၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လဆန်းပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အဲဒီနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ ကျုံပျော်မြို့နယ် ရေစခန်းတိုက်နယ် မိုးစပါးစိုက်ဧကပေါင်း ၂၉၃၈၀ ရှိတဲ့အနက် လယ်ြမေဧကပေါင်း ၁၀၀၀၀ ကျော်ရေမြုပ်ခဲ့ရတဲ့ အတွက်ကြောင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ရေပိုလွှဲတပ်ဆင်ပေးရန်နှင့် အကယ်၍ ရေပိုလွှဲ တပ်ဆင်ပေးနိုင်ခြင်းမရှိပါက အခြားသင့်တော်သလို ဆောင်ရွက်ပေးပါရန် တင်ပြခဲ့ရာ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ြမေသားတမံဖို့ခြင်းလုပ်ငန်းနှင့် ကြုံခရင်ချောင်းအား ရေစီးရေလာကောင်းစေရန် ဆောင်ရွက်ပေးခဲ့ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုနှစ် ဇူလိုင်လနှင့် သြဂုတ်လ များမှာ မိုးကြီးမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အတော်များများ ရေကြီး နစ်မြုပ်ခံခဲ့ကြရပါတယ်။ ကျုံပျော်မြို့နယ်တွင်လည်း မိုးစပါးစိုက်ဧကပေါင်း ၁၁၅၃၅၀ ဧက ရှိတဲ့ အနက် ၂၈၃၆၅ ဧက ရေကြီးနစ်မြုပ်ခံခဲ့ရပါတယ်။ ၎င်းအထဲမှာ ဧကထက်ဝက်ခန့်မှာ ရေစခန်း တိုက်နယ်၊ ကော့သလိုင် ရေနက်ကွင်းဒေသများဖြစ်တဲ့ မန်းစက္ကူ၊ ကျုံတနီး၊ အိတ်ကတွတ်၊ ဘောဇုပ်၊ ဓနော်၊ ဆင်ခေါင်း၊ ဓနိတ်၊ ဆင်မြူးကွင်း၊ သစ်ဖြူကွင်း၊ ကွင်းရာကွင်းကျောက်၊ အိုင်ကြီး၊ ကျွဲသလင်းစတဲ့ ကျေးရွာများမှ လယ်ြမေများ အများဆုံးပါဝင်သွားပါတယ်။ ၎င်းဒေသ ၁၃ ခု အုပ်စုမှ လယ်သမား များဟာ လယ်ြမေများသာမက ရွာများပါနစ်မြုပ်ခံခဲ့ရတဲ့အတွက် ကျောင်းများ ပိတ်ထားရခြင်း၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်စတဲ့ တိရစ္ဆာန်များ သေကြေပျက်စီးခြင်းများ လူမှုဒုက္ခအပေါင်း ကြုံတွေ့ခဲ့ရပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အမြင့်ပိုင်းဒေသများဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူစတဲ့ ဒေသများမှ ရေများဟာ နတ်မော်ချောင်း၊ ပန်းတရားချောင်း၊ နှဲကြိုးပေါကပ်ချောင်းများမှတစ်ဆင့် ကျုံအိတ်ပေါက်သို့ စီးဝင်ပြီး ၎င်းမှတစ်ဆင့် မြစ်ကဒံဆည်ကြီးထဲ သို့ ပျံ့နှံ့ဝင်ရောက်ကာ အဓိကအားဖြင့် ကျုံတနီးချောင်းမကြီးထဲသို့ စီးဝင်ပါတယ်။ အဲဒီကနေပြီးတော့ ဗောဓိချောင်းနဲ့ ကော့သလိုင်ချောင်းထဲကို တစ်ဖန်ဆက်လက်ပြီးတော့ စီးဝင်ပါတယ်။ အဲဒီတော့ ဗောဓိချောင်းရဲ့ ရေစီးရေလာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆင်းပြီးကြည့်လိုက်တဲ့အခါမှာ ဗောဓိချောင်းတစ်လျှောက်မှာရှိတဲ့ သဘာဝရိုးပေါင်များနဲ့ ရေတံခါးများကို ပိတ်ထားတာကို တွေ့ရှိရပါ တယ်။ ဥပမာအားဖြင့် တယောဂနက်ရိုးပေါက်ကို မြေသားများနဲ့ အလုံပိတ်ထားတာကို တွေ့ရပါတယ်။ နောက် ရေးယိုရိုးပေါက်ကိုလည်း ြမေသားများနဲ့ အလုံအခြုံပိတ်ထားတာကို တွေ့ရပါတယ်။ ၎င်းရိုးပေါက်များဟာ ပေ ၁၅၊ ပေ ၂၀ ရှိတဲ့အတွက် ဖွင့်ထားမယ်ဆိုလို့ရှိရင် ရေထုတ်လုပ်မှုကို အတော် အတန်အထောက်အကူပြုမှာ ဖြစ်ပါတယ်။ မဿမံရိုးပေါက်ကို ၃ ပေလောက်ရှိတဲ့ ရေတံခါး တပ်ထား တာ တွေ့ရပါတယ်။ နောက် မဲနစုရိုးပေါက်နဲ့ နှဲကောရိုးပေါက်နှစ်ခုကို ပေါင်းပြီးတော့ ပျဉ်းမနော ရေတံခါးတပ်ထားတာ တွေ့ရှိရပေမယ့်လည်း ငါးထောင်ခြင်း၊ အမှိုက်ဆို့ခြင်းကိစ္စနဲ့ ပိတ်ဆို့နေတာ ကိုလည်း တွေ့ရပြန်ပါတယ်။ အဆိုးဆုံးမှာကတော့ ကျွန်တော်တို့ ဗောဓိချောင်းမကြီးကို နှဲကောရွာ အရောက်မှာ ကန့်လန့်ဖြတ်ပြီးတော့ ြမေသားအိတ်များနဲ့ အလုံပိတ်ထားတာကို တွေ့ရှိရပါတယ်။ နောက်ဒေါပါးရိုးပေါက်မှာ ရေတံခါးများ တပ်ဆင်ထားပေမယ့် အလွန်သေးငယ်နေတာကို တွေ့ရပါ တယ်။ မင်းဆယ်ရိုးပေါက်မှာ ရေတံခါးတစ်ခုသာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ အဆုံးပိုင်းမှာ ဖြစ်တဲ့ ကျွန်တော်တို့ ဗောဓိရေထိန်းတမံကျရင် ဗောဓိရေထိန်းတမံပတ်ဝန်းကျင်မှာ ချောင်းပေါက်ကြီး ဟာ ပေ ၁၀၀ ခန့်ရှိပေမယ့် ရေထွက်ပေါက်သေးသေး ၃ ပေါက်သာ လုပ်ထားတာ တွေ့ရတဲ့အပြင် နှစ်ခုသာ အလုပ်လုပ်ပြီး တစ်ခုဟာ ပိတ်ဆို့နေတာကို တွေ့ရှိရပြန်ပါတယ်။ ကော့သလိုင် ချောင်းမကြီး တစ်လျှောက်ကို ပြန်ပြီးလေ့လာကြည့်တဲ့အခါမှာ သဗြုချောင်းရိုးပေါက်က ထိပ်ဝမှာ ကျယ်ပေမယ့် နောက်ပိုင်းကျင်းတဲ့နေရာမှာ မြေသားနဲ့အလုံပိတ်ထားတာကို တွေ့ရှိရပါတယ်။ နတ်ချောင်းပေါက်ကို မြေသားများနဲ့ အလုံပိတ်ထားတာကို တွေ့ရပါတယ်။ ဆင်ချောင်းရွာလည် ရိုးပေါက်ဟာလည်း မြေသားများနဲ့အလုံပိတ်ထားတာကို တွေ့ရပါတယ်။ ဆင်ချောင်းရေတံခါး အမှတ်(၁)ကိုလည်း ပိတ်ထားတာကိုလည်း တွေ့ရှိရပါတယ်။ ကော့သလိုင်ချောင်းမကြီးရဲ့ အောက်ဆုံးပိုင်းရေထွက်ရန် လမ်းကြောင်းနှစ်ခု ရှိသော်လည်းပဲ တစ်ဖြောင့်တည်းနီးပါးရှိတဲ့ ဂျုန်းဂျုန်းကျလမ်းကြောင်းဘက်ကို မဆင်းဘဲ တစ်ဆစ်ချိုးစီးဆင်းရတဲ့ ကျုံခရင်ချောင်းအတိုင်း စီးဆင်းနေတာကို တွေ့ရပါတယ်။ ဒေသခံ များရဲ့ အဆိုအရ Sea Level ဟာ အင်းမထက် ဂျုန်းဂျုန်းကျဟာ ပိုပြီးတော့ မြင့်နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ သိရှိပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြင့်ရာမှာ နိမ့်ရာသို့ စီးဆင်း တတ်တဲ့ရေရဲ့သဘာဝကြောင့် အမြင့်ပိုင်းဒေသဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူစတဲ့ ဒေသများမှ ရေများဟာ ကျွန်တော်တို့ ကော့သလိုင်ဒေသမှာ လာပြီးတော့ ဆုံကြပါတယ်။ ၎င်းရေများ အောက်ပါ ဒေသများသို့ စီးဆင်းရန် သဘာဝချောင်းပေါက်များ အမှန်တကယ် ရှိနေပါတယ်။ သို့သော် ၎င်းချောင်းပေါက်များဟာ ြမေသားများဖြင့် အလုံပိတ်ထားခြင်း၊ ရေတံခါးများ တပ်ဆင်ပြီး ပိတ်ထား ခြင်းများကြောင့် ကော့သလိုင်ဒေသတွင် နှစ်စဉ် ဆက်တိုက်ဆိုသလို ရေကြီးနစ်မြုပ်ခံနေရတာ ယခုအကြိမ်ဆိုရင် သုံးကြိမ်ြမောက် ဆိုးဆိုးဝါးဝါးဖြစ်ပေါ်တာကို တွေ့ရှိရပါတယ်။ အဆိုးဆုံးမှာ နှဲကောချောင်းမကြီးအား ကန့်လန့်ဖြတ်ပြီးတော့ ြမေသားတမံဖြင့် ပိတ်ဆို့ထားခြင်း ဖြစ်ပါတယ်။ ၎င်းချောင်းမကို မြေသားတမံဖြင့် ပိတ်ဆို့ခြင်းကြောင့် ဓနုဖြူမြို့နယ်မှာရှိတဲ့ လယ်ဧကအတော်များများ ရေနစ်မြုပ်ခံရကြောင်းလည်း ကြားသိရပါတယ်။ ရေကျနောက်စိုက် စိုက်ပျိုးဖို့အတွက် မယင်းစပါးများ အောင်ရေအတွက်ဆိုရင် ၎င်းသဘာဝချောင်းပေါက်များကို နွေပိတ်၊ မိုးဖွင့်စနစ် ကျင့်သုံးရန် လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းမှာ (၁) အောက်ဖက်သို့ သဘာဝအတိုင်း စီးဆင်းနေသော ရိုးပေါက်များအား နွေပိတ်၊ မိုးဖွင့်စနစ် စီမံပေးရန် အစီအစဉ် ရှိ၊ မရှိ၊ (၂) ဗောဓိရေထိန်းတံခါးရေထွက်ပေါက်နှင့် အခြားရေတံခါးများအား ရေစီးရေလာကောင်းရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ၊ (၃) နှဲကောချောင်းမကြီးအား ကန့်လန့်ဖြတ်ပိတ်ထားသော နှဲကောြမေသားတမံကြီးအား ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိနဲ့ (၄) ကော့သလိုင်ရေနက်ကွင်းအတွင်းသို့ အခြားအထက်ရေများ ဝင်ရောက်မှုကို အထိုက် အလျောက်တားဆီးရန် အချို့သော ချောင်းပေါက်များက မိမိတို့ကိုယ်တိုင် ပိတ်ဆို့တားဆီးလို ကြတဲ့ဟာကို ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိနဲ့ (၅) ရေကြီးနစ်မြုပ်မှုများမှ ကာကွယ်ရန် အခြားစီစဉ်ထားရှိမှုများ ရှိ၊ မရှိစတဲ့မေးခွန်းများကို မေးမြန်းပါသည်။
