(ဂ)-သူဌေးရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ ရှေ့အလားအလာများ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေး (၁၁) ရက်မြောက်နေ့ (၃၀.၁.၂၀၁၃)

ကျွန်တော် လေ့လာသိရှိသရွေ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနေနဲ့ ၂၄-၁၂-၂၀၀၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထူးစီမံကိန်းကြီးများ အကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၀၄)နဲ့ ခွင့်ပြုခဲ့တဲ့ သံတွဲမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ မှာရှိတဲ့ သူဌေးချောင်းပေါ်မှာ တမံအလျား ၂၀၂၈ ပေ၊ တမံအမြင့် ၂၉၈ ပေ၊ ဇုန်အမျိုးအစား ရေလှောင်တမံ၊ ရေအားလျှပ်စစ်တပ်ဆင်အား ၁၀၀ မဂ္ဂါဝပ်ဓာတ်အားထုတ်လုပ်ပေးနိုင်မယ့် စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းတည်ဆောက်မယ့်နေရာမှာ ချောင်းအတွင်းမှာ ၆.၁၂ လက်မအရွယ်ရှိတဲ့ ကျောက်စရစ်ထုကြီးရှိနေတဲ့အတွက် ပေ ၁၅၀ ခန့် တည်ရှိနေတဲ့အတွက် အနက် ၁၅၃ ပေ၊ အထူ ၃.၃ ပေ ရှိတဲ့ တမံအုတ်မြစ်ရေစိမ့်ရေတားနံရံ တည်ဆောက်ခြင်းကို နည်းစနစ်အသစ်များဖြင့် ဆောင်ရွက်ခဲ့ တာဖြစ်တဲ့အတွက် ထူးခြားတဲ့ဝိသေသရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း သိရပါ တယ်။ သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၃-၂၀၀၄ ခုနှစ်မှစတင်ခဲ့ရာ ယနေ့အချိန်အထိ စီမံကိန်း ကာလ ကိုးနှစ်ခန့်ရှိပြီလည်းဖြစ်ပါတယ်။ ရေလှောင်တမံရဲ့ Dam Sheet ပြုပြင်ခြင်း၊ အဓိကကျတဲ့ တမံအုတ်မြစ်ရေစိမ့်ရေတားစနစ် ပြီးစီးခြင်းနှင့်အတူ ရေပိုလွှဲလုပ်ငန်းအချို့အနက် ပြီးစီးသော်လည်းပဲ သူဌေးချောင်းအား ရေလွှဲနိုင်ရန်အတွက် အချင်း ၃၃ ပေ၊ အလျား ၂၀၂၈ ပေ၊ ၁၇၉၄ ပေ အသီးသီး ရှိတဲ့ ရေလွှဲဥမင်လိုဏ်နှစ်ခု တည်ဆောက်ခြင်းနှင့် ရေလျှံထိန်းဖောက်လုပ်ရာမှာ အခက်အခဲ ပေါင်း များစွာတွေ့ရှိနေပြီးတော့ ခရီးတွင်ကျယ်မှုမရှိဖြစ်နေကြောင်း လေ့လာသိရှိရပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းအရ လိုအပ်ချက်များကိုလည်းပဲ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဒီနေရာမှာ အင်ဂျင်နီယာဘူမိဗေဒ အ‌ခြေအနေညံ့ဖျင်းမှု ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနနဲ့ တိုင်းရင်းသားကုမ္ပဏီတစ်ခုတို့ စာချုပ်ချုပ်ဆိုပြီးတော့ ပြည်တွင်း ကုမ္ပဏီကနေပြီးတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ထင်ရှားတဲ့ကုမ္ပဏီကြီး တစ်ခုကို အလုပ်အပ်နှံကြောင်းလည်း သိရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ ရခိုင်ပြည်နယ်၊ ဂွမဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ တင်သွင်းသွားတဲ့အဆိုအရ ရေအားလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သုံးရပ်အနက် ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက်မယ့် စီမံကိန်း လက်ကျန် ၁၀ ခု မဂ္ဂါဝပ်အားဖြင့် ၂၂၂၆၂ မဂ္ဂါဝပ်အထက်ပေါင်းလောင်း နန်ချို၊ ရွှေလီ(၃)၊ ဖြူးချောင်း၊ အထက်ရဲရွာ၊ ဘောဂထ၊ မဏိပူရ၊ သူဌေး၊ အမ်းချောင်း၊ ကျိုင်းတောင်းတို့ကို တိုင်းရင်းသားကုမ္ပဏီ များသို့ B.O.T စနစ်ဖြင့် လည်းကောင်း၊ နိုင်ငံခြားကုမ္ပဏီများကို JV/B.O.T စနစ်ဖြင့် လည်းကောင်း လွှဲပြောင်းလုပ်ကိုင်ခွင့် မပြုရန်ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်အပေါ်မှာ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ရှိဆောင်ရွက်ဆဲစီမံကိန်း ၁၀ ခုအနက် နောက်ဆုံးမဏိပူရ်မပါဘူး။ ဝန်ကြီးဌာနကိုယ်တိုင် လုပ်ကိုင်မယ်လို့လည်း အဆိုအား မှတ်တမ်းအဖြစ်ထားရှိကြောင်းလည်း သိရှိရ ပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်းပဲ အဲဒီအဆိုကိုလက်ခံခဲ့ပါတယ်။ ယခုလည်းပဲ လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့ ကိုယ်တိုင်ဆောင်ရွက်တဲ့သဘောပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ပါ၍ အောက်ပါ မေးခွန်းများကို ကျွန်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါတယ်။ သူဌေးစီမံကိန်းရဲ့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေသည်ဟုယူဆသော အဓိက အခက်အခဲ များဖြစ်တဲ့ ရေလွှဲဥမင်လိုဏ်နှင့် ရေလျှံထိန်းလုပ်ငန်းအတွက် တိုင်းရင်းသားကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီ တို့ Contract စာချုပ်စာတမ်းအရ  တာဝန်ယူထားတဲ့အ‌ွခေအနေ၊ ရခိုင်ပြည်နယ် ဒေသအတွင်း အဓိကကျတဲ့ရေအားလျှပ်စစ်စီမံကိန်းမှာ လျှပ်စစ်အမြန်ရရှိသုံးစွဲနိုင်ရေးအတွက် စီမံကိန်းကို B.O.T သို့မဟုတ် JV/BOT စနစ်တစ်ခုခုကို လွှဲပြောင်းပေးရန် အစီအစဉ်ရှိခြင်းကြောင့် ယခုလိုကြန့်ကြာ နေခြင်းဖြစ်၊ မဖြစ်နဲ့ ဘဏ္ဍာငွေခွဲဝေရရှိမှုနည်းပါးခြင်းကြောင့် ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ။ ဘဏ္ဍာငွေ ခွဲဝေမှုနည်းပါးခြင်းမှန်ကန်မှုရှိ၊ မရှိ။ သူဌေးစီမံကိန်းကို ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော် တွင် ကတိပြုခဲ့သည့်အတိုင်း ဝန်ကြီးဌာနကိုယ်တိုင် ပါဝင်ဆောင်ရွက်မည်၊ မဆောင်ရွက်မည်။ မည်သည့်ခုနှစ်တွင် ရေလှောင်တမံနှင့် ဆက်စပ်ရသော အဆောက်အဦများပြီးစီး၍ မည်သည့်ခုနှစ် တွင် ဓာတ်အားစတင်ထုတ်လုပ်နိုင်မည်ကို မေးမြန်းခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်
အဖြေ

သူဌေးရေအားလျှပ်စစ်စီမံကိန်းဟာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့် အကွာမှာ သူဌေးချောင်းပေါ်မှာတည်ရှိတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ စီမံကိန်းဆိုင်ရာအချက်အလက် များ တင်ပြထားွခင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ မိုးရေချိန်လက်မ နှစ်စဉ်ပျမ်းမျှ အဲဒီ ဒေသမှာ ၂၁၂ လက်မ အင်မတန်မှပဲ မိုးရေချိန်များ ပါတယ်။ တမံအမျိုးအစားကတော့ ဇုန်အမျိုးအစား တမံဖြစ်ပြီးတော့ တမံအလျား ၂၀၂၈ ပေ၊ တမံအမြင့် ၂၉၈ ပေဖြစ်ပါတယ်။ ရေပိုလွှဲအမျိုးအစား ကတော့ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီးတော့ ရေလွှဲဥမင်လိုဏ် ၂ လုံး ပါပါတယ်။ ကျွန်တော်တို့ အမှတ်(၁) ရေလွှဲဥမင်လိုဏ်ကတော့ အချင်း ၃၃ ပေနဲ့ အလျား ၂၃၁၆ ပေ၊ အမှတ်(၂) ရေလွှဲဥမင် လိုဏ်ကတော့ အချင်း ၃၃ ပေ၊ အလျား ၁၇၉၁ ပေ ဖြစ်ပါတယ်။ တပ်ဆင်စက်အင်အား ၁၁၁ မဂ္ဂါဝပ် ဖြစ်ပြီးတော့ ၃၇ မဂ္ဂါဝပ် စက် ၃ လုံးဖြစ်ပါတယ်။ နှစ်စဉ်ထုတ်လုပ်နိုင်မယ့်ဓာတ်အား ၃၈၆ သန်း ကီလိုဝပ်နာရီ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးအေးမောက် ဆွေးနွေးမေးမြန်း သွားတဲ့အထဲမှာပါတဲ့ တမံအုတ်မြစ်စိမ့်ရေတားနံရံအကြောင်း အနည်းငယ်တင်ပြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သူဌေးရေအားလျှပ်စစ်စီမံကိန်းရဲ့ပင်မတမံရဲ့ အောက်ဘက်အရှေ့ဘက်ပိုင်းမှာ တမံ အုတ်မြစ်စိမ့်ကွန်ကရစ်ရေတားနံရံလုပ်ငန်း ပါရှိပါတယ်။ ကျွန်တော်တို့ ချောင်းအချို့၊ မြစ်အချို့ရဲ့ အောက်ခံ ကျောက်သားဟာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင် ကျွန်တော်တို့ Technical Term အရ ဆိုရင် Alluvial Thinkness လို့ခေါ်ပါတယ်။ အနယ်ကျတဲ့အပိုင်းဟာ အင်မတန်ထူ ပါတယ်။ ဒါကြောင့်မို့လို့ တမံရေသိုလှောင်တဲ့အခါမှာ စိမ့်ရေများ တမံအောက်ခြေကနေပြီးတော့ ဖြတ်သန်းထွက်မသွားဖို့အတွက်ကို အဲဒီစိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်ရတာ ဖြစ်ပါတယ်။ အနက်ဆုံး အပိုင်းအနေနဲ့ ၁၅၃ ပေအထိ ရှိပါတယ်။ အဲဒီလုပ်ငန်းကို ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပြီး လည်း ဖြစ်ပါတယ်။ ထူးခြားတဲ့ဝိသေသလို့လည်း ခုနက ရှင်းလင်းသွားတဲ့အထဲမှာ ပါပါတယ်။ မှန်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ နေပြည်တော်အနီးမှာရှိတဲ့ ငလိုက်ဆည်ဆိုရင်လည်း အဲဒီစိမ့်ရေတား ကွန်ကရစ် နံရံပါပါတယ်။ ကျွန်တော်တို့ သဖန်းဆိပ်ပင်မတမံဆိုလို့ရှိရင်လည်း အဲဒီ စိမ့်ရေတား ကွန်ကရစ်နံရံ Diaphragm Wall စနစ်ကို ကျင့်သုံးရတာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းဆောင်ရွက်ဖို့ရာ အတွက်ကို ကျွန်တော်တို့ အထူး Equipment ဖြစ်တဲ့  Trench Cutter လို့ခေါ်တဲ့ အလေးချိန် ၇၅ တန်ရှိတဲ့ စက်ကို ပို့ဆောင်ပြီးတော့ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

