(က)-နိုင်ငံတော်အသိအမှတ်ပြု လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများရှိ ဆရာ ဆရာမများအား နိုင်ငံတော်မှ လစာပေးမည့် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒသမနေ့ (၇.၁၁.၂၀၁၂)

နိုင်ငံတော်အတွင်း မြို့နယ်အချို့မှာ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဟာ ခိုကိုးရာမဲ့ လူငယ်များ အား ပြုစုပျိုးထောင်နိုင်ရေးအတွက် နည်းလမ်းများရှာဖွေကာ ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါကျောင်းများမှ သတ်မှတ်ချက်များနှင့်ကိုက်ညီသော နိုင်ငံတော်အသိအမှတ်ပြု လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာများတွင် မိမဲ့၊ ဘမဲ့၊ ခိုကိုးရာမဲ့ ကလေးသူငယ်များအား ကလေးစောင့်ရှောက် ထားရှိမှု အရေအတွက်ပေါ်မူတည်ပြီး ဂေဟာအဆင့်များသတ်မှတ်ကာ ဆန်နှင့်စားစရိတ်၊ ဝတ်စုံစရိတ် များ နိုင်ငံတော်က ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါတယ်။ အချို့သော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် စေတနာ့ဝန်ထမ်း ဆရာ ဆရာမ များဟာ ကလေးသူငယ်များအား ပညာသင်ကြားရေးကိုပါ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဆိုပါ ဆရာ ဆရာမများသည် လစာငွေ သို့မဟုတ် ထောက်ပံ့ကြေးငွေ အနည်းငယ်မျှနှင့်ပင် နှစ်ရှည်လများ အနစ်နာခံကာ မိဘမဲ့ကလေးများအား ပညာသင်ကြားပေးလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ နိုင်ငံတော်အသိအမှတ်ပြု လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ ဆရာမများအား နိုင်ငံတော်မှ လစာ ပေးမည်‌့အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်
အဖြေ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုဝန်ထမ်းဆိုင်ရာမူဝါဒများနှင့်အညီ လူမှုဝန်ထမ်းလုပ်ငန်းကြီး ၈ ရပ် အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းသည် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာန သည် နိုင်ငံတော်နှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်တဲ့အနေဖြင့် အဆိုပါအဖွဲ့အစည်းများအား ထောက်ပံ့ကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးလျက်ရှိပါတယ်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ခွင့်ပြုသတ်မှတ်ထားတဲ့အတိုင်း ပြည်သူလူထုအတွက် လူမှုဝန်ထမ်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး ရည်ရွယ်ချက်နှင့်အညီ စေတနာ့ ဝန်ထမ်းလူမှုဝန်ထမ်းအဖွဲ့အစည်းများအား ကြီးကြပ်၍ ထောက်ပံ့ကြေးများပေးရေးလုပ်ငန်းကို စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ ၁၉၅၃ - ၁၉၅၄  ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံတော်အစိုးရနှင့် လူမှု ဝန်ထမ်းဦးစီးဌာနသည် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ မသန်စွမ်းဂေဟာ၊ ဘိုးဘွားရိပ်သာ၊ အမျိုးသမီးဂေဟာစတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား စိစစ်ကာ အသိအမှတ်ပြုပြီး ပထမ အဆင့်ဂေဟာအား ဆန်ဖိုးငွေထောက်ပံ့ခြင်း၊ ဒုတိယအဆင့်ဂေဟာအား ဆန်ဖိုးငွေ၊ စားစရိတ်နှင့် ဝတ်စုံစရိတ်ထောက်ပံ့ခြင်း၊ တတိယအဆင့်ဂေဟာအား ဆန်ဖိုးငွေ၊ စားစရိတ်၊ ဝတ်စုံစရိတ်နှင့် ဂေဟာမှူးလစာများအား ထောက်ပံ့ပေးလျက်ရှိပါတယ်။ ဂေဟာနေ ကလေး၊ လူငယ်၊ အမျိုးသမီး၊ ဘိုးဘွားများအား နိုင်ငံတော်မှ တစ်ဦးအတွက် တစ်နှစ်လျှင် ဆန်ဖိုးငွေ ၁၁၂၅၀ ကျပ်၊ စားစရိတ် ၁၈၂၅၀ ကျပ်၊ ဝတ်စုံစရိတ် ၅၀၀၀ ကျပ်၊ ဂေဟာမှူးလစာ ၁၈၀၀၀၀ ကျပ်တို့ကို အဆင့်အလိုက် ခွဲခြား သတ်မှတ်ပြီး ထောက်ပံ့ပေးလျက်ရှိပါတယ်။ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာများတွင် တာဝန်ထမ်း ဆောင်နေသော ဆရာ ဆရာမများသည် စေတနာ့ဝန်ထမ်းများဖြစ်ပြီး လက်ရှိတွင် နိုင်ငံတော်မှ လစာ ပေးခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။