သက်တော်ရေလှောင်တမံနှင့် ပင်မမြောင်းမကြီးဟာ အလျား ၄ မိုင်၊ အကျယ် ၆ ပေကျယ်ဝန်းပြီးတော့ ၎င်းရေပိုလွှဲပင်မ Main မြောင်းမကြီးဟာ ယခုအခါ သဲနုန်းများထိုင်ခြင်း၊ ရေမြောင်းပေါင်များ ပျက်စီးနေခြင်း၊ အချို့နေရာများမှာ တောင်ကျရေများ ထိုးဆင်းခြင်းကြောင့် ချိုင့်ဝှမ်းများဖြစ်ပေါ် ပြီးတော့ ပျက်စီးနေရပါတယ်။ ရေလှောင်တမံအတွင်းမှာ ရေရရှိသော်လည်း မြောင်းမကြီးနှင့် ခွဲသောက်မြောင်းတို့မှာ ပျက်စီးတိမ်ကောနေတဲ့ ကွင်းအမှတ် ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၇၊ ၂၀၁၈ ကွင်းများရှိ လယ်ဧက ၄၀၀ နီးပါးခန့် ကုက္ကိုတန်းအုပ်စု ကုက္ကိုတန်း ရှမ်းရွာရှိ သောက်သုံးရေကန်ကြီး ၂ ကန် ရေအခက်အခဲများနှင့်ကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ သက်တော် ရေလှောင်တမံ (၂) ရဲ့ လိုအပ်လျက်ရှိတဲ့ ပင်မရေပေးမြောင်းမကြီးနှင့် မြောင်းလက်တံများအား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှာ ပြုလုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
[ ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်ကိုယ်စား ဦးသန်းမြင့်၊ ဝမ်းတွင်းမဲဆန္ဒနယ်မှ မေးမြန်းပါသည်။]
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ သက်တော်ရေလှောင်တမံ(၂)ကို ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်။ ရေသောက်ဧရိယာ ၁၆၀၀ ဧကခန့်ကို အကျိုးပြုလျက်ရှိပါတယ်။ တည်ဆောက်ခဲ့သည့် နှစ် ၁၇ နှစ်ခန့်ကြာမြင့်ခဲ့ပြီး မြေသားရေပေးမြောင်းများဖြစ်၍ မူလပုံစံကျ အတိုင်းမရှိတော့ဘဲ ပျက်စီးယိုယွင်းခြင်း၊ ရေပေးမြောင်းတစ်လျှောက် သဲနုန်းပို့ချခြင်းကြောင့် တိမ်ကောခြင်းတို့ဖြစ်ပေါ်လျက်ရှိ၍ ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ နှစ်စဉ်ခွဲဝေရရှိသည့် ရန်ပုံငွေဖြင့် ရေပေးမြောင်းများ ပြုပြင်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် လက်တံ ၃ မြောင်း (ပေတိုင် ၀ မှ ပေတိုင် ၁၅၀၀) ထိပုံစံကျပြုပြင်ခြင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် လက်တံ ၂ မြောင်းပုံစံကျပြုပြင်ခြင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မြောင်းမကြီး အောက်ပိုင်း (ပေတိုင် ၁၅၃၀၀ မှ ၂၂၀၀၀) ထိအပိုင်းအား တောင်သူများနှင့် ပူးပေါင်း၍ လည်းကောင်း၊ (ပေတိုင် ၂၂၂၀၀ မှ ၂၈၀၀၀) ထိအပိုင်းအား ဌာနအနေဖြင့်လည်းကောင်း သဲနုန်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည့် ရေပေးမြောင်းများ သဲနုန်းတူးဖော်ခြင်းနှင့် ပုံစံကျပြုပြင်ခြင်းလုပ်ငန်းများ၊ သက်တော်ရေလှောင် တမံ(၁)မှ ရေလှောင်တမံ(၂) သို့ဆက်သွယ်မြောင်းပုံစံကျပြုပြင်ခြင်းနှင့် ဆက်သွယ်ြမောင်းရှိ ရေကျ အဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများကို ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအပိုင်း အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
