မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်မှာ သမိုင်းဝင် နေရာတစ်ခုဖြစ်တဲ့ တောင်သမန်အင်းနှင့် ပတ်ဝန်းကျင်ဟာ အထင်ကရနေရာတစ်ခုအဖြစ် တည်ရှိခဲ့ ပါတယ်။ တောင်သမန်အင်းတွင် မြောက်အင်းနှင့် တောင်အင်းတို့ တည်ရှိပြီး အလယ်တွင် တိုင်ပေါင်း ၁၀၈၆ တိုင်၊ ၇.၈ ဖာလုံ ရှည်လျားသော သစ်သားဖြင့်ပြုလုပ်ထားတဲ့ ဦးပိန်တံတားဖြင့် ပိုင်းခြားထားပြီး သဘာဝအရ ရေဝေရေလဲဒေသကြီးအဖြစ် ထင်ရှားခဲ့ပါတယ်။ သဘာဝရေဝေရေလဲဒေသကြီးဖြစ် သဖြင့် မိုးတွင်းကာလမှာ တောင်သမန်အင်းသို့ ဝါဆိုလမှစတင်ပြီး တန်ဆောင်မုန်းလအထိရေများ ဝင်ရောက်သောနေရာနှင့် တန်ဆောင်မုန်းလကုန်မှ နောင်နှစ် ဝါဆိုလအထိ ရှစ်လတိုင် ခြောက်သွေ့ အေးမြသောနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုခြောက်သွေ့အေးမြတဲ့ ရှစ်လကာလအတွင်းမှာ ယခင်က တောင်သမန်အင်းပတ်လည်မှာ လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုးကြသဖြင့် တောင်သမန်အင်း ပတ်လည်တွင် ကြည့်ရှုမဆုံးနိုင်သော သဘာဝအလှရှုခင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ယခင်အချိန် ကာလက တောင်သမန်အင်းပတ်ဝန်းကျင်အလှကို သုံးပန်လှ သို့မဟုတ် သုံးရာသီအလှဟု ခေါ်ဆို ခဲ့ကြပါတယ်။ နွေကာလမှာ နွေအလှ၊ မိုးကာလမှာ မိုးအလှနှင့် ဆောင်းကာလမှာ ဆောင်းအလှအဖြစ် ပေါ်လွင်ထင်ရှားရာဒေသဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ အလွန်သဘောကျ နှစ်ခြိုက်သောနေရာ တစ်ခုဖြစ်ခဲ့ပါတယ်။ တောင်သမန်အင်းနယ်နိမိတ်နှင့် ထိစပ်ဆက်စပ်နေတဲ့ ရပ်ကွက်၊ကျေးရွာများဟာ ပြည်ကြီးတံခွန် မြို့နယ်မှာ တံခွန်တိုင်ရပ်ကွက်၊ အမရပူရမြို့နယ်မှာ ရွှေဂွမ်းထုပ်ဆင်စွယ်ပိုးရပ်ကွက်၊ တောင်သမန် ကျေးရွာအုပ်စု၊ ဓနုန်း၊ ဘိုးအုန်း၊ ပန်းချီ၊ ဟင်္သာကျေးရွာအုပ်စုများအပြင် အခြားကျေးရွာ အုပ်စုများနဲ့လည်း သွယ်ဝိုက်၍ ဆက်စပ်နေသော ရေဝေရေလဲဒေသကြီးဖြစ်ပါတယ်။ ရေဝေရေလဲ ဒေသကြီးဖြစ်သဖြင့် ရေဝင်ပြီး အချိန်ကာလမှာ အပင်များ ရှင်သန်ကြီးထွားစေသော မြေဆီများ ကျန်ရစ်သော နေရာ၊ သဘာဝငှက်၊ တိရစ္ဆာန်များ ကျက်စားသောနေရာကြီးနှင့် သဘာဝဂေဟစနစ်ကို ထိန်းကျောင်းပေးသော ဒေသကြီးတစ်ခုဖြစ်ပါတယ်။
ရေဝေရေလဲဒေသဖြစ်သဖြင့် မိုးကာလရေဝင်ရောက်ချိန်မှာ သဘာဝရေချိုငါးမျိုးစိတ်များ ပေါက်ဖွားရာ နွေနဲ့ဆောင်းကာလ ရေကျချိန်တွင် ထွန်ယက်စိုက်ပျိုးနိုင်သော၊ မြေဆီများကျန်ရှိသော ဒေသကြီးဖြစ်ပါတယ်။ မြေဆီများကျန်ရှိသောဒေသကြီးဟာ တောင်သမန်အင်း ပတ်လည်မှာဖြစ်ထွန်း နေပြီး နွေနဲ့ဆောင်းကာလမှာ တောင်သမန်အင်း နယ်နိမိတ်နဲ့ထိစပ်နေသော ရပ်ကွက်၊ ကျေးရွာအုပ်စု များက ယခင်က စပါးများ၊ နှမ်းနှင့် မြေပဲပါဝင်သော ပဲမျိုးစုံနဲ့ အခြားသီးနှံများ စိုက်ပျိုးခဲ့တဲ့ဒေသကြီး ဖြစ်ပြီး တောင်သူများဝင်ငွေတိုးကာ အကျိုးစီးပွားဖြစ်ထွန်းပြီး ကုသိုလ်ကောင်းမှု ဖြစ်ထွန်းရာ၊ အလှူပေးရာ ဒေသကြီးလည်းဖြစ်ပါတယ်။ ယခုအခါ တောင်သမန်အင်းကို သဘာဝရေဝေရေလဲ ဒေသ၏ အရေးပါသော ချောင်း၊ မြောင်းများကို ရေကန်များ၊ ရေထိန်းတံခါးများ ပြုလုပ်၍ တောင်သမန်အင်းကို ရာသီမပြတ် ရေများထည့်ထားမှုကြောင့် ဖော်ပြပါသဘာဝဂေဟစနစ်များ ပျက်ပြားလာခဲ့ပါတယ်။ တောင်သမန်အင်းပတ်လည်ရှိ တောင်သူလယ်သမားများ သမာအာဇီဝ လုပ်ကိုင်စားသောက်နေကြသော လယ်ယာမြေများ တိမ်မြုပ်ပျောက်ကွယ်နေရပါတယ်။ ယနေ့ အချိန်တွင် နိုင်ငံတော်မှ တောင်သူလယ်သမားများအကျိုး ရှေးရှု၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ တောင်သမန်အင်း ပတ်လည်ရှိ တောင်သူလယ်သမားများသည် မိမိတို့လယ်ယာမြေများကို ပြန်လည်လုပ်ကိုင်ဆောင်ရွက် နိုင်ခြင်းမရှိဘဲ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတော်မှချမှတ်လုပ်ဆောင်နေသော အချက်များ၏ အကျိုးကျေးဇူးများကို မခံစားရဘဲရှိနေပါတယ်။ နွေရာသီမှာ အမှန်တကယ် တောင်သမန်အင်း ရေဧရိယာဟာ ၁၀ ဧကလောက်သာရှိပြီး သဘာဝရေဝင်ချိန်မှာ အင်းရေ ဧရိယာဟာ လယ်ယာများအပေါ်ဖုံးလွှမ်း၍ ကျယ်ပြန့်ရမည်ဖြစ်ပါတယ်။ သို့ပါသော်လည်း ရာသီမပြတ်ရေများသွင်းထားမှုကြောင့် လယ်ယာမြေအများစု တိမ်မြုပ်ပျောက်ကွယ်နေရပါတယ်။ တောင်သမန်အင်းကို ရာသီမပြတ်ရေများ ဖြည့်တင်းထားရှိမှုကြောင့် ကျန်းမာရေးဆိုင်ရာအဖြစ် ခြင်များပေါက်ဖွားမှုများပြီး သွေးလွန်တုပ်ကွေးရောဂါများ၊ စက်မှုလုပ်ငန်းရှင်များ၏ စွန့်ပစ်ရေဆိုးများ ဝင်ရောက်သဖြင့် အင်းရေများ သန့်ရှင်းမှုမရှိခြင်း၊ ဒီရေဆိုးများကြောင့် တောင်သမန်အင်းမှာရှိတဲ့ ငါးများဟာ အနံ့ဆိုးများစွဲကပ်ပြီး စားသောက်ရာမှာ အန္တရာယ်ဖြစ်ပေါ်ခြင်း၊ သဘာဝဂေဟစနစ်များ ပျောက်ဆုံး၍ အချို့ငှက်မျိုးစိတ်နဲ့ သတ္တဝါများ မတွေ့ရှိရတော့ခြင်း ယနေ့အချိန်တွင် သဘာဝအရ ပေါက်ဖွားသော ငါးမျိုးစိတ်များ မတွေ့ရှိရခြင်းတို့ ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် တောင်သမန်အင်း သို့ ရေများအဆက်မပြတ်ဖြည့်တင်းမှုကြောင့် ကမ္ဘာကျော် ဦးပိန်တံတား၏အခြေတိုင်များ ယိုယွင်း ပျက်စီးမှုများနှင့် သမိုင်းဝင်မယ်ဇယ်ပင်ကြီးများ ရေများအမြဲထိတွေ့နေ၍ အပင်များသေဆုံးနိုင်သည် အထိ ဖြစ်ပေါ်နေပြီး ရေများဖြည့်တင်းမှုကြောင့် သဘာဝရေဝင်ရေထွက်ချောင်းများ ပျက်စီးခြင်းများနဲ့ ကြုံတွေ့နေရပါတယ်။
လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်၏မေးခွန်းပါ အကျိုးအကြောင်းဖော်ပြချက် များကို ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်၏ဘတ်ဂျက်နှင့် အချိန်တို့မကုန်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း မိမိတို့၏တောင်သူလယ်သမား၊ ပြည်သူများအပေါ် ရင်ဝယ်သားကဲ့သို့ သနားညှာတာစွာဖြင့် ဆောင်ရွက်ပေးမည့်အချိန်ကို ယုံကြည်မျှော်လင့်လျက် ဖော်ပြပါမေးခွန်းအား လေးစားစွာ မေးမြန်း အပ်ပါတယ်ခင်ဗျား။ တောင်သမန်ကန်(တောင်သမန်အင်း)အား သဘာဝအတိုင်း ရေဝေရေလဲ ဒေသကြီးတစ်ခုပြုလုပ်၍ တောင်သမန်ကန် (တောင်သမန်အင်း)ပတ်လည်တွင် တိမ်မြုပ်ပျောက်ကွယ် နေသော လယ်ယာမြေများကို ပြန်လည်ဖော်ထုတ်ရန်အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၏ တောင်သမန်ကန် (တောင်သမန်အင်း)အား သဘာဝအတိုင်းရေဝေရေလဲဒေသကြီးတစ်ခုအဖြစ်ပြုလုပ်၍ တောင်သမန် ကန် (တောင်သမန်အင်း)ပတ်လည်ရှိ တိမ်မြှုပ်ပျောက်ကွယ်နေသော လယ်ယာမြေများအား ပြန်လည် ဖော်ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိဟူသောမေးခွန်နှင့်ပတ်သက်ပြီးတော့ ရှင်းလင်းဖြေကြားပါမယ် ခင်ဗျား။ တောင်သမန်အင်းသည် အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအနီးတွင် တည်ရှိပါတယ်။ တောင်သမန်အင်းအတွင်းသို့ အဓိကရေစီးဝင်သောလမ်းကြောင်းများမှာ ပန်းရံတော်ချောင်း၊ လက်ပံပင်ချောင်းနှင့် မိုးရာသီတွင် ဧရာဝတီမြစ်ရေဝင်ရောက်ရာ အမဲအိုးချောင်း နှင့် ဒုဌဝတီမြစ်ရေ တက်ချိန်တွင်စီးဝင်သော သူငယ်တော်ချောင်းနှင့် ရေကြည်ပေါက်ချောင်းတို့ ဖြစ်ပါတယ်။ တောင်သမန်အင်းတွင် ရေသွင်းရေထုတ်ဆောင်ရွက်နိုင်ရန်အတွက် တံတားဖြူရေတံခါး အားအမဲအိုး ချောင်းပေါ်တွင် ၁၉၉၅ ခုနှစ်၌ တည်ဆောက်ခဲ့ပါတယ်။ ရေတံခါးအရွယ်အစားမှာ အကျယ် ၅ ပေ၊ အမြင့် ၅ ပေ၊ ရေတံခါး ၅ ပေါက် ဖြစ်ပြီး၊ အင်းအတွင်း လိုအပ်သည့် ရေပမာဏအား သိုလှောင် ထားရှိခြင်းအားဖြင့် တောင်သမန်အင်းအား သာယာလှပစေရန်၊ ဒေသစိမ်းလန်းစိုပြည် ရေးအတွက် အထောက်အကူဖြစ်စေရန် အင်းပတ်လည်တွင် စိုက်ပျိုးထားသော မိုးစပါးအတွက် အောင်ရေနှင့် နွေစပါးအတွက် လိုအပ်သောရေကို အလွယ်တကူရယူနိုင်ရန် ဆောင်းသီးနှံနှင့်နွေစပါး မရိတ်သိမ်းမီ မေလတွင် ဧရာဝတီမြစ် ရေတက်လာပါက လယ်မြေနှင့် ယာမြေများ ရေကြီးနစ်မြှုပ်မှု မဖြစ်အောင် ကာကွယ်ပေးရန်အတွက် တည်ဆောက်ပေးထားခြင်း ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေတက် လာချိန်တွင် တံတားဖြူရေထိန်းတံခါးမှတစ်ဆင့် ရေထိန်းခြင်းနှင့် ရေသွင်းခြင်းကို ဆောင်ရွက်ရပါတယ်။ ဧရာဝတီမြစ်ရေ အဆမတန်မြင့်တက်လာပါက ရေတံခါးပိတ်၍ ရေကြီးနစ်မြှုပ်မှုမှ ကာကွယ် ပေးပါတယ်။ ဧရာဝတီမြစ်ရေကျဆင်းချိန်တွင် တံတားဖြူရေထိန်းတံခါးမှရေများ လျှော့ချပေးရပါ တယ်။ မူလက တောင်သမန်အင်းတွင် ရေအနက် ၁၄ ပေ၊ ရေပြင်ကျယ်ဧရိယာ ၂၀၄၅ ဧကအထိ သိုလှောင်ရန် ရည်ရွယ်ခဲ့သော်လည်း တောင်သူလယ်သမားများ၏ တင်ပြချက်အရ ဒေသဆိုင်ရာ အာဏာပိုင်များနှင့်ညှိနှိုင်းပြီး ရေအနက် ၉ ပေ၊ ရေပြင်အကျယ်ဧရိယာ ၁၇၄၅ ဧကအထိ လျှော့ချသိုလှောင်ကာ ပေါ်ထွက် လာသည့် လယ်မြေများအား စိုက်ပျိုးခဲ့ပါတယ်။ ရေအနက် အနိမ့်ဆုံး ၄ ပေ အထိ လျှော့ချသိုလှောင် ပါကရေပြင်ကျယ်ဧရိယာ ၃၁၅ ဧကရှိပါတယ်။ အင်းပတ်လည်တွင် ဆည်ရေသောက်လယ်များ ရှိခဲ့သည်မှာမှန်ကန်ပါတယ်။ ၎င်းလယ်များမှာ ဆည်တော်ကြီး ရေသောက် စနစ်၏ တမုတ်ဆိုးမြောင်းဖျားသောက် လယ်မြေများဖြစ်ပြီး ရေပိုသောက်လယ်များဖြစ်သဖြင့် ရေရရှိရန် မသေချာပါ။ ယခုအခါ ရေတံခါးဖြင့် ရေသိုလှောင်ပြီးဖြစ်သဖြင့် မိုးစပါးအောင်ရေအတွက် လွယ်ကူစိတ်ချရသော လယ်မြေများအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ ယခင်ကစက်မှုဇုန်မှ စွန့်ပစ်ရေများ ဝင်ရောက်ခြင်းရှိခဲ့ပါသော်လည်း ယခုအခါ စက်မှုဇုန်စွန့်ပစ်ရေအား သီးခြားတူးမြောင်း ဖြင့် မြစ်ငယ်မြစ်သို့ စွန့်ပစ်ရန် ရေမြောင်းတူးဖော်ခဲ့ပြီးဖြစ်၍ တောင်သမန်အင်းအတွင်းသို့ ဝင်ရောက် လာခြင်းမရှိတော့ပါသဖြင့် ရေညစ်ညမ်းမှုမှ ကာကွယ်ထားပြီးဖြစ်ပါတယ်။ တောင်သမန်ကန် ရေလှောင်မှုကြောင့် ရောဂါများ ပိုမိုဖြစ်ပွားရခြင်းမရှိကြောင်း ကျန်းမာရေးမှတ်တမ်းများအရ စိစစ် သိရှိရပါတယ်။ တောင်သမန်ကန်မှာ ရေလှောင်ကန်တစ်ခုဖြစ်လာ၍ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျား ရောဂါဖြစ်ပွား စေတတ်သောခြင်များ ပေါက်ဖွားခြင်းမရှိပါ။ သုတေသနပြုချက် စာတမ်းများအရလည်း ၎င်းခြင်များပေါက်ဖွားခြင်း မရှိကြောင်းတွေ့ရှိရပါတယ်။ တောင်သမန်အင်းတွင် ရေသိုလှောင်ထားရှိ နိုင်မှုကြောင့် ရရှိလာသောအကျိုးကျေးဇူးများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ဆန်းစစ်တွေ့ရှိချက်များကို အောက်ပါအတိုင်းဖော်ပြအပ်ပါတယ် -
(က) ၁၉၉၅ ခုနှစ်မတိုင်မီက မယင်းစပါးနှင့် ဆောင်းသီးနှံ ၁၃၂၇ ဧကစိုက်ပျိုးခဲ့ကြောင်း ယခုနှစ်တွင် မယင်းစပါး၊ ပဲမျိုးစုံနှင့် နွေနှမ်း ၃၀၃ ဧက စိုက်ပျိုးခဲ့ကြောင်း၊ မြို့ပြဖွံ့ဖြိုး လာခြင်းနှင့် တောင်သမန်အင်းအပေါ် အြခေတည်သော အခြားစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် တောင်ယာစိုက်ပျိုးသူဦးရေ တိုးပွားလာခြင်းမရှိကြောင်းလည်း သိရှိရပါတယ်။
(ခ) ဦးပိန်တံတားနှင့် တောင်သမန်အင်းကို အြခေပြု၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ နှစ်စဉ်တိုးတက်လာရောက်မှုကြောင့် အင်းအပေါ်မှီခိုနေသူများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
(ဂ) ၁၉၉၅ ခုနှစ် မတိုင်မီက ရာသီအလိုက် ရေဝင်မှုသာရှိခဲ့သဖြင့် ရေနေသတ္တဝါမျိုးစိတ် အနည်းငယ်သာရှိခဲ့ပြီး ရေထိန်းတံခါး တည်ဆောက်ခဲ့ပြီး တစ်နှစ်ပတ်လုံး ရေရရှိသည့် နောက်ပိုင်းတွင် ရေနေသတ္တဝါများ တိုးပွားလာကြောင်း၊ ယောက်သွား၊ ခရုများပေါများ လာပြီးယင်းရေနေသတ္တဝါတို့၏ အစာချေဖျက်မှုစနစ်အရ လူနှင့်သက်ရှိတို့ကို အန္တရာယ်ဖြစ်စေနိုင်သော မာကျူရီကဲ့သို့သော ဓါတုအညစ်အကြေးများကို ဓာတ်ပြု ပြောင်းလဲစေနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှလည်း နှစ်စဉ်ငါးမျိုးစိတ်များ စိုက်ထည့်ပေးသည့်အတွက် အနီးပတ်ဝန်းကျင်ဒေသရှိ တစ်ဝမ်းတစ်ခါး ဝမ်းစာရှာဖွေ စားသောက်နိုင်ကြောင်းကိုလည်း သိရှိရပါတယ်။
(ဃ) တောင်သမန်အင်းပတ်လည်တွင် စိုက်ပျိုးထားသော မယ်ဇယ်ပင်များသည် အင်းရေ ပိတ်မှုကြောင့် ရေအမြဲထိတွေ့သေဆုံးခြင်းမဟုတ်ဘဲ အမြစ်ပေါ်လဲ၍ မယ်ဇယ်ပင် တစ်ပင်သာ သေဆုံးခဲ့ပါကြောင်းနှင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် သစ်တောဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ အင်းပတ်လည်လမ်းတစ်လျှောက် မြေကွက်လပ်များတွင် မယ်ဇယ်နှင့် အခြားအရိပ်ရပင် ၂၀၀ ပင် စိုက်ပျိုးခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင်လည်း ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ပါတယ်။
(င) အလားတူ အင်းအတွင်း တစ်နှစ်ပတ်လုံး ရေရရှိသည့်အတွက် ငှက်မျိုးစိတ်များ ပေါများလာခြင်း၊ ရာသီအလိုက်ပြောင်းရွှေ့နေထိုင်သော ငှက်မျိုးစိတ်များ တွေ့ရှိလာပြီး အင်း၏ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်အြခေအနေများကို တိုးတက်ကောင်းမွန် လာပြီ ဖြစ်ပါတယ်။
(စ) အထက်ဖော်ပြပါ အြခေအနေများအရ တောင်သမန်အင်းအတွင်း တစ်နှစ်ပတ်လုံး ရေရရှိရေး ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက် လာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ တိုးတက်ပွားများ ကောင်းမွန် လာပြီးရေတိမ်ဒေသဂေဟစနစ် Wet-land Ecosystem ရေရှည်တည်တံံ့ရေး ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ နိုင်ငံတော်၏ယဉ်ကျေးမှုအမွေအနှစ်တစ်ခုကို ထိန်းသိမ်း နိုင်ခြင်း၊ ပြည်တွင်း၊ ပြည်ပဧည့်သည်များ လာရောက်လေ့လာ အပန်းဖြေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါတယ်။
(ဆ) တောင်သမန်အင်းဝန်းကျင်တွင် လယ်ယာစိုက်ပျိုးပါက မြေထွန်ယက်မှုကြောင့် အင်းအတွင်း နုန်းအနည်ပို့ကျခြင်း၊ စိုက်ပျိုးရေးအတွက် အသုံးပြုသည့် ဓာတ်မြေသြဇာ နှင့်ဓာတုပစ္စည်းများမှ ညစ်ညမ်းမှုပေါ်ပေါက်လာစေနိုင်ခြင်းစသည့် ဆိုးကျိုးများကို လည်း အလေးထားစဉ်းစားရန် လိုအပ်ပါတယ်။
သို့ပါ၍ တောင်သမန်အင်းအတွင်း စနစ်တကျ ရေသိုလှောင်ထိန်းသိမ်းနိုင်ခြင်းဖြင့် ရရှိမည့် ဖော်ပြပါ အကျိုးကျေးဇူးများကို အလေးထားပြီး လယ်ယာစိုက်ပျိုးခွင့်ပြုရေးကို ဦးစားပေးခြင်း မပြုလုပ်သင့်ပါကြောင်းနှင့် အြခေအနေအကြောင်းတစ်ရပ်ရပ် ခွင့်ပြုမည်ဆိုပါကလည်း တောင်သမန်အင်း ရေရှည်တည်တံ့ရေးကို ထိခိုက်မှုမရှိနိုင်သည့် အတိုင်းအတာဖြင့်သာ ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားပါသည်။
