(ဂ)-National Road Safety Council ဖွဲ့စည်းခြင်းရှိ၊မရှိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားကို ထပ်မံတိုးချဲ့ဖွဲ့စည်းရန် ရှိ၊ မရှိ။ စည်းကမ်းဖောက်ဖျက်၍ အရေးယူဒဏ်ရိုက်ထားခြင်းမှ ရရှိသောဒဏ်ငွေများကို မည်သည့်နေရာများတွင် သုံးစွဲနေသည်နှင့် စပ်လျဉ်

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒသမနေ့ (၇.၁၁.၂၀၁၂)

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကို လေ့လာခဲ့ရာမှာ ဖြစ်ပွားမှုအကြိမ်ရေ ၈၀၀၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၁၄၀၀၀ ကျော်နှင့် သေဆုံးသူ ၂၄၀၀ ကျော်ရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ တစ်ရက်ပျမ်းမျှ ယာဉ်မတော်တဆမှု ၃၁ ကြိမ်ခန့်ဖြစ်ပွားပြီး လူ ၅၃ ဦးကျော် ဒဏ်ရာရရှိကာ နေ့စဉ်သေဆုံးမှု ၉ ဦးခန့်ရှိနေကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် UN ကလည်း WHO အား ယာဉ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုကို HIV, AIDS, TB, ငှက်ဖျား ရောဂါများကဲ့သို့ပင် ကမ္ဘာ့ကျန်းမာရေးပြဿနာများတွင် ထည့်သွင်းဆောင်ရွက်သင့်သည်ဟု ညွှန်ကြား ထားသည်ကိုလေ့လာတွေ့ရှိရပါတယ်။ ဒေသအလိုက် အများဆုံးဖြစ်ပွားရာမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများဖြစ်သည်ကို တွေ့ရှိရပါတယ်။ ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို National Plan တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်သင့်နေပြီလို့ ထင်မြင်ယူဆပါတယ်။ ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီး၊ ရန်ကုန်မြို့တွင်မော်တော်ယာဉ်စီးရေများပြားလာသလို ယာဉ်ကြောပိတ်ဆို့မှုများ၊ စည်းကမ်း ဖောက်ဖျက်သည့်ယာဉ်များ ပိုမိုများပြားလာသည်ကို တွေ့ရှိနေရပါတယ်။ ယာဉ်စည်းကမ်း ဖောက်ဖျက်၍ အရေးယူဒဏ်ရိုက်နေသည်ကိုလည်း ကြားသိနေရပါတယ်။ ၎င်းဒဏ်ကြေးငွေများ တစ်လလျှင် သိန်းရာချီပြီးရနေကြောင်းလည်း သိရှိရပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လည်း အလားတူ ဒဏ်ကြေးငွေများ ရရှိနေမှာဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းလိုတဲ့အချက်များမှာ ရရှိတဲ့ဒဏ်ကြေးငွေများကို ပြည်သူလူထုအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ရာနှုန်းပြည့်သုံးစွဲရမည်ဖြစ်ရာ ယခုဒဏ်ကြေးရရှိတဲ့ဝင်ငွေများအား မည်သည့် နေရာတွင် သုံးစွဲနေသည်ကို သိရှိလိုပါကြောင်းနှင့် မြန်မာနိုင်ငံတွင် (NRSC) National Road Safety Council ဖွဲ့စည်းပြီး၊ မပြီးသိရှိလိုပါတယ်။ ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့အင်အားကို ထပ်မံတိုးချဲ့ဖွဲ့စည်းရန် အစီအစဉ်ရှိ၊ မရှိနှင့် တိုင်းဒေသကြီး/ပြည်နယ်များ တွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ တိုးချဲ့ဖွဲ့စည်းမယ့်အစီအမံကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

        [ ဦးထွန်းသိန်း(ခ) ဦးထွန်းထွန်း၊ မံစီမဲဆန္ဒနယ် ကိုယ်စား ဦးမျိုးဆွေ၊ တနိုင်းမဲဆန္ဒနယ်မှ မေးမြန်းပါသည်။]


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိကျင်းပခဲ့တဲ့ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ လမ်းအန္တရာယ်ကင်းရှင်းရေး ဝန်ကြီးအဆင့် အစည်းအဝေးမှာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုများထက် ၂၀၂၀ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်းလျှော့ချရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ အာဆီယံ နိုင်ငံများ က ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိကို Decate of Action for Road Safety အဖြစ် သတ်မှတ်ပြီး ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စုမြန်မာ နိုင်ငံတော် ဝန်ကြီးချုပ်ရုံးရဲ့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲပါစာအရ ရထားပို့ဆောင် ရေးဝန်ကြီးဌာနမှ ဦးစီး၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်လမ်းညွှန်ခဲ့ပါတယ်။ အဲဒီလမ်းညွှန်ချက်အရ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက အမျိုးသားယာဉ်အန္တရာယ် ကင်းရှင်းရေးစီမံချက် ၂၀၁၀-၂၀၁၅ မူကြမ်းကိုရေးဆွဲခဲ့ပြီး အတည်ပြုနိုင်ရန်နှင့် နိုင်ငံတော်အဆင့် လမ်းအန္တရာယ်ကင်းရှင်းရေး အမျိုးသား ကော်မတီကို ဖွဲ့စည်းပေးနိုင်ရန် ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ ဝန်ကြီးချုပ်ရုံးကို တင်ပြခဲ့ပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယာဉ်တိုက်ခိုက်မှု လျော့နည်းကျဆင်းရေး လုပ်ငန်းများကို နိုင်ငံအတွင်းမှာရှိတဲ့ သက်ဆိုင်ရာဌာနများ၊ အာဆီယံနိုင်ငံများ၊ UN  အဖွဲ့အစည်းများတို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ Road Safety ဖြစ်စေရန် လူ၊ ယာဉ်၊ ရာသီဥတုနှင်‌့ လမ်းအခြေအနေ ကောင်းမွန်ဖို့လိုအပ်ပါတယ်။ လမ်းအသုံးပြုသူများမှာ အရေးအပါဆုံးကဏ္ဍက ပါဝင်တဲ့ ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင်ထုတ်ပေးရာမှာလည်း စနစ်တကျလေ့ကျင့်သင်ကြားပြီး လက်တွေ့၊ စာတွေ့ စစ်ဆေးပြီးမှသာ ထုတ်ပေးလျက်ရှိပါတယ်။ ယာဉ်မောင်းသင်တန်းကျောင်းများကိုလည်း အစိုးရပိုင်း သာမက ပုဂ္ဂလိကသင်တန်းကျောင်းများပါ ထူထောင်ခွင့်ပေးထားပါတယ်။ ယာဉ်မောင်းကျွမ်းကျင်မှု စစ်ဆေးရာမှာလည်း နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တွေမှာ စစ်ဆေးရေး Simulator များနှင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်မောင်းလိုင်စင်များကိုလည်း ယခင်က စက္ကူကတ်များကိုအသုံးပြုရာမှ လုံခြုံမှုပိုမိုကောင်းမွန်တဲ့ Smart Card များအဖြစ် ၂၀၁၀ ခုနှစ်၊ မတ်လမှ စတင်ပြီးထုတ်ပေးခဲ့ပါတယ်။ ယာဉ်မတော်တဆမှု များ လျော့နည်းကျဆင်းရေးအတွက် အပြည်ပြည်ဆိုင်ရာ ယာဉ်ထိန်းသိမ်းနည်းစနစ် ၅ မျိုးနှင့်လည်း ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်း မှာ ယာဉ်ထိန်းသိမ်းမှုစနစ် ကောင်းမွန်မှုမရှိခြင်း၊ ဘရိတ်နှင့်ပတ်သက်တဲ့ စက်ကိရိယာဆက်စပ် ပစ္စည်းများ ချို့ယွင်းခြင်း၊ ကားဘီးနှင့်တာယာများ ကောင်းမွန်မှုမရှိခြင်း၊ အရက်သေစာ သောက်စား ပြီး မောင်းနှင်ခြင်း၊ ကားမောင်းနေစဉ် အိပ်ငိုက်ခြင်းနှင့် မောင်းနှင်ရန် သတ်မှတ်ပေးထားသည်ထက် မိုင်နှုန်းထက်ပိုမိုမောင်းနှင်ခြင်းစတဲ့ ၅ ချက်က တစ်ချက်ချက်ချို့ယွင်းခဲ့ရင် ယာဉ်အန္တရာယ်ဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ယာဉ်မတော်တဆမှုများကို လေ့လာရာမှာ ယာဉ်မောင်းသူတို့ရဲ့ ပေါ့ဆမှု ကြောင်‌့ဖြစ်ပွားခဲ့သလို လမ်းအသုံးပြုသူ ခြေလျင်လမ်းလျှောက်သွားလာသူများနဲ့ အနှေးယာဉ်များရဲ့ စည်းကမ်းမလိုက်နာမှုကြောင့် ဖြစ်ပွားခဲ့တာကို လည်းတွေ့ရှိရပါတယ်။ လမ်းအသုံးပြုမှုနှင့် ခြေလျင် လမ်းလျှောက်သူများအနေနဲ့လည်း လူကူးမျဉ်းကျားမှသာ အချက်ပြထိန်းသိမ်းမှုစနစ်အတိုင်း စည်းကမ်းတကျလမ်းဖြတ်ကူးပါက ယာဉ်မတော်တဆမှုကြောင့် မလိုအပ်တဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ များစွာလျော့နည်းပပျောက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း တိုင်းဒေသကြီးများနှင့်ပြည်နယ်များမှာ တိုးတက်များပြားလာတဲ့ လူဦးရေ၊ ယာဉ်စီးရေနှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက် လက်ရှိဖောက်လုပ်ထားတဲ့လမ်းများကို ချဲ့ထွင်ဖို့နဲ့ ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအတွက် လူကူးကုန်းကျော်တံတားများ ဆောက်လုပ်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များကလည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ထိုနည်းတူစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းနှင်‌့ အာဆီယံရဲ့ရည်မှန်းချက် (Goal of ASEAN) ဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးနှုန်းကို ထိထိရောက်ရောက် လျှော့ချနိုင်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

          လမ်းအန္တရာယ်ကင်းရှင်းရေးဟာ ဥပဒေ၊ နည်းဥပဒေ ထုတ်ပြန်တဲ့ ဌာနအဖွဲ့အစည်း၊ အဲဒီလို ထုတ်ပြန်ထားတဲ့ ဥပဒေများကို လိုက်နာဖို့ စည်းကြပ်ကွပ်ကဲတဲ့ဌာနအဖွဲ့အစည်းများနှင့် ဥပဒေကို လိုက်နာရမယ့် ပြည်သူလူထုတို့ အတူတကွပူးပေါင်းလုပ်ဆောင်မှသာ အောင်မြင်နိုင်တဲ့ ကိစ္စရပ်ဖြစ်ပါ တယ်။ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းဖို့အတွက် 5 Es System နှင်‌့ဆောင်ရွက်လျက်ရှိ ရာမှာ အဲဒီနည်းစနစ်များအောင်မြင်စေဖို့ 4 Ps ဖြစ်တဲ့ တာဝန်ရှိသူများအပါအဝင် ပြည်သူအားလုံး သိရှိမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများကို မူဝါဒအရ မှန်ကန်စွာ သတ်မှတ်ပေးနိုင်မှု စည်းကမ်းထိန်းသိမ်းသူရော၊ စည်းကမ်းလိုက်နာသူများကပါ မိမိတာဝန်ကို လိုက်နာရန် အလေ့အကျင့်ရှိနေမှု၊ အမူအကျင့်ပြောင်းလဲမှုနှင့် တာဝန်ရှိသူရော ပြည်သူတစ်ရပ်လုံး ကပါ ဝိုင်းဝန်းပူးပေါင်း လိုက်နာဆောင်ရွက်မှုတို့ လိုအပ်လျက်ရှိပါတယ်။ လောလောဆယ်မှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ မူဝါဒချမှတ်ရေးနှင့်ပတ်သက်လို့ Road Safety ဖြစ်ပြီး အများပြည်သူလိုက်နာနိုင်မယ့် ခေတ်နှင့်လျော်ညီတဲ့ ဥပဒေ၊ နည်းဥပဒေဖြစ်စေဖို့ ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ရေးဆွဲပြုစုပြီးဖြစ်ရာ အတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံမှာ အမျိုးသား လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC - National Road Safety Council) ကိုဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဒုတိယ ရဲမှူးကြီးတစ်ဦး၊ ရဲမှူး ၃ ဦး အပါအဝင်၊ အရာရှိ ၂၇၀ ဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင် ၁၂၃၃ ဦးတို့နှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါ ဖြစ်ပေါ် တိုးတက်လာသော အခြေအနေများနှင့်အညီ လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများလျော့နည်းစေဖို့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ကို နေပြည်တော်မှာ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးများကို တိုးချဲ့ဖွဲ့စည်းနိုင်ဖို့အတွက် အဆိုပြုဖွဲ့စည်းပုံရေးဆွဲထားရှိပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြထားရှိပြီးဖြစ်ပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များရဲ့ အစီအစဉ်အရ စီမံခန့်ခွဲမှုနည်းလမ်းနဲ့ ဒဏ်တပ်လျက်ရှိရာမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့မှာ ဒဏ်ငွေတပ်ရိုက်မှုကရရှိတဲ့ ဒဏ်ကြေးငွေများကို အချိုးကျခွဲဝေလျက် ရှိပါ တယ်။ နေပြည်တော်မှာ ရရှိတဲ့ ဒဏ်ကြေးငွေများထဲမှ တရားရုံးမှ ၁၀ ရာခိုင်နှုန်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ၁၀ ရာခိုင်နှုန်းနှင့် နေပြည်တော်ကောင်စီမှ ၈၀ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီး တိုင်း တရားရုံးမှ ၁ ရာခိုင်နှုန်း၊ တိုင်းဥပဒေရုံးမှ ၁ ရာခိုင်နှုန်း၊ မြို့နယ်စည်ပင် တရားရုံးမှ ၁၀ ရာခိုင်နှုန်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ၈ ရာခိုင်နှုန်းနှင့် စည်ပင်ဘဏ်မှ ၈၀ ရာခိုင်နှုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်ထိန်းတပ်ဖွဲ့မှ ၃ ရာခိုင်နှုန်းနှင့် အစိုးရအဖွဲ့မှ ၉၇ ရာခိုင်နှုန်း အချိုးကျခွဲဝေလျက် ရှိပါတယ်။ စည်းကမ်းဖောက်ဖျက်လို့ အရေးယူဆောင်ရွက်မှုနဲ့ရရှိတဲ့ ဒဏ်ကြေးများနှင့်ပတ်သက်လို့ ယခင်က သက်ဆိုင်ရာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၊ ယခု တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရဲ့ အစီအစဉ်နှင့် မြို့ပြအင်္ဂါရပ်နှင့်အညီဖြစ်စေဖို့ လိုအပ်တဲ့နေရာတွေမှာ သုံးစွဲလျက် ရှိရာမှာ အဲဒီဒဏ်ကြေးငွေများကို အများပြည်သူအတွက် အကျိုးပြုစေမယ့် မီးပွိုင့်များ၊ လူကူး မျဉ်းကျားများပြုလုပ်ပေးခြင်း၊ အရေးပေါ်အခြေအနေမှာ ကူညီနိုင်ရန် သူနာပြုယာဉ်များ၊ ယာဉ်ကြောပိတ်ဆို့မှုရှင်းလင်းရန် ကရိန်း၊ ဆယ်တင်ယာဉ်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်ရာမှာ လိုအပ်တဲ့ အထောက်အကူပစ္စည်းများ စသည်တို့ကို ဝယ်ယူဖြည့်တင်းပေးခြင်း၊ ပညာပေးလုပ်ငန်းများမှာ သုံးစွဲခြင်းများစသည်ဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းစဉ်များအတွက် လိုအပ်သည်များကိုသာ သုံးစွဲလျက်ရှိသည်ကို သိရှိရပါကြောင်း ရှင်းလင်းဖြေကြားပါသည်။