ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ မင်းလှ တောင်ကျချောင်း ချောင်းကူးတံတားဆောက်လုပ်ပေးရေးအတွက် မင်းလှမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး၏ ကြယ်ပွင့်မပြသောမေးခွန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စာဖြင့်ဖြေကြားခဲ့ပါသည်။ သို့ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံခြင်း မတွေ့ရှိရဘဲ ဆောင်ရွက်ပေး ခြင်းလည်း မရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ကတိကဝတ်ပြုထားသည့် အတိုင်း မည်သည့် အတွက် ဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်းကောင်း ဖော်ပြပါမင်းလှချောင်း တံတားအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ဆောက်လုပ်ပေးသွားမည်ကိုလည်းကောင်း သိရှိလိုပါသဖြင့် ဖြေကြား ပေးနိုင်ပါရန် မေးမြန်းပါသည်။
မင်းလှမြို့နယ် မင်းလှတောင်ကျချောင်းတံတားဟာ မင်းလှ-အုန်းနဲချောင်း-လှည်းကူး-ညောင်ဝင်း- အိုးသည်လမ်း ၃ မိုင် ၆ ဖာလုံ မြေသားလမ်းအပေါ်တွင်တည်ရှိပြီး မင်းလှမြို့မြောက်ဘက်ကျေးရွာများနှင့် အုတ်ဖို မြို့နယ် အိုးသည်ကုန်းကျေးရွာအုပ်စုတို့ကို ဆက်သွယ်တဲ့လမ်းပဲဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ မင်းလှတောင်ကျချောင်းတံတားအား တည်ဆောက်ပေး နိုင်ခြင်းရှိ၊ မရှိမေးခွန်းနှင့်ပတ်သက်၍ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန ဖြည့်စွက်ရန်ပုံငွေကျပ် ၄၀ သန်းဖြင့် (၈၀x၁၄x၁၅) အတိုင်းအတာရှိ အုတ်ခုံခံသစ်သား တံတား တည်ဆောက်ရန် ထည့်သွင်းလျာထားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ယခု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီး ထပ်မံမေးမြန်းလာသည့်အတွက် မင်းလှတောင်ကျချောင်းကူးတံတား တည်ဆောက်ရန်နှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့ ၂၀၁၂-၂၀၁၃ ခုနှစ် ကျွန်တော်တို့ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွေမှာ ကျွန်တော်တို့ ဆောင်ရွက်မဲ့လုပ်ငန်းတွေမှာ ပဲခူးတိုင်းအရှေ့အနောက်နယျမြေတွေမှာ ကျွန်တော်တို့ တင်ဒါစနစ် ခေါ်ယူဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုတင်ဒါခေါ်ယူတဲ့အတွက် ကျွန်တော်တို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်ဖြည့်စွက်ရန်ပုံငွေအရ အိတ်ဖွင့်တင်ဒါအောင်မြင်တဲ့ ရွှေလွင်လွင်ကုမ္ပဏီကနေမှ မင်းလှမြို့နယ် မှာရှိတဲ့ အဆိုပါတံတား (၈၀ x ၁၄ x ၁၅ ) အတိုင်းအတာရှိ အုတ်ခုံတံတားကို ကျွန်တော်တို့ တာဝန် ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားလိုပါတယ်။ ဒါ့အပြင် နယ်စပ်ရေးရာဝန်ကြီး ဌာနအနေနဲ့လည်း သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက် ပေးနိုင်ပါရန် ညှိနှိုင်းစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