တင်ပြပါပုံကတော့ ဆောင်ရွက်ထားပြီးဖြစ်တဲ့ စိမ့်ရေတားကွန်ကရစ်ကိုဖော်ပြခြင်း ဖြစ်ပါတယ်။ အလျား ၆၄၈ ပေရှိပါတယ်။ အထူးအားဖြင့် ၁ မီတာ (၃ ပေ ၃ လက်မ)ရှိပါတယ်။ အနက်ဆုံးအပိုင်း ၁၅၃ ပေအထိ ဆောင်ရွက်ခဲ့ရပြီးတော့ ၂၀၀၉ ခုနှစ် ဧပြီလမှာ ရာခိုင်နှုန်းပြည့်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ထားပြီးသွားလို့ရှိရင် အဲဒီအပေါ်မှာ သူဌေးချောင်းရဲ့ရေဟာ မိုးရာသီ ကာလမှာဖြတ်သန်းမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီနံရံကို ကာကွယ်ဖို့အတွက် Chain Link များ အတွင်း မှာထည့်ထားတဲ့ ကျောက်ကြီးများထည့်ပြီးတော့ ဖုံးအုပ်ကာကွယ်ထားတဲ့လုပ်ငန်းလည်း ဆောင်ရွက် ထားပါတယ်။ အဲဒီလိုပြီးတဲ့အခါမှာ ကျွန်တော်တို့ စိမ့်ရေတားကွန်ကရစ်နံရံကို ရေလုံမှု ပိုသေချာ စေရန်အတွက် Grouting လုပ်ငန်း ဘိလပ်မြေဖိသွင်းခြင်းလုပ်ငန်းတွေ လုပ်ရပါတယ်။ ဆောင်ရွက် ရမယ့်လုပ်ငန်းပမာဏ ၂၆၅၀၀၀ ပေရှိပါတယ်။ ဆောင်ရွက်ပြီး ၅၂၅၀၀ ပေရှိပါတယ်။ ဆောင်ရွက်ဆဲ လည်း ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ ၂၀ ရာခိုင်နှုန်း ပြီးစီးနေတဲ့အနေအထားလည်း ဖြစ်ပါတယ်။

ဒုတိယပင်မတမံလုပ်ငန်းပါခင်ဗျား။ ပင်မတမံရဲ့တည်နေရာပြပုံဖြစ်ပါတယ်။ ပင်မတမံက ကျွန်တော်တို့ Zoned Type အမျိုးအစားတမံဖြစ်ပါတယ်။ အသေးစိတ်တော့ ဖို့မယ့်ဟာတွေ ကျွန်တော်တို့ မတင်ပြတော့ပါဘူး။ စုစုပေါင်းပမာဏဟာ ၂၆၈၃၄၀၀ ကျင်းရှိပါတယ်။ ကျွန်တော်တို့ ကျင်းပေါင်း ၂၇ သိန်းခန့်ဖို့ရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ရာအတွက်ကို ဒီတမံရဲ့ အပေါ်ယံမြေလွှာ ဖယ်ရှားခြင်းလုပ်ငန်းဟာ ၃၅၉၄၀၀ ကျင်း ကျွန်တော်တို့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဆောင်ရွက်လို့ ရတဲ့အပိုင်း ၁၄၂၂၄၂ ကျင်းကို ၄၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ကျန်တဲ့ လုပ်ငန်း တွေကတော့ ရေလွှဲပြီးမှပဲ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပင်မတမံတည်ဆောက်ခြင်းလုပ်ငန်း အတွက် ဆောင်ရွက်မယ့်အစီအစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်၊ သံတွဲဒေသရဲ့ ရာသီဥတု အခြေအနေအရ နှစ်စဉ်တမံဖို့နိုင်မယ့်ကာလဟာ နိုဝင်ဘာလလယ်ကနေပြီးတော့ ဧပြီလကုန်အထိ ၆ လခန့်သာ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တမံအမျိုးအစားဟာလည်း ဇုန်အမျိုးအစား တမံဖြစ်တဲ့အတွက်ကြောင့် တစ်လကို ကျင်း ၁၀၀၀၀၀ ခန့်သာ ကျွန်တော်တို့ဖို့နိုင်မှာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးနှစ်အလိုက် ကျွန်တော်တို့ ၂၀၁၄-၂၀၁၅ မှာစတင်ဖို့ လျာထားပြီးတော့နှစ်အလိုက် ကျွန်တော်တို့ ဆက်လက်ပြီး ဖို့သွားမှာဖြစ်ပါတယ်။ ပထမဦးဆုံးသော စဖို့မယ့်နှစ်က တမံရဲ့အောက်ခြေ ကို ပြုပြင်ရမယ့်၊ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အချို့ရှိတဲ့အတွက်ကြောင့် စစချင်းနှစ်မှာ ကျင်း ၄၀၀၀၀၀ ခန့်ပဲဖို့နိုင်မှာဖြစ်ပြီးတော့ ကျန်တဲ့နှစ်တွေမှာ လျာထားထားတဲ့အတိုင်း ကျင်း ၆၀၀၀၀၀ ခန့် နှင့် စုစုပေါင်း ကျင်း ၂၇ သိန်းကို ဖို့ရမှာဖြစ်ပါတယ်။ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၈-၂၀၁၉ မှာ အဲဒီ တမံ ဖို့တာ ပြီးစီးအောင် လုပ်ဖို့လျာထားပါတယ်။ လုပ်ငန်းသဘောသဘာဝအရ တမံပြီးစီးတဲ့နှစ်ဟာ စီမံကိန်းလည်း ပြီးစီးတာပါပဲ။ လျှပ်စစ်လည်း ထုတ်မယ့်နှစ်လည်း ဖြစ်ပါတယ်ခင်ဗျား။

နောက်တစ်ခုကတော့ ရေထိန်းတံခါးပြွန်လုပ်ငန်း ဖြစ်ပါတယ်။ Surge Shaft လို့ ခေါ်ပါတယ်။ တင်ပြပါ ပုံကတော့ ရေထိန်းတံခါးပြွန်ရဲ့ ဖြတ်ပိုင်းပုံ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဝါရောင်ခြယ်ထားတဲ့ အပေါ်ပိုင်း အပိုင်းလေးဟာ မြေကြီးကျောက်သားတူးဖော်တဲ့အခြေအနေ ကျင်းပေါင်း ၁၇၄၆၈ ကျင်း ကျွန်တော်တို့ ရှင်းလင်းထားပါတယ်။ ရေထိန်းတံခါးပြွန်ရဲ့အချင်းကတော့ ၅၂ ပေ၊ အမြင့် ပေ ၂၀၀ ရှိပါ တယ်။ အဲဒီတူးဖော်တဲ့ကျောက်သားကျင်း ၁၇၀၀၀ ကျော်ဆောင်ရွက်စဉ်မှာပဲ Geological Condition မကောင်းတဲ့အနေအထားနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ဒီစီမံကိန်းနှင့်ပတ်သက်ပြီး Consultant အဖြစ် In House Engineering Services  အဖြစ်ဆောင်ရွက်နေတဲ့ New Japanese Engineering Consultant အဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖွဲ့နှင့် ကျွန်တော်တို့ ဒီဇိုင်းပိုင်းဆိုင်ရာတွေ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အခုအခါမှာတော့ ပြီးပြတ်ပါပြီ။ လိုအပ်ရင် အဲဒီမှာလည်းပဲ Special Grouting ဒီထက်အထူးလိုအပ်ရင် Chemical Grouting တွေအထိ လုပ်ပြီးဆောင်ရွက်ဖို့ အစီအစဉ်တွေ ဆုံးဖြတ်ထားပါတယ်။ ရေပိုလွှဲလုပ်ငန်း ဖြစ်ပါတယ်။ ရေပိုလွှဲလုပ်ငန်းကတော့ အကျယ် ၆၆ ပေ ရှိပြီးတော့ အလျားပေ ၂၀၀၀ ကျော် ရှိပါတယ်။ ကျွန်တော်တို့ မြေကြီးကျောက်သား တူးဖော်ရန်မှာ ၁၂၉၄၀၀၀ ကျင်းတူးရမှာ ဖြစ်ပါတယ်။ ယနေ့အထိ ၇၇၅၂၆၀ ကျင်း ၆၀ ရာခိုင်နှုန်းခန့် ကျွန်တော်တို့ ပြီးစီးထားပြီး ဖြစ်ပါတယ်။ ဒီအနေအထားမှာလည်းပဲ ဆက်လက်ဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။ အဓိကကျတဲ့ ရေလွှဲဥမင်လိုဏ် (၁) နဲ့ (၂) လုပ်ငန်းများတင်ပြမှာ ဖြစ်ပါတယ်။

ရေလွှဲဥမင်လိုဏ်စနစ်ပုံဖြစ်ပါတယ်။ ရေလွှဲဥမင်လိုဏ်အမှတ်(၁)နှင့် အမှတ်(၂)မှာ ရေလွှဲတဲ့ အချိန်မှာ ဥမင်လိုဏ် ၂ ခုစလုံးကို အသုံးပြုပြီးတော့ ရေလွှဲပြီးတဲ့အချိန်မှာ ဥမင်လိုဏ်အမှတ်(၂)ကို ဓာတ်အားထုတ်လုပ်ဖို့အတွက် ရေယူဥမင်လိုဏ်အဖြစ် အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥမင်လိုဏ်အမှတ်(၁)ရဲ့ ဖြတ်ပိုင်းပုံ ဖြစ်ပါတယ်။ သူကတော့ ွမင်းခွာပုံဖြစ်တဲ့ Horse shoes ပုံဖြစ်ပြီးတော့ အလျား ၂၃၁၆ ပေ ရှိပါတယ်။ Concrete Lining ပြုလုပ်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဥမင်လိုဏ်အမှတ်(၂)ဖြစ်ပါတယ်။ သူကတော့ Circle ပုံ ဖြစ်ပါတယ်။ ကျွန်တော်တို့ အရှည်အားဖြင့် ၁၇၉၁ ပေရှိပြီးတော့ Concrete Lining ရော၊ Steel Lining ရောတွဲဖက်ပြီး တော့ ပါဝင်တဲ့ ဥမင်လိုဏ်အမျိုးအစား ဖြစ်ပါတယ်။

ဒါဥမင်လိုဏ်အမှတ်(၂)ရဲ့ ဘူမိဗေဒဖြတ်ပိုင်းပုံ တင်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ကြုံတွေ့နေရတဲ့အခက်အခဲကတော့ ဘူမိဗေဒသွင်ပြင်အခက်အခဲပဲ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ တွေ့မြင်တဲ့အတိုင်းပဲ ဒီကျောက် Rock Mass  အဆင်‌့အတန်းဟာ ကျွန်တော်တို့ အကောင်းဆုံးအနေအထား 3 နားလည်လွယ်အောင်တင်ပြထားတာ ဖြစ်ပါတယ်။ 3 ဖြစ်ပြီးတော့ 4 နှင့် 5 အင်မတန်မှပဲ ညံ့ဖျင်းပါတယ်။ ကျွန်တော်တို့တစ်တွေ စပြီးတော့ အဝင်ပိုင်း စလုပ် ကတည်းက အညံ့ဆုံးအနေနဲ့ ပိုပြီးညံ့တဲ့အပိုင်းတွေ 4 တွေ 5 တွေနဲ့ပဲကြုံတွေ့ရမယ် ဖြစ်တယ်ဆိုတာ ကို ကျွန်တော်တို့ ရှင်းလင်းတင်ပြထားတာဖြစ်ပါတယ်။ ဥမင်လိုဏ်တစ်ခု ဖောက်တဲ့နေရာမှာ ပထမဦးဆုံးအနေနဲ့ လုပ်ရတဲ့အလုပ်ကတော့ ဥမင်လိုဏ်မျက်နှာဝါသစ်ခြင်းလုပ်ငန်းဖြစ်ပါတယ်။ ဒီမျက်နှာစာအပိုင်းကိုစပြီးတော့ မြေကြီးကျောက်သား ကျွန်တော်တို့ စပြီးတော့ တူးဖော်ရပါတယ်။ အဲဒီလိုလုပ်ပြီးတဲ့အခါမှာ ဥမင်လိုဏ်ရဲ့အဝမျက်နှာစာမှာ ခိုင်ခံ့မှုလုပ်ငန်းတွေ လုပ်ရပါတယ်။ ကျွန်တော်တို့ ၁ လက်မ အချင်းရှိတဲ့ သံချောင်းကို အနက် ပေ ၄၀ အထိ ထိုးစိုက်ပြီးတော့ Anchor Bolt တွေ စိုက်ရပါတယ်။

ပြီးရင် အောက်ခံ ၁ လက်မလောက် ကွန်ကရစ်လောင်းပြီးတဲ့အခါမှာ အဲဒီအပေါ်မှာ wire mesh လို့ခေါ်တဲ့ သံချောင်းတွေနဲ့ Mesh လုပ်ရပါတယ်။ အဲဒီနောက်မှာ ထပ်ပြီးတော့ Shot Crete လို့ခေါ်တဲ့ ၆ လက်မ အထူကွန်ကရစ်နှင့် ကျွန်တော်တို့ မှုတ်ရပါတယ်။ အဲဒီလိုလုပ်ပြီးသွားတဲ့အချိန်မှာ အဲဒီ Tunnel ဖောက်မယ့်ထိပ်ပိုင်းမှာ အချင်း ၃ လက်မနဲ့ အနက် ၆၆ ပေရှိတဲ့ ပိုက်များထိုးသွင်းပြီး တော့ Grouting လုပ်ရပါတယ်။ Pile Poling လို့လည်း ခေါ်ပါတယ်။ အဲဒီလုပ်ငန်းတွေ ဆက်လုပ်ပြီးတဲ့အခါမှာ ပြီးစီးသွားတဲ့အချိန်မှာ အဲဒီဥမင်လိုဏ်ရဲ့အဝကို စပြီးတော့ တူးဖော်ရပါတယ်။ ဒါစတင်တူးဖော်တုန်းက မှတ်တမ်းပုံများကို တင်ပြထားခြင်း ဖြစ်ပါတယ်။ အနီရောင်မြှားလိုင်းနဲ့ဟာ အထဲထဲမှာရှိတဲ့ ကျောက်သားအလွှာတွေရဲ့ဖြစ်စဉ်ကို သိသာလွယ်အောင် ထင်ရှားပြသခြင်း ဖြစ်ပါတယ်။ ၁၆ စက္ကန့် ဗွီဒီယိုမှတ်တမ်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ခန့်မှန်းသိရှိတဲ့ အတွက်ကြောင့် ဒီမှတ်တမ်းလေးကို နှစ်နာရီကြာ တင်ထားနိုင်တဲ့တွက် ယခုကဲ့သို့ တင်ပြနိုင်ခြင်း