(ဂ)-ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် မည်သည့် နည်းလမ်းဖြင့် ကူညီ ဆောင်ရွက်ပေးမည်ကို သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ (၂၉.၁.၂၀၁၃)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ထွက်ရှိသော ကျောက်စိမ်းကျောက်မျက်များကို ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့သို့ ကျောက်စိမ်း ကျောက်မျက်အရိုင်းတုံးများကို သယ်ဆောင်ထားရှိရန် အခွင့်အလမ်းမရှိသည့်အတွက် ဒေသခံ လုပ်ငန်းရှင် ပြည်သူများမှာ အခက်အခဲနဲ့ကြုံတွေ့လျက်ရှိ၍ မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မှသာ လျှင် သယ်ယူသယ်ဆောင်လုပ်ကိုင်ရမည်ကိုသိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါတယ်ခင်ဗျား။

မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ အကြီးဆုံးမြို့တော်ဖြစ်ပြီး အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေးဘက်စုံ၊ ကဏ္ဍစုံ၊ ဌာနဆိုင်ရာပေါင်းစုံ၊ ပြည်နယ်ရုံးချုပ် တည်ရှိရာမြို့ဖြစ်သည့်အပြင် မြန်မာ့ကျောက်စိမ်းကျောက်မျက်တူးဖော်ရေးနှင်‌့ ရောင်းဝယ်ရေးလုပ်ငန်း ပြည်နယ်ရုံးချုပ်ရှိသော တည်နေရာမြို့ဖြစ်ပြီး ရထားလမ်း၊ ကားလမ်း၊ လေကြောင်းလမ်းစသည် ပို့ဆောင်ရေးကဏ္ဍများ၏ ရုံးချုပ်တည်ရှိရာမြို့တော်တစ်ခုဖြစ်သည်ကို ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံးလည်း သိရှိမည်ဖြစ်သလို ပြည်မကြီးနဲ့ဆက်သွယ်ထားသော ရထားလမ်းမကြီးဆုံးသော ဘူတာကြီးတည်ရှိရာမြို့တော်တစ်ခုဖြစ်သည်ကိုလည်း ကချင်ပြည်နယ် အတွင်းရှိ ဖားကန့်မြို့တွင်ထွက်ရှိသော ကျောက်စိမ်းကျောက်မျက်များကို မြစ်ကြီးနားဘူတာကြီးမှ တစ်ဆင့် သယ်ယူပို့ဆောင်ရန်နှင့် မြစ်ကြီးနားမြို့တော်ရုံးစိုက်နေရာများတွင် သယ်ယူပို့ဆောင် သိုလှောင်စုဆောင်းထားခွင့်မရရှိသဖြင့် ဒေသခံလုပ်ငန်းရှင်ပြည်သူများမှာ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့လျက်ရှိပါတယ်။ သယ်ယူပို့ဆောင်သိုလှောင်စုဆောင်းခွင့် မရသည့်အကြောင်းအရာမှာ မလိခ၊ ဧရာဝတီမြစ်အရှေ့ဘက် နယ်စပ်လမ်းမှတစ်ဆင်‌့ တရုတ်ပြည်ကြီးသို့မှောင်ခိုပို့ဆောင်သည်ဟု အကြောင်းပြသတ်မှတ်၍ဖြစ်ကြောင်းကို သိရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါဟာ လွဲမှားသော အယူအဆတစ်ခုဖြစ်သည်လို့ တင်ပြဆွေးနွေးလိုပါသည်ခင်ဗျား။ လုပ်ငန်းရှင်မှောင်ခိုသမားဆိုသည်မှာ မည်သည်‌့နိုင်ငံ မည်သည့်ဒေသမဆိုရှိတယ်ဆိုသည်မှာ မိမိနိုင်ငံနှင့်အတူ နိုင်ငံတကာကအသိအမှတ်ပြု ရမည်ဖြစ်သလို မိမိနိုင်ငံအနေနဲ့လည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ယခင် ဆိုရှယ်လစ်အစိုးရ ခေတ်တွင်လည်း ဖားကန့်နယ်မြေဒေသများကို နိုင်ငံတော်အစိုးရအနေဖြင့် တားမြစ်ချက်များမှာ ပစ်ခတ်တားမြစ်သည်အထိ ပိတ်ပင်တားမြစ်သော်လည်း လုပ်ငန်းရှင်မှောင်ခိုသမားများက ထိုင်းနိုင်ငံ အထိ ကြီးမားသောကျောက်စိမ်းကျောက်ရိုင်းတုံးမြောက်မြားစွာကို သယ်ယူပို့ဆောင်ရောင်းချလျက်ရှိ သည်ကိုသိရှိရပါတယ်ခင်ဗျား။ အလားတူ ယခုအချိန်တွင် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့သို့ သယ်ယူခွင့်မရရှိသည့်အတွက် ပိုမို၍မှောင်ခိုသမားများကို အားပေးအားမြှောက်ရာ ရောက်သည်လို့တင်ပြလိုပါတယ်။ သယ်ယူသိုလှောင်စုဆောင်းထားခွင့် မရရှိသည့်အတွက် လုပ်ငန်းရှင်မှောင်ခိုသမားများက မြစ်ကြီးနားမြို့တွင် ရပ်နားသိုလှောင်ထားမည်ဆိုပါက လုံခြုံစိတ်ချမှု