ကျုံပျော်၊ ဓနုဖြူမြို့နယ်နှင့် ပန်းတနော်မြို့နယ် ဆက်စပ်နယ်ြမေအတွင်းမှာရှိတဲ့ ရေစီးထွက်ရာ ချောင်းပေါက် များကို လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ သဘာဝအတိုင်း ဖွင့်ဖောက်ပေးခြင်းဖြင့် မိုးရာသီတွင် ကွင်းရေကြီးမှုကို အထိုက်အလျောက် လျော့နည်းစေနိုင်မည်ဖြစ်သော်လည်း နွေစပါး စိုက်ပျိုးမှုအတွက် အောင်ရေထိန်းရန် ချောင်းပေါက်များကို နှစ်စဉ်ဖွင့်ခြင်း၊ ပိတ်ခြင်း အချိန်မီပြုလုပ် ရမည်ဖြစ်တဲ့အတွက် ခက်ခဲမှုပေါ်ပေါက်နိုင်ပါကြောင်း ဦးစွာ ပထမတင်ပြလိုပါတယ်။ ပန်းတနော် မြို့နယ်၊ ဗောဓိရေနက်ကွင်း လယ်ယာြမေဖော်ထုတ်ရေးစီမံကိန်းကာလမှာ ကော့သလိုင်ချောင်းကို စီးဝင်တဲ့ ရိုးပေါက်များကို ပိတ်ဆို့၍ ဗောဓိအနောက်ကွင်းအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ရေနုတ်ပေါက်များ ပိတ်ဆို့သော်လည်း ရေထုတ် နုတ်နိုင်ရန် ကော့သလိုင်ချောင်းတွင် ဆင်ချောင်း ရေတံခါး၊ တော်တလူချောင်း မဿမံရိုးတွင် မဿမံရေတံခါး၊ ဇီးပင်ရိုးတွင် ဇီးပင်ရေတံခါးတို့ကို လည်းကောင်း၊ ဗောဓိချောင်းရေကို မင်းဂရု ပျဉ်းမတောြမောင်းနှင့် နှဲကောပျဉ်းမတောမြောင်းတူးဖော်ပေးခြင်းဖြင့် လည်းကောင်း၊ ဒေါဝါးရေတံခါး၊ မင်းဆယ်ရေတံခါးများကိုလည်းကောင်း တည်ဆောက်ပေးခဲ့ပြီး ရေထုတ်နိုင်အောင် စီမံဆောင်ရွက်ခဲ့ ပါတယ်။ မိုးကာလတွင် ဗောဓိချောင်းသို့ ပန်းတနော်မြစ်ရေ စီးဝင်မှုမှတားဆီးရန်နှင့် မြစ်ရေကျချိန်မှာ ရေနုတ်နိုင်ရန် ဗောဓိရေတံခါးကို တည်ဆောက်ပေးခဲ့ပါတယ်။ အထက်ဖော်ပြပါ ရေတံခါးများ တည်ဆောက်ခြင်း၊ ရေနုတ်ြမောင်းများ တူးဖော်ခြင်းတို့ကို ဆောင်ရွက်ထားရှိမှုများကြောင့် ပန်းတနော်မြို့နယ် ဗောဓိအနောက်ကွင်းတွင် မိုးစပါးဧက ၂၀၀၀၀၊ ရေကျနောက်စိုက်နှင့် နွေစပါး ဧက၂၀၀၀၀၊ စုစုပေါင်းဧက ၄၀၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီး ဗောဓိအရှေ့ကွင်းအတွင်း မိုးစပါးဧက ၇၀၀၀ ခန့်ရေကျနောက်စိုက်နွေစပါးစိုက်ဧက ၈၀၀၀ ခန့် စုစုပေါင်း ဧက ၁၅၀၀၀ ခန့်တို့ကို စိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်းက