ဖြစ်ပါတယ်။ တင်ပြခဲ့တဲ့ ဗွီဒီယိုမှတ်တမ်း ပုံ ကတော့ ၂၀၀၉ ခုနှစ်၊ မေလပိုင်းက ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ပြိုကျသွားတဲ့အပေါ်မှာ ထပ်မံပြီးတော့ တစ်ကြိမ်ထြပ်ပီးတော့ ကြိုးစားပါတယ်။ ကျွန်တော်တို့ ၂၀၁၀ ခုနှစ်၊ မေလမှာ အဲဒီလိုတော့ မပြိုခဲ့ဘဲနဲ့ ဘေးဘက်ကနေပြီးတော့ ပြိုတဲ့အနေအထားတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။ အဲဒီလိုပဲ အတွင်းပိုင်းထဲမှာလည်းပဲ အမိုးပိုင်းကနေပြီးတော့ ရေလျှောကျရတဲ့အပေါက်ကြီး ဖြစ်သွားတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေကတော့ Tunnel လုပ်ငန်းတွေကတော့ ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေအရ ရွှေလီ(၁)မှာ အဲဒီလိုပဲပြိုခဲ့ပါတယ်။ သောက်ရေခပ်(၂)မှာ လည်းပဲ အမိုးပိုင်းအထိ ပြိုခဲ့တဲ့အနေအထားလေးတွေရှိပါတယ်။ အဲ့ဒီလိုအပေါ်မှာ ကျွန်တော်တို့ ပြန်လည်ပြီးတော့ သုံးသပ်ရပါတယ်။ ကျွန်တော်တို့ လက်ရှိပုံမှန်နဲ့သွားလို့ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့်မို့လို့ အသေးစိတ် Drill Hole Test တှေ၊ Additional Drill Hole Test တွေ၊ Information Data တွေ ရယူပြီးတော့ မည်သည့်စနစ်နဲ့သွားမလဲဆိုတာကို ကျွန်တော်တို့  Shear pile လို့ခေါ်တဲ့ သံမဏိသံပေါင်များ ထိုးသွင်းတဲ့စနစ် Pre stress Tendon လို့ခေါ်တဲ့ သံမဏိကြိုးကြီးများနဲ့ စုစည်းထည့်သွင်းတဲ့လုပ်ငန်းများကို ဆောင်ရွက်ဖို့ လိုပြီဆိုတာကို ကျွန်တော်တို့ Consultant နဲ့ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ပညာရှင်များ နောက်ဆုံးသုံးသပ်တွေ့ရှိပါတယ်။ အဲဒီလုပ်ငန်းတွေ လုပ်ဖို့ရာအတွက်ကို ကျွန်တော်တို့မှာ ပစ္စည်းမရှိပါဘူး။ Equipment မရှိပါဘူး။ လုပ်တတ်တဲ့ အတွေ့အကြုံ၊ နည်းပညာမရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီဟာတွေကို ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက်ကြောင့် တိုင်းရင်းသားကုမ္ပဏီတစ်ခုဖြစ်တဲ့ IGE ကုမ္ပဏီနဲ့ တရုတ်အဖွဲ့ကို ချိတ်ဆက်ပြီးတော့ အဲဒီလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အထူးခိုင်ခံ့မှုလုပ်ငန်းသုံးပစ္စည်းတွေ(Material) တွေကို ကျွန်တော်တို့စတင်ပြီးတော့ ဝယ်ယူဖို့စာချုပ်ချုပ်ဆိုပြီးတော့ စာချုပ်တန်ဖိုးပမာဏအမေရိကန် ဒေါ်လာ ၅.၁၅ သန်း ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့အထိ အားလုံးပစ္စည်းများ ရောက်ရှိပြီး ပေးချေပြီးလည်း ဖြစ်ပါတယ်။ အဲဒီလိုပဲ အဲဒီလုပ်ငန်းကို မလုပ်တတ်သေးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဒါအဲဒီလုပ်ငန်းနဲ့ ဆောင်ရွက်ဖို့အတွက်လည်း စာချုပ်တန်ဖိုး ၄.၉၆၀၄၀၀ သန်းနဲ့ ဒါကျွန်တော်တို့ ချုပ်ဆိုခဲ့ပါတယ်။ ငွေပေးချေသည့်အနေအထားအရ ၂.၄၂၄ သန်း ဖြစ်ပါတယ်။ စာချုပ်အရလည်း ကျွန်တော်တို့ မလုပ်တတ်သေးရင်တော့ ကျွန်တော်တို့ လေ့လာမယ်။ သင်ယူမယ်။ ပြီးရင်တော့ ကျွန်တော်တို့ လုပ်တတ်သွားရင်တော့ ဝန်ကြီးဌာနအနေနဲ့ ဝင်လုပ်မယ်ဆိုပြီးတော့ ဒါ ကျွန်တော်တို့တွေ အနည်းဆုံး ၂၀ ရာခိုင်နှုန်းဝင်လုပ်ဖို့ စကတည်းကနေပြီးတော့ သဘောတူထားပါ တယ်။ တူထားတဲ့ အလျောက် ဒါကျွန်တော်တို့တွေ ပိုဝင်ပြီးတော့ လုပ်ခဲ့တဲ့အတွက်ကြောင့် အခုဆိုရင် ကျွန်တော်တို့တွေ ကောင်းကောင်းလုပ်တတ်သွားပြီလည်းဖြစ်ပါတယ်။ အလားတူ ဥပမာမျိုးလည်းပဲ ရဲရွာမှာဆိုရင် RCC တမံလုပ်တဲ့နေရာမှာ ပထမတော့ တရုတ်ကို ကျွန်တော်တို့ ခေါ်ပြီးတော့ ဒါလုပ်ရ ပါတယ်။ ကျွန်တော်တို့ လေ့လာပါတယ်။ သင်ယူပါတယ်။ ကော်ပီလုပ်ပါတယ်။ ယခုအခါမှာ ဒုတိယမြောက်ကျွန်တော်တို့ နိုင်ငံရဲ့ RCC ကွန်ကရစ်တမံဖြစ်တဲ့ အထက်ပေါင်းလောင်း ယနေ့ ကျွန်တော်တို့ ဝန်ကြီးဌာနက ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေရဲ့ အစီအစဉ်နဲ့ပဲ ကိုယ့်ဘာသာကိုယ် လုပ်နေတယ်ဆိုတာကိုလည်း ဒီနေရာမှာ တင်ပြလိုပါတယ်။ အဲဒီလုပ်ငန်းရပ်နှစ်ခုထဲက Shear Pile လို့ခေါ်တဲ့ သံမဏိသံပေါင်များ ထိုးသွင်းတဲ့လုပ်ငန်း ဖြစ်ပါတယ်။ လုပ်ငန်းကတော့ အချင်း ၈ လက်မ၊ အနက်ပေ ၈၀ ကျွန်တော်တို့ ဖောက်ရပါတယ်။ အဲဒီအတွက်လည်း Special Equipment အတွက်လည်း လုပ်ရပါတယ်။ ဆောင်ရွက်ရန်ရှိတဲ့လုပ်ငန်း ၄၄၃ ခုရှိပါတယ်။ ယနေ့အထိ ၄၄၃ ခုစလုံး ရာခိုင်နှုန်းအပြည့် ပြီးစီးပြီး ဖြစ်ပါတယ်။ ဆောင်ရွက်ရတာတော့ ရိုးရှင်းပါတယ်။ ကျွန်တော်တို့ အဲ့ဒီပစ္စည်းတွေကို ဝယ်ရပါတယ်။ ရထားသံလမ်း လိုပုံစံပါပဲ။ ၁၂ မီတာအရှည် နှစ်ချောင်းကို ဆက်ရပါ တယ်။ ပြီးရင် ပေ ၈၀ ကို ထိုးသွင်းပြီးတော့ Grouting လုပ်တဲ့အစီအစဉ် ရိုးရှင်းပါတယ်။ ဒီဇိုင်းအရ အဲဒီစနစ်နဲ့ လုံလောက်တဲ့အတွက်ကြောင့် ဒီဇိုင်းရဲ့ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်း ၄၄၃ ခု ဖြစ်ပါတယ်။ ဒီတစ်ခုကတော့ Pre Stress Tendon လို့ခေါ်တဲ့စတီးကြိုးနှင့် Pre Stress လုပ်ပြီးတော့ ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ပါတယ်။ အချင်း ၈ လက်မ လွန်ပေါက်ဖောက်ရပါတယ်။ အဲဒီအထဲမှာ စတီးကြိုး ၁၀ ခု ပါပါတယ်။ အတွင်း ထဲမှာဆိုရင် ပိုက် ၂ ပိုက်ပါပါတယ်။ ပိုက်တစ်ခု ကတော့ Grouting Pipe သရွက်ထည့်တဲ့ ပိုက်ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ လေထုတ်တဲ့ပိုက် ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ အချင်း ၈ လက်မ ပေ ၂၀၀ အထိ ဖောက်ရပါတယ်။ Vertical မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ဒီဇိုင်းအတိုင်း ရှိနေတဲ့ ဘူမိလွင်အသွင်အပြင်အတိုင်း လိုက်လျောညီ ထွေစွာ ကျွန်တော်တို့ ဖောက်ရတာ ဖြစ်ပါတယ်။ အချင်း ၈ လက်မ အနက် ပေ ၂၀၀ နှင့် အခုရေ ၆၀ ခု ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ပါတယ်။ အဲ့ဒီလို ၈ လက်မ အနက် ပေ ၂၀၀ ဖောက်ပြီးတဲ့အခါမှာ ခုနစတီးကြိုး ၁၀ ချောင်းကို မြင်တွေ့ပါပုံအတိုင်းပဲ လူအင်အားသုံးပြီးတော့ ထည်‌့သွင်းရပါတယ်။ အဲဒီလို ထည့်သွင်းပြီးတဲ့အခါမှာ High Pressure Grouting pump နဲ့ တွင်းထဲ ကို ထည့်ဖောက်ရပါတယ်။ အဲဒီမှုတ်တဲ့အခါမှာ အသုံးပြုတဲ့ ဒီ Grout Quality  ဟာ 50000 psi ရှိပါ တယ်။ ဒါအင်မတန်မှ မြင့်မားတဲ့ Pressure ပါ။ ပုံမှန်အားဖြင့် Structure တွေ ၃၀၀၀ နဲ့ ထားပါတယ်။ အဲဒီနောက်မှာ Grout ထည်‌့တဲ့ မော်တာ Quality ကို 28 days Strength ရအောင် စောင့်ပါတယ်။ ပြီးရင် တစ်ချောင်းစီအလိုက် တန် ၂၀ အားနဲ့ Pre Stress ဆွဲပါတယ်။ Tension နဲ့။ ပြီးလို့ရှိရင် ၁၀ ချောင်းလုံးကို  တန် ၁၂၀ အားနဲ့ ဆွဲပါတယ်။ အဲ့ဒီလုပ်ငန်းတွေအားလုံးပြီးပါပြီ။ အဲဒီလို ဆွဲပြီးတဲ့အခါမှာ ထိပ်မှ ကျွန်တော်တို့ ကွန်ကရစ်ဘလောက်တုံးနဲ့ အဲဒီစတီးကြိုးကို Pre Stress လုပ်ပြီးတော့ ဒါအဲဒီ တောင်ကုန်းကြီးကို လျော့ကျလာမှုမရှိအောင် ကြံ့ခိုင်မှုကောင်းအောင် လုပ်ထားရပါတယ်။ အဲဒီ လုပ်ငန်းတွေ လုပ်နေစဉ်အတွင်းမှာ Tunnel လုပ်ငန်းဆောင်ရွက်လို့ မရပါဘူး။ အားလုံးပြီးတဲ့ အချိန်မှာ Tunnel လုပ်ငန်းဆက်လက်ပြီး ဆောင်ရွက်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာလည်းပဲ ပထမဦးဆုံး တင်ပြပါပုံအတိုင်း ၁ လက်မ အနက် ပေ ၂၀ ရှိတဲ့ သံချောင်းလုံးများနဲ့ Crown ပိုင်းကို စပြီးတော့ pile poling ထိုးရပါတယ်။ အဲဒီလိုပြီးတဲ့အခါမှာလည်းပဲ အပေါ်ပိုင်းထိုးပြီးတဲ့အခါမှာ နံရံပတ်ပတ်လည်ကိုလည်းပဲ ဘေးပတ်လည်ကိုလည်း အချင်း ၁ လက်မ သံချောင်းနဲ့ အနက် ပေ ၂၀ နဲ့ ဒါ Rock bolt ထိုးပါတယ်။ အဲ့ဒီလိုပြီးတဲ့အခါမှာ Steel Rib တွေ ကျွန်တော်တို့ တပ်ရပါတယ်။ ဘူမိဗေဒအသွင်အပြင် ဆိုးရွားတဲ့အတွက်ကြောင့်မို့လို့ စတီးတွေတစ်ချောင်းနဲ့ တစ်ချောင်းနဲ့ကြားဟာ ၁ ပေခွဲပဲထားလို့ရပါတယ်။ အဲဒါကတော့ လုပ်ငန်းဆောင်ရွက်နေတဲ့အချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ Geologist  ရဲ့ အနီးကပ်ညွှန်ကြားမှုအတိုင်း လိုအပ်ရင်လိုအပ်သလို အကျဉ်းအကျယ်ကို သူကနေ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ တူးတဲ့အပိုင်းမှာလည်းပဲ Heading နဲ့ Benching အပိုင်း ဆိုပြီးတော့ နှစ်ပိုင်းခွဲပြီးတော့ တူးရပါတယ်။ အဲဒီလုပ်ငန်းတွေ အားလုံးပြီးမှပဲ Lining Concrete  က လောင်းရ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Progress ဟာ တစ်နေ့တစ်နေ့ကို ၂ ပေ၊ ၃ ပေရဖို့ အင်မတန်မှပဲ ခဲယဉ်းပါတယ်။ ရေလွှဲဥမင်လိုဏ် အမှတ်(၁)ရဲ့အဝင်ပိုင်း ဆောင်ရွက်ပြီးစီးနေတဲ့ အခြေအနေကို တင်ပြခြင်းဖြစ်ပါတယ်။ ယနေ့အထိ ၂၃၂၆ ပေကနေပြီးတော့ ၃၅၄  အထိ တူးထားပြီး ဖြစ်ပါတယ်။ ဒါကတော့ ဥမင်လိုဏ်အမှတ်(၂)ရဲ့ အဝင်ပိုင်းရဲ့ လုပ်ငန်းပြီးစီးမှုဖြစ်ပါတယ်။ ၂၀၅ ပေအထိ ပြီးစီး ထားပြီဖြစ်ပါတယ်။ ဥမင်လိုဏ်အမှတ်(၁)ရဲ့ အထွက်ပိုင်းပြီးစီးထားမှု တင်ပြခြင်း ဖြစ်ပါတယ်။ ဥမင်လိုဏ်အမှတ်(၂)ရဲ့ အထွက်ပိုင်းဖြစ်ပါတယ်။ ဥမင်လိုဏ်အမှတ်(၂)ရဲ့ အထွက်ပိုင်း မျက်နှာဝခိုင်ခံ့ မှု လုပ်ငန်းပြုလုပ် ဆောင်ရွက်ပြီးပြီဖြစ်တဲ့အတွက်ကြောင့် အပေါ်ထည်လုပ်ငန်းကို စတင်ပြီးတော့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွက် HSS လို့ ခေါ်တဲ့ Gate တွေ၊ Pipe တွေ၊ Electromechanical Equipment လို့ခေါ်တဲ့ Generator နဲ့ Turbine နဲ့ဆက်စပ်တဲ့ပစ္စည်းတွေ အားလုံးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ချေးငွေနဲ့ China Gezhouba Group Co.,Ltd နဲ့  စာချုပ်ချုပ်ဆိုပြီးတော့လည်း ဝယ်ယူထားပြီး အခြေအနေရှိကြောင်း လည်း တင်ပြအပ်ပါတယ်။ အဲဒီဝယ်ယူထားတဲ့ပစ္စည်းအခြေအနေတွေအရ ကျွန်တော်တို့ ၂၀၁၃ ခုနှစ် ကုန်ပိုင်းလောက်မှာစပြီးတော့ Metal Structure  ကနေစပြီးတော့ နှစ်အလိုက် ရောက်ရှိလာမှာလည်း ဖြစ်ပါတယ်။ နှစ်အလိုက် သူဌေးရေအားလျှပ်စစ်စီမံကိန်းရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်ကို တင်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘဏ္ဍာရေးအလိုက် ရရှိရန်ပုံငွေစာရင်း ဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ ကနေပြီးတော့ ၂၀၁၂-၂၀၁၃ အထိ တင်ပြထားခြင်း ဖြစ်ပါတယ်။ ယခု ဘဏ္ဍာရေးနှစ် ၂၀၁၂-၂၀၁၃ မှာဆိုလို့ရှိရင် ၄၅.၆၂၀ ဘီလီယံအထိရပါတယ်။ နိုင်ငံခြားငွေ ၁၆.၉၅၇ နဲ့ လုပ်ငန်းဆောင်ရွက်ဖို့အတွက် ၂၈.၆၆၂ ပါပါတယ်။ နိုင်ငံခြားငွေဆိုတာ ခုနကတင်ပြထားတဲ့ စာချုပ်အရဝယ်ထားတဲ့ ပစ္စည်းများရဲ့ Down Payment နဲ့ အချို့ပစ္စည်းများရဲ့တန်ဖိုးကို ပေးချေဖို့ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်ဖို့အတွက်လည်း လုံလုံလောက်လောက်ရှိပါတယ်။ စီမံကိန်းတစ်ခုလုံး ရဲ့ ပြီးစီးမှုကတော့ ယနေ့အထိ ၂၃ ရာခိုင်နှုန်း ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

မလှိုင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်မေးမြန်းထားသော မေးခွန်းအမှတ်(၁)အတွက် သူဌေး ရေအားလျှပ်စစ် စီမံကိန်းရေလွှဲဥမင်လိုဏ် ၂ ခု တူးဖော်ခြင်းလုပ်ငန်းနှင့်ရေထိန်းတံခါး Gate Shaft / Surge Shaft အား တိုင်းရင်းသားလုပ်ငန်းရှင်အဖွဲ့ဖြစ်သော International Group of Entrepreneurs ကုမ္ပဏီနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ Power Point ဖြင်‌့လည်း ရှင်းလင်းဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။ မေးခွန်း (၂)အတွက် သူဌေးရေအားလျှပ်စစ်စီမံကိန်းအား B.O.T စနစ် သို့မဟုတ် JV/B.O.T စနစ်တစ်ခုခုသို့ လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် စီမံကိန်းဒေသမှာ ဘူမိဗေဒအခြေအနေ ရှုပ်ထွေးတဲ့ ဒေသဖြစ်သည့်အတွက် ဥမင်လိုဏ်တူးဖော်ခြင်းလုပ်ငန်းများမှာ အထူးဂရုပြုဆောင်ရွက်နေရမှုများ ကြောင့် ကြန့်ကြာခြင်းလည်းဖြစ်ပါတယ်။ သူဌေးရေအားလျှပ်စစ်စီမံကိန်းရဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွဲဝေရရှိမှုမှာလည်း ခွင့်ပြုရန်ပုံငွေ ၄၅၆၂၀.၁၃၀ ကျပ်သန်းခွဲဝေရရှိထားပါသဖြင့် ရန်ပုံငွေ နည်းပါးမှုလည်း မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ မေးခွန်း(၃)အတွက် ယခုအချိန်ထိ သူဌေး စီမံကိန်းရဲ့ တည်ဆောက်ရေးလုပ်ငန်းများအား ဝန်ကြီးဌာနမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်တဲ့စနစ်နဲ့ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နောက်ဆုံးမေးခွန်းအတွက် စီမံကိန်းပြီးစီးသည့် နှစ်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြား ရှင်းလင်းဖြေကြားပါသည်။

ဥက္ကဋ္ဌ။           ။ အခုလို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေသိချင်တဲ့အချက်က Technically မဟုတ်ဘဲနှင့် ရှေ့အလားအလာ ဘယ်တော့ပြီးမလဲ။ ဖြစ်နိုင်လို့ရှိရင် အဲ့ဒီလိုပြီးဖို့အတွက် ငွေဘယ်လောက်ကုန်ကျ ဦးမှာလဲစသဖြင့် ဒါတွေပါ အဓိကထားသိချင်တဲ့ သဘောရှိပါတယ်။ နည်းပညာဆိုင်ရာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေလည်းပဲ နားလည်ဖို့ အခက်အခဲရှိသလို၊ ပြည်သူများလည်း နားလည်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ အရင်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတင်ပြသွားတဲ့ လျှပ်စစ် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို နိုင်ငံတော်ဘက်က ပါဝင်လုပ်ဆောင် သင့်၊ မသင့်ဆိုတဲ့နေရာမှာ အရာရာကိုတော့ တရားသေဆုပ်ကိုင်လို့ရတဲ့ အနေအထားမရှိဘူးလို့ဘဲ ယူဆပါတယ်။ အဲဒီလို စဉ်းစားရမယ့်အချိန်လည်း ရောက်နေပြီလို့ ယူဆပါတယ်။ ဒီနေ့ လျှပ်စစ်ရရှိရေးဟာ ဒီနေ့ကာလမှာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် သက်ဆိုင်ရာပြည်သူ့လွှတ်တော်ကော်မတီက မိမိတို့ ကော်မတီနဲ့ သက်ဆိုင်တဲ့လျှပ်စစ်ဆိုရင် လျှပ်စစ်စီမံကိန်းများအနက် ဘယ်စီမံကိန်းကတော့ ပြီးစီး သင့်တယ်။ ပြီးစီးမှုအတွက် လုံလောက်မျှတတဲ့ ဘဏ္ဍာငွေတွေ လိုတယ်ဆိုတာလည်း ကော်မတီအနေနဲ့ စိစစ်ဖို့ အကြံပြုတင်ပြဖို့လည်း လိုပါလိမ့်မယ်။ ရှိသမျှစီမံကိန်းတွေကို ငွေတွေ ဖြန့်သုံးနေခြင်းအားဖြင့် ဘာတစ်ခုမှမပြီးဘဲနှင့် လျှပ်စစ်ဓာတ်အားရရှိဖို့ကိစ္စဟာ နှောင့်နှေးကြန့်ကြာတဲ့အနေအထား ရှိမယ်လို့ ယူဆရပါတယ်။ အလားတူပဲ စီမံကိန်းများနှင့်ပတ်သက်ပြီးတော့ လုပ်သင်‌့၊ မလုပ်သင့်။ ဒါကစပြီး မလုပ်ရသေးတဲ့ကိစ္စဆိုရင် လုပ်သင့်၊ မလုပ်သင့်။ လုပ်နေဆဲစီမံကိန်းဆိုလို့ရှိရင်လည်း ဆက်လက် လုပ်နိုင်ဖို့ အခက်အခဲနှင့် အကျိုးဖြစ်ထွန်းမှု ဒီအပေါ်မူတည်ပြီးတော့ ကုန်ကျမှုဆက်လက်ဆောင်ရွက် ဖို့ သင့်၊ မသင့်ဆိုတာကိုလည်း သက်ဆိုင်ရာလွှတ်တော်ကော်မတီများအနေနဲ့ မိမိနယ်ပယ်မှာရှိကြတဲ့ စီမံကိန်းများကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်တဲ့ကာလလည်း ဖြစ်ပါတယ်။ မည်သည်‌့စီမံကိန်းလုပ်လုပ်၊ မည်သည့်လုပ်ငန်းလုပ်လုပ် ပြည်သူများရဲ့ငွေကို အရင်းတည်ပြီးလုပ်ရတာဖြစ်တဲ့အတွက် လုပ်တဲ့ စီမံကိန်းဟာ ပြည်သူ့အတွက်၊ နိုင်ငံ့အတွက် အကျိုးရှိဖို့လည်း လိုပါတယ်။ စီမံကိန်းလုပ်တဲ့ ရည်ရွယ်ချက်ကလည်း ပြည်သူ့အတွက်၊ နိုင်ငံ့အတွက် အကျိုးရှိဖို့ ရည်ရွယ်တယ်ဆိုလို့ရှိရင် ပြည်သူ့ အတွက်၊ နိုင်ငံ့အတွက် အကျိုးရှိဖို့နဲ့ အချိန်တွေ ဆွဲမဆန့်ထားဘဲနှင့် အချိန်တိုတိုအတွင်းမှာ ပြီးသင့်တဲ့ အချိန်ပြီးနိုင်အောင် ကိစ္စလည်း သက်ဆိုင်ရာလွှတ်တော်ကော်မတီများရဲ့ အကြံပြုမှု၊ ပါဝင်ပူးပေါင်းမှု ဟာလည်း များစွာလိုမယ့်ကာလ ဖြစ်ပါတယ်။ ဒီကာလသည်လွှတ်တော်များ ပေါ်ပေါက်လာပြီဖြစ်တဲ့ အတွက် လွှတ်တော်များမှာ ဖွဲ့စည်းထားတဲ့ကော်မတီများရဲ့ အခန်းကဏ္ဍဟာလည်း စီမံကိန်းများနှင့် ပတ်သက်ပြီးတော့ ပါဝင်စဉ်းစားဆောင်ရွက်ရမယ့်ကိစ္စ၊ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စများ ဖြစ်ပါ တယ်။ ဒီတင်ပြချက်တွေကို ကြည့်လိုက်တဲ့အခါမှာ ၂၀၀၄ ကစခဲ့တဲ့စီမံကိန်း အခု ၂၀၁၃ ခုနှစ်ဆို ၉ နှစ် ရှိပြီ စီမံကိန်းက ၂၃ ရာခိုင်နှုန်းပြီးပြီလို့ ပြောပါတယ်။ ဒါကိုဆက်ပြီးလုပ်တဲ့အခါမှာလည်း ဒီအစိုးရ သက်တမ်း၊ လွှတ်တော်သက်တမ်းလွန်ပြီးတော့ ၂၀၁၈ လောက်အထိ ရောက်သွားမယ်ဆိုတဲ့အတွက် အင်မတန်မှစဉ်းစားစရာ ကောင်းတဲ့စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ဒါသည် ဒီနေ့တင်ပြတဲ့အပေါ် မူတည် ပြီးဆွေးနွေးတာဖြစ်လို့ မတင်ပြလို့ မဆွေးနွေးတဲ့စီမံကိန်းများဟာလည်း မည်မျှစီရှိတယ်ဆိုတာကို မသိနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ဒီကာလဟာ ပြည်ထောင်စုလွှတ်တော်ကို ပြည်ထောင်စုအစိုးရကသာ တင်သွင်းသော စီမံကိန်း၊ ဘတ်ဂျက် သို့မဟုတ်ရင် ရသုံးနှင့်အခွန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ပေးရမယ့်ကာလဖြစ်တဲ့အတွက် အချိန်ကာလအားဖြင့် အသင့်အတင့်သာဖြစ်တဲ့အတွက် သက်ဆိုင်ရာကော်မတီများအနေနဲ့ မိမိတို့ကော်မတီများက စိစစ်ဆောင်ရွက်ပေးရမယ်‌့ ပူးပေါင်း ဆောင်ရွက်ပေးရမယ့် စီမံကိန်းများကိုလည်း အလေးအနက်ထားစဉ်းစားသုံးသပ်ဖို့ လိုကြောင်း သက်ဆိုင်ရာကော်မတီများကိုလည်း အသိပေးလိုပါတယ်။