မရှိဘူးဟုမှတ်ယူ၍ မရပ်မနားဘဲ ကျင်းထွက်အခွန်ဆောင်ပြီးသား ကျောက်စိမ်းရိုင်းများဖြစ်စေ မဆောင်သောကျောက်စိမ်းရိုင်းများဖြစ်စေ မိမိနိုင်ငံတော်နှင့် ပြည်နယ်သူပြည်နယ်သားများက အကျိုးအမြတ်တစ်စွန်းတစ်စမှ ခံယူခံစားခွင့်လုံးဝမရရှိဘဲ မိမိသိကျွမ်းသောနည်းလမ်းဖြင့် နယ်စပ် လမ်းမှတစ်ဆင်‌့ တစ်ဖက်အိမ်နီးနားချင်းတရုတ်နိုင်ငံနယ်စပ်မြို့များဖြစ်သော ရွှေလီ၊ ဂျန်ခေါင်၊ ရင်ကျန်း၊ ထင်ချုန်းမြို့များသို့ အလျင်အမြန်ပို့ဆောင်ရောင်းချလျက်ရှိသည့်အတွက် တရုတ်ပြည်မကြီး တွင် ကျောက်စိမ်းလုံးဝမထွက်ရှိသည့်နိုင်ငံဖြစ်သော်လည်း ကြီးမားသော ကျောက်စိမ်းအရိုင်းတုံးကြီး များ၊ ကျောက်မျက်တုံးကြီးများမှာ တောင်ပုံရာပုံ ပြသရောင်းချလျက် ရှိသည်ကိုတွေ့ရှိရပါတယ်။ မိမိ ကချင်ပြည်နယ်မှထွက်ရှိသော ကျောက်စိမ်းကျောက်မျက်အရိုင်း တုံးကြီးများနှင့် အချောထည်များကို ဒေသခံကချင်ပြည်နယ်သူ ပြည်နယ်သားများနှင့် မြစ်ကြီးနားမြို့တော်တွင် မှီတင်းနေထိုင်သော လုပ်ငန်းရှင်ပြည်သူလူထု လူငယ်လူရွယ်များမှာ မမြင်ဖူး၊ မတွေ့ဖူးသည့် အနေအထားနဲ့ကြုံတွေ့ လျက်ရှိပါတယ်။ သို့သော်လည်း ယခုအချိန်မှာ ပြည်သူကရွေးချယ်ထားသော သမ္မတကြီးမှ ဦးစီး ဦးဆောင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပေါ်ထွန်းလာသည်နှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့လည်းပေါ်ထွန်းလာ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် မှီတင်းနေထိုင်သော လုပ်ငန်းရှင်ပြည်သူများ၏လိုလားချက်၊ လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရ အဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က ဟန်ချက်ညီညီ အလျင်အမြန် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုသတ္တုတွင်းဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့နဲ့ချိတ်ဆက်၍ လုပ်ငန်းရှင်ပြည်သူများ၏ လိုအပ်ချက်ဖြစ်သော ကချင်ပြည်နယ် ကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင်များ၊ အသင်းများကိုလည်း ဖွဲ့စည်းတည်ထောင် ပေး၍ ကျောက်စိမ်းကျောက်မျက်ပြသရောင်းချမည့် တည်နေရာများကိုလည်း အကောင်အထည်ဖော် ချမှတ် သတ်မှတ်ပေးသည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပြည်နယ်သူပြည်နယ်သား များက နိုင်ငံတော်အစိုးရကို ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်လျက်ရှိသည်ကိုလည်း သိရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုလို နိုင်ငံတော်အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်း တည်ထောင်ပေးသော ဒေသခံလုပ်ငန်းရှင်ပြည်သူများ၏ ကျောက်စိမ်းကျောက်မျက်လုပ်ငန်း ထွန်းကားလာစေရေးအတွက် ယခင်ကလို မြစ်ကြီးနားမြို့တော်သို့ သယ်ယူသယ်ဆောင်ခွင့်နှင့် သိုလှောင်စုဆောင်းထားခွင့်များကိုမရရှိပါက နိုင်ငံတော်မှ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဖွဲ့စည်းတည်ထောင်ပေးသော ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်းများမှာ အောင်မြင်မှုမရရှိဘဲ ပြန်လည်မှေးမှိန်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏မျှော်လင့်ချက်များကို ပျောက်ကွယ်သွားမည်ဖြစ် တယ်လို့တင်ပြလိုပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ပြည်သူ၏ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ဒေသခံလုပ်ငန်းရှင်ပြည်သူများ၏ကိုယ်စားတင်ပြဆွေးနွေးအကြံပြုလိုသော ကဏ္ဍများမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကျန်ရှိသောတိုင်းဒေသကြီးများနဲ့နည်းတူ မြစ်ကြီးနား မြို့တော်တွှင် ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ထွန်းကားလာစေရေးအတွက် မြစ်ကြီးနား-မိုးကောင်းလမ်းမကြီးတွင် တားမြစ်ဖမ်းဆီးမည့်အစား မြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်နှင့် ဆဒုံးမြို့ နယ်တို့တွင်သာ တရားမဝင်ကျောက်မျက်ကျောက်စိမ်းအရိုင်းများကိုတားမြစ်ဖမ်းဆီး၍ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်းမြို့နယ်များ၌ လွတ်လပ်စွာသယ်ယူစုဆောင်းထားရှိပြီး မိမိဆန္ဒအရ ကားလမ်းနှင့် သော်လည်းကောင်း၊ ရထားလမ်းနှင့်သော်လည်းကောင်း၊ လေကြောင်းလမ်းနှင့်သော်လည်းကောင်း မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်ရှိကျောက်စိမ်းကျောက်မျက်ပြပွဲသို့ သယ်ယူပို့ဆောင်၍ ရောင်းချ နိုင်ရေးအတွက် ဒေသခံလုပ်ငန်းရှင်ပြည်သူများက လိုလားတောင့်တလျက်ရှိပါတယ်။  ထိုသို့ရောင်းချ ရန် အဆင့်မမီသော ကျောက်စိမ်းကျောက်မျက်များကို မိမိပြည်နယ်မှဖွဲ့စည်းထားသော ကျောက်မျက် ရတနာလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် မြန်မာ့ကျောက်မျက်ရတနာတူးဖော်ရေးနှင့် ရောင်းဝယ် ရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်အကြီးအကဲများက ဦးစီးဦးဆောင်စီမံခန့်ခွဲ၍ ပြည်တွင်းပြည်ပကုန်သည် များကို လေလံတင်၍သော်လည်းကောင်း၊ တင်ဒါစနစ်နဲ့သော်လည်းကောင်း ရောင်းချနိုင်ရေးအတွက် စီမံခန့်ခွဲပေးပါက ဒေသခံလုပ်ငန်းရှင်ပြည်သူများမှ ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်မည်ဖြစ်သည့် အပြင် တရားမဝင်ကျောက်စိမ်းကျောက်မျက်ရောင်းချရေးလုပ်ငန်းများကိုလည်း တားဆီးထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြုမြည်ဖစ်ပြီး ကျောက်စိမ်းကျောက်မျက်ကုန်သည် လုပ်ငန်းရှင်များ၏ သယ်ယူပို့ဆောင်စရိတ်များကိုလည်း သက်သာစေမှာဖြစ်၍ နိုင်ငံတော်နှင့် ဒေသခံလုပ်ငန်းရှင်ပြည်သူများ အကျိုးအမြတ်ပိုမိုပေါ်ထွန်းလာမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေနဲ့ လည်း ကျောက်စိမ်းကျောက်မျက်လုပ်ငန်းပိုင်းဆိုင်ရာတွင် နိုင်ငံတော်မှ ပြည်မကြီးနှင့် ပြည်နယ်များကို မျှတသောမူဝါဒဖြင့် တစ်ပိုင်းချင်းစီအခွင့်အလမ်းများကို မျှတခွဲဝေလုပ်ကိုင်ရန် ချမှတ်ပေးသည်ဟု ခံယူခံစားကြမည်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားစည်းလုံးညီညွတ်မှုများကိုလည်း အထောက်အကူ ပြုစေမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ပေါ်ထွန်းလာမည် ဖြစ်ပါသည်ဟု တင်ပြတောင်းခံရင်း ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအဖွဲ့ တည်တံ့ခိုင်မြဲလာစေရေးအတွက်နှင့် ကချင်ပြည်နယ်၏မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့တွင် ကျောက်စိမ်းကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းထွန်းကားလာစေရေးအတွက် အထက်ပါ လုပ်ငန်းရှင်ပြည်သူများ၏ လိုလားချက်၊ လိုအပ်ချက်များကို ဘယ်နည်းဘယ်ပုံနဲ့ကူညီဆောင်ရွက် ပေးမည်ကိုသိလိုပါသဖြင့် ဒေသခံလုပ်ငန်းရှင်ပြည်သူများသိရှိနိုင်စေရေးအတွက် ပြန်လည်ဖြေကြား ပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်
အဖြေ

