကောင်စီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးစသဖြင့်ဖွဲ့စည်းထားတာ စုစုပေါင်း ၇၁ နိုင်ငံရှိကြောင်းတွေ့ရှိရပါတယ်။ ဥရောပနိုင်ငံများမှာ ၃၃ နိုင်ငံ၊ အာရှနိုင်ငံများမှာ ၁၄ နိုင်ငံ၊ အာဖရိကနိုင်ငံများမှာ ၁၅ နိုင်ငံနဲ့ လက်တင်အမေရိကနိုင်ငံများမှာ ၉ နိုင်ငံ၊ စုစုပေါင်း ၇၁ နိုင်ငံ ရှိကြောင်းတွေ့ရှိရပါတယ်။ အဲဒီတရားရုံးများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို  အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုများကို အဆုံးအဖြတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများကိုစစ်ဆေးခြင်း၊ နိုင်ငံရေးပါတီကိစ္စရပ်များကို အဆုံးအဖြတ် ပေးခြင်း၊ နိုင်ငံတကာနှင့်ချုပ်ဆိုတဲ့စာချုပ်စာတမ်းများကိုဥပဒေနှင့်ညီ၊ မညီစစ်ဆေးခြင်း၊ နိုင်ငံသား များ၏ မူလအခွင့်အရေးကိစ္စရပ်များကိုအဆုံးအဖြတ်ပေးခြင်း၊ ပြည်တွင်းဥပဒေများမပြဋ္ဌာန်းမီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီ၊ မညီစစ်ဆေးခြင်း၊ စွပ်စွဲပြစ်တင်ခြင်းစတဲ့ကိစ္စရပ်များကို ၎င်းတို့နိုင်ငံ အလိုက် ဆောင်ရွက်ကြကြောင်းတွေ့ရှိရပါတယ်။ ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၅၁ အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုများကို တရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ပြုခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်င‌ံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၀ အရ ပြည်သူ့လွှတ်တော်ကအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များ ဟာ အခြေခံဥပဒေနှင့်ကိုက်ညီခြင်းရှိ၊ မရှိဆုံးဖြတ်ရန်ရှိပါက ပြည်သူ့လွှတ်တော်ကသာ ဆုံးဖြတ်ရ မယ်လို့ ပြဋ္ဌာန်းကျင့်သုံးခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၂ အရ ခုံရုံးရဲ့လုပ်ငန်းတာဝန်များကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းတဲ့ဥပ‌ဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းရှိ၊ မရှိစိစစ်ခြင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများရဲ့ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များရဲ့ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်း ရှိ၊ မရှိစိစစ်ခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြားသော်လည်းကောင်း၊ ပြည်ထောင်စုနှင့်ပြည်နယ်အကြားသော် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြားသော်လည်းကောင်း၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်းဖြစ်ပေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာအငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ တိုင်းဒေသကြီး၊  ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့က ပြည်ထောင်စု ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့ရဲ့အခွင့်အရေးနဲ့ တာဝန်များဆိုင်ရာပေါ်ပေါက်တဲ့ အငြင်း ပွားမှုများကိုဆုံးဖြတ်ခြင်း၊ ပြည်ထောင်စုနယ်မြေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်း ကြားလာတဲ့ ကိစ္စရပ်များကိုစိစစ်ဆုံးဖြတ်ခြင်း၊ တရားရုံးတစ်ရုံးကစစ်ဆေးဆဲအမှုများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၃ နှင့် ခုံရုံးဥပဒေပုဒ်မ ၁၇/၂ တို့အရ တင်ပြလာတဲ့ အငြင်းပွားမှုများကိုအဆုံးအဖြတ်ပေးခြင်း၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ဥပဒေများက ပေးအပ်တဲ့တာဝန်များကို ဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန်တင်သွင်းခြင်းကိစ္စရပ်များနဲ့ ပတ်သက် လို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၃ အရ ခုံရုံးကိုတိုက်ရိုက် တင်သွင်းခွင့် ရှိပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး သို့မဟုတ်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းအရေအတွက်ရှိတဲ့ ကိုယ်စားလှယ်များကတော့ သတ်မှတ်ထားတဲ့ နည်းလမ်းများနှင့်အညီ ခုံရုံးကိုတင်သွင်းခွင့်ရှိပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နဲ့ သဘောထားရယူရန်ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး တော့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်များကတင်သွင်းလာတဲ့အခါ စနစ်တကျ‌ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကိုသတ်မှတ်နိုင်ဖို့အတွက် ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနည်းဥပဒေကိုညှိနှိုင်းရေးဆွဲပြီးတော့ ခုံရုံးအမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၁၁၊  ၂၈-၆-၂၀၁၁ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်င‌ံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၃ နဲ့ ၃၁၇ ပါ ပြဋ္ဌာန်းချက်တို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာမြို့နယ်ခွဲများမှာဖြစ်ပွားတဲ့ ပြစ်မှုဆိုင်ရာ အမှုများနဲ့စပ်လျဉ်း၍ စီရင်ပိုင်ခွင့်အာဏာအပ်နှင်းခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်ခြင်း ရှိ၊ မရှိ။ ခုံရုံး၏အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၅(င)နှင့်အညီ ခုံရုံးကိုတင်သွင်းလွှာပေးပို့ခဲ့ပါတယ်။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ခုံရုံးဟာ ပြည်ထောင်စုတရားသူကြီးချုပ်က တင်သွင်းလာတဲ့တင်သွင်းလွှာ(၁/၂၀၁၁)အပေါ် ၁-၇-၂၀၁၁ ရက်နေ့မှာ နှစ်ဖက်ကြားနာပြီး ၁၄-၇-၂၀၁၁ ရက်နေ့မှာ ခုံရုံးကအပြီးသတ်ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ၁၂-၈-၂၀၁၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်င‌ံတော် ပြန်တမ်းအတွဲ ၆၄၊ အမှတ်စဉ် ၃၂ ၊ အပိုင်း ၁ မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကတော့ နိုင်ငံ‌တော်အခြေခံမူများ၊ ပြဋ္ဌာန်းချက်များအရ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာများကို ပိုင်းခြားသုံးစွဲရမည်ဖြစ်ပြီး တရားစီရင်ရေးအာဏာကို ကျင့်သုံးမယ့် တရားရုံးအဆင့်ဆင့်နဲ့ တရားသူကြီးများခန့်ထားရေးနှင့်စပ်လျဉ်း၍လည်း တိတိကျကျသတ်မှတ် ပြဋ္ဌာန်းထားပြီးဖြစ်သည့်အလျောက် ပြည်ထဲရေးဝန်ကြီးဌာန၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးအာဏာအပြင် တရားစီရင်ရေးအာဏာကိုပါ အပ်နှင်းမည်ဆိုပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှု ရှိမည်မဟုတ်ပေဆိုပြီးတော့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။ ခုံရုံးဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၂ ပါလုပ်ငန်းတာဝန်များကို ထိ‌ရောက်အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၊ ခုံရုံးတို့ရဲ့လုပ်ငန်းများကို သုတေသနပြုလေ့လာခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတွေ့အကြုံဗဟုသုတနဲ့ အတွေးအခေါ် မြော်မြင်မှုသဘောတရားတိုးပွားလာစေရန်အတွက်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့လုပ်ငန်းတွေကို စဉ်ဆက်မပြတ်တိုးတက်ဖြစ်ပွားလာစေရန်အတွက်လည်းကောင်း အစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေဖို့အတွက် သုတေသနစာတမ်းများကို တစ်ပတ်လျှင်တစ်ကြိမ်ဖတ်ကြားပြီး ဆောင်ရွက်‌နေပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဟာ ဝန်ကြီးဌာနအသီးသီးတို့နဲ့ သက်ဆိုင်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို လေ့လာလျက်ရှိပါတယ်။ သို့သော်လည်း ယင်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှု ရှိ၊ မရှိ ဆုံးဖြတ်ခြင်း၊ သဘောထား ပေးခြင်းတို့ကို မိမိသဘောအလျောက်ထုတ်ပြန်နိုင်ခွင့်မရှိပါဘူး။ ခုံရုံးရဲ့အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နဲ့ သဘောထားရယူရန်ကိစ္စများ ပေါ်ပေါက်လာပါက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၅ နဲ့ ခုံရုံးဥပဒေပုဒ်မ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ပါပြဋ္ဌာန်းချက်များနှင့်အညီ ခုံရုံးကိုတင်သွင်းလွှာများ တင်သွင်းလာတဲ့အခါမှသာ ကြားနာဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး တာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း ဖြေကြားပါသည်။