ကျိုးပေါက်ခဲ့တဲ့ နှဲကောြမေသားတမံကို ပြန်လည် ပိတ်ဆို့ခြင်းမပြုတော့ဘဲ ရေစီးရေလာကောင်းမွန်စေရေးအတွက် အကွီအင်းမှ ဗောဓိချောင်းသို့ ရေနုတ်ြမောင်းတစ်ခု ဖောက်လုပ်ခြင်းကို ယခုပွင့်လင်းရာသီတွင် အချိန်မီ ဆောင်ရွက်ရန် စီစဉ် ထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ယခုနှစ် ၂၀၁၂ ခုနှစ်၊ မိုးရာသီ၌ ကျုံပျော်၊ ဓနုဖြူ၊ ပန်းတနော်မြို့နယ်များတွင် ပုံမှန်ထက်ပိုမိုများပြားစွာ မိုးရွာသွန်းခဲ့ခြင်း၊ အဆိုပါဒေသအတွင်းရှိ ချောင်းြမောင်းများ ကာလကြာမြင့်၍ တိမ်ကောလာခြင်း၊ စည်းကမ်းစနစ်တကျမဟုတ်သော အင်းလုပ်ငန်းဆိုင်ရာ အတားအဆီးများဆောင်ရွက်ခြင်း စသည်တို့ကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ် စေခဲ့ပါတယ်။ သဘာဝချောင်းြမောင်းများနှင့် ရေနုတ်ြမောင်းများအတွင်း ရေစီးရေလာအဟန့်အတား ဖြစ်စေသည့် လျောဆည်များ၊ ကျားပိုက်များ၊ ခြုံချ၍ ငါးထောင်ခြင်းများ၊ ယင်းလိပ်ချ၍ ငါးဖမ်းခြင်း များစသည့် အတားအဆီးများကို မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်ြမောင်းဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနတို့ ပါဝင်သည့် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး၍ အဟန့်အတား များကို တူးြမောင်း ဥပဒေအရ တရားစွဲဆိုခြင်း၊ စစ်ဆေးဖယ်ရှားခြင်းတို့ကို ဆောင်ရွက်လျက်ရှိသဖြင့် ရေကြီးနစ်မြုပ်မှုများ သိသိသာသာ လျော့နည်းကျဆင်းမှုရှိကြောင်း တွေ့ရှိရပါတယ်။
လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အခု ကျွန်တော်တင်ပြတဲ့ ရေကြီးကွင်း နယ်ြမေကတော့ ဥက္ကဋ္ဌကြီးအနေနဲ့ တော်တော်နှံ့စပ်ထားတဲ့ နယ်ြမေဖြစ်ပါတယ်။ ကျွန်တော် ဆက်လက်ပြီး တင်ပြပါမယ်။ ကျုံပျော်မြို့နယ်အတွင်းရှိ ရိုးပေါက်များကို နွေဖွင့်၊ မိုးပိတ်စနစ် ဆောင်ရွက်ရန်မှာ ရေထိန်းတံခါးြမောက်မြားစွာ ထားရှိထိန်းချုပ်ပေးရမည်ဖြစ်သဖြင့် ဆောင်ရွက်ပေး ရမည့်လုပ်ငန်းပမာဏမှာ များစွာကြီးမားမည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါသဘာဝ ရိုးပေါက်များ ကို ဖွင့်၊ ပိတ်စနစ်ဆောင်ရွက်မည့်အစား ရေစီးရေလာကောင်းမွန်စေရေးအတွက် အောက်ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်ပေးပါက ပိုမိုအကျိုးရှိမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ကော့သလိုင် တာကို ရေထုတ်အားလုံလောက်စွာရှိမယ့် ရေထိန်းတံခါးတည်ဆောက်ပေးခြင်း၊ ဆင်ချောင်းမှ ခရေကန် အထိ ကော့သလိုင်ချောင်းတူးခြင်း၊ အကွီအင်းမှ ဗောဓိချောင်းသို့ ရေနုတ်မြောင်းဖောက်ခြင်း၊ ဗောဓိ အနောက်ကွင်းရှိ ရေနုတ်ြမောင်းများပြုပြင်တူးဖော်ခြင်း၊ အင်းမမှ ပသွယ်အထိ ခရေကန်-ကျုံကရင်-မွေးထရံချောင်းတူးဖော်ခြင်း၊ အောင်မင်္ဂလာရိုးမှ ဆောင်ကြာတင် ချောင်းအထိ ချောင်းချဲ့ခြင်း၊ အင်းမမှ တော်ပရိုက်အထိ ချောင်းချဲ့ခြင်း၊ ချောင်းကလေးမှ မရမ်းအထိ ယင်းဖားချောင်းကိုချဲ့ခြင်း၊ ကျုံပတော-ဂရက်ကြီးချောင်းချဲ့ခြင်း စသည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားရှိပါ တယ်။ ဗောဓိရေတံခါးနှင့် အခြားရေတံခါးများ၏ ပျက်စီးမှုများကိုလည်း ယခု ပွင့်လင်းရာသီ တစ်လျှောက် စစ်ဆေးပြုပြင်သွားရန် စီစဉ်ထားရှိပြီး ဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရေးအတွက် မြေပြင်စူးစမ်းလေ့လာ တိုင်းတာမှုဆောင်ရွက်ခြင်း၊ လုပ်ငန်းပမာဏတွက်ချက်ခြင်း၊ ကုန်ကျစရိတ်နှင့် ပံ့ပိုးပစ္စည်းလိုအပ်ချက် စက်ယန္တရား လိုအပ်ချက်တွက်ချက်ခြင်းတို့ကို အချိန်မီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိသည့်အပေါ်တွင် လုပ်ငန်းအလိုက် ဦးစားပေးအစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါတယ်။ ယခု တင်ပြတဲ့ကွင်းသည် ရေနက်ကွင်းနဲ့ အင်းလုပ်ငန်းဧရိယာဖြစ်၍ လယ်လုပ်ငန်းနှင့် အင်းလုပ်ငန်း ရောယှက်နေခြင်း ဖြစ်နေခြင်းကြောင့် ရေရှည်အကျိုးသက်ရောက်မှုရှိနိုင်စေရန်အတွက် ချောင်း၊ ြမောင်းများ ပြုပြင်တူးဖော်ပေးသလို အဆိုပါ ချောင်း၊ ြမောင်းများ တိမ်ကောမှုမှ ကာကွယ်ဖို့လိုပါတယ်။ အကယ်၍ မကာကွယ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ သမင်မွေးရင်း ကျားစားရင်းဆိုသလို ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ချောင်း၊ ြမောင်းများကို ပြုပြင်တူးဖော်ပေးသလို ဒေသခံများအနေနဲ့ ဒေသအုပ်ချုပ်သူ တာဝန်ရှိသူများအနေနဲ့ တောင်သူလယ်သမားများအနေနဲ့ ရေစီးရေလာ အဟန့် အတားများကို စဉ်ဆက်မပြတ်လက်တွဲပြီး ကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားရန် အထူးလိုအပ် မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