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့တွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း မြှင့်တင်နိုင်ရေး အတွက် မည်သည့်နည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးမည်ကို သိလိုသည်နှင့်စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကျောက်စိမ်းကို ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေတွင်လည်းကောင်း၊ မိုးညှင်းဒေသ မော်လူး၊ မော်ဟန်ရတနာနယ်မြေတွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာနယ်မြေတွင်လည်းကောင်း တူးဖော်ထုတ်လုပ်လျက်ရှိပါတယ်။ သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာဈေးကွက် ရာခိုင်နှုန်းပြည့် ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောက်မျက်ရတနာများ ပြည်တွင်း၌ တရားမဝင် ထုတ်လုပ်ခြင်းများ ပပျောက်စေပြီး ပြည်ပသို့တရားမဝင်ထုတ်လုပ်ရောင်းဝယ်ခြင်းများကို ကာကွယ် တားဆီးရန် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးကျေးရွာအပါအဝင် နယ်စပ်ဒေသ ၁၉ ခုတွင် ရတနာခွန် ပေးဆောင်ပြီးဖြစ်စေကာမူ ကျောက်မျက် ရတနာအရိုင်းကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်မရရှိဘဲ လက်ဝယ်ထား ရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုပါက မြန်မာ့ေ ကျာက်မျက် ရတနာဥပဒေအရ အရေးယူ ခြင်းခံရမည် ဖြစ်ကြောင်း ၄-၁၂-၁၉၉၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၁/၁၉၉၇)ဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အထက်ပါအတိုင်းဆောင်ရွက်ခဲ့သော်လည်း ဖားကန့်ရတနာနယ်မြေမှထွက်ရှိသော ကျောက်စိမ်း အရိုင်းများကို မြစ်ကြီးနားမြို့မှတစ်ဆင့် ပြည်ပသို့ တရားမဝင်ခိုးထုတ်ခြင်းများရှိနေသဖြင့် ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင်‌့ ဖွံ့ဖြိုးရေးကောင်စီသည် ၂၅-၅-၂၀၀၀ ပြည့်နှစ် ရက်စွဲပါ ဒေသန္တရအမိန့်စာအမှတ် (၁/၂၀၀၀) ဖြင့် အောက်ပါအတိုင်းထုတ်ပြန်ကြေညာခဲ့ပါတယ်-

ကျောက်စိမ်းအရိုင်းနှင့် အချောထည်များအပါအဝင် ကျောက်မျက်ရတနာအမျိုးမျိုးကို ကိုယ်ပိုင်သုံးစွဲဝတ်ဆင်ထားခြင်းမှအပ အခြားနည်းတစ်နည်းနည်းဖြင့် အသုံးပြုရန်အတွက် သယ်ဆောင်ရာတွင် မြစ်ကြီးနားခရိုင်အတွင်း မြစ်ကြီးနားမြို့နယ်နိမိတ်မှကျော်လွန်၍ မေခမြစ်၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဧရိယာများကိုလည်းကောင်း၊ ဗန်းမော်ခရိုင်တွင် ပြည်ပသို့ သွားနိုင် သည့် လမ်းပေါက်များဖြစ်သည့် ဗန်းမော်မှ မိုးမောက်၊ ဗန်းမော်မှ မန်စီဒေသတို့တွင် ဗန်းမော်မြို့နယ် နိမိတ်မှကျော်လွန်၍လည်းကောင်း သယ်ယူခြင်းမပြုရဟူ၍ဖြစ်ပါတယ်။

ထိုသို့ ထုတ်ပြန်ကြေညာတားမြစ်ပိတ်ပင်ခဲ့သည့်အပြင် သတ္တုတွင်းဝန်ကြီးဌာနမှလည်း ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက်ရာခိုင်နှုန်းပြည့်ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေ ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် တစ်ဖက်နိုင်ငံများတွင်ဖြစ်ထွန်းနေသော ကျောက်မျက်ရတနာ ဈေးကွက်များအသင့်အတင့်ပျက်သွားပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဖွံ့ဖြိုးတိုးတက် လာခဲ့ပါတယ်။ သို့သော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့နဲ့ထိစပ်နေသော ပြည်ပ နယ်စပ်ဒေသမြို့များတွင် ကျောက်စိမ်းများရောင်းဝယ်သည့်လုပ်ငန်းများ အတန်အသင့်ဖြစ်ထွန်းလျက် ရှိမှုနှင့် ပြည်တွင်းမှ တရားမဝင်ထုတ်ဆောင်ခြင်းများကို ဖမ်းဆီးရမိမှုများတွေ့ရှိသဖြင့် သတ္တုတွင်း ဝန်ကြီးဌာနသည် ၉-