ပြည်ထောင်စုအစိုးရအနေဖြင့် လမ်းပန်း ဆက်သွယ်မှုချောမွေ့ရေးကို အလေးထားဆောင်ရွက်လျက် ရှိသည့်အတွက် ပြည်သူများမှာ များစွာ ဝမ်းသာပီတိဖြစ်ကာ ကျေးဇူးတင်လျက်ရှိကြပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ ဇီးကုန်း- ဘော်ဘင် ၁၂ မိုင်လမ်းအား ပထမအဆင့်အနေဖြင့် ပျက်စီးမှုများသော ကန်ကလေး-ဆိတ်ကူး ကျင်းလမ်းပိုင်းကို ကျောက်ချောလမ်းအဖြစ် ၂ မိုင်၊ ဂဝံလမ်း၂ ဖာလုံခင်းခြင်းလုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ပေးခဲ့တဲ့အတွက် ကျေးလက်နေပြည်သူများဟာ များစွာ ဝမ်းသာကျေးဇူးတင်လျက်ရှိကြပါတယ်။ အဆိုပါလမ်းမှာကျန်ရှိတဲ့ ၁၀ မိုင် လမ်းပိုင်းဟာ ကျောက်ချော လမ်းအဖြစ်ဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန် ကျေးရွာပေါင်း ၂၀၊ အိမ်ခြေပေါင်း ၇၃၁၈ အိမ် လူဦးရေပေါင်း ၃၅၉၁၆ ဦးတို့မှ လိုလားတောင့်တလျက်ရှိပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် နေ့စွဲဖြင့် ဖြေကြားထားတဲ့စာပါ အချက်အလက်များမှာ နောင်နှစ်များတွင်လည်း ကျန်လမ်းပိုင်းများအား အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအနေဖြင့် နှစ်အလိုက်အစီအမံများရေးဆွဲကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားထားပြီးလည်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူများ၏လိုလားတောင့်တချက်အရ အောက်ပါ မေးခွန်းများကို မေးမြန်းသွားမှာဖြစ်ပါတယ်။ မေးခွန်း(၁) ဇီးကုန်း-ဘော်ဘင် ၁၂ မိုင်လမ်းပိုင်းမှ ကျန်ရှိနေသေးသော ၁၀ မိုင် လမ်းပိုင်းအား ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါတယ်။ မေးခွန်း(၂) ဆက်လက်ဆောင်ရွက် ပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်း ဒေသကြီး၊ ဇီးကုန်းမြို့နယ် ဇီးကုန်း-ဘော်ဘင်လမ်းအရှည် ၁၂ မိုင် ရှိပြီးတော့ မြေနီလမ်းဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကျောက်ချောလမ်း၂ မိုင် ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါတယ်။ အဆိုပါလမ်းအား ကျေးရွာ ၂၀ မှာရှိတဲ့လူဦးရေ ၃၅၉၁၆ ဦးအကျိုးပြုသွားလာလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ မေးမြန်းတင်ပြချက်အရ ဇီးကုန်း- ဘော်ဘင်လမ်း ၂ ဖာလုံဂဝံခင်းခြင်းနဲ့ ၂ မိုင်ကျောက်ခင်းလမ်းဆောင်ရွက်ခြင်းအား နိုင်ငံတော် ထောက်ပံ့ငွေရန်ပုံငွေ ၆၂.၈ သန်း၊ အဖွဲ့ရန်ပုံငွေ ၇.၂သန်းနဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၂.၄သန်း စုစုပေါင်း ၇၂.၄ သန်းဖြင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဇီးကုန်း-ဘော်ဘင်လမ်းရဲ့ ကျန်လမ်းပိုင်း အရှည် ၁၀ မိုင်ကိုလည်းပဲ ကျောက်ခင်းလမ်းခင်းမည်ဆိုပါက ၆၀၄.၉ သန်း၊ ကတ္တရာခင်းမည်ဆိုပါက ၉၀၇.၁သန်းကုန်ကျမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်း ထားတဲ့ ဇီးကုန်း-ဘော်ဘင်လမ်းအား ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပဉ္စမကာလတို ၅ နှစ်စီမံကိန်းမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အဆိုပါလမ်းပေါ်မှာရှိတဲ့ ရေပြွန် ၅ စင်းကို ကျပ် ၅ သန်းဖြင့် လည်းကောင်း၊ အခုလာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ကတ္တရာလမ်း ၁ မိုင်နှင့် ရေပြွန် ၁ စင်းကို လည်းကောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ကတ္တရာလမ်း ၅ မိုင်ကို ကျပ်ငွေ ၄၅၃.၅ သန်းဖြင့် လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ကျန်ကတ္တရာလမ်း ၄ မိုင်ကို ကျပ်ငွေ ၃၆၂.၈၄ သန်းဖြင့်လည်းကောင်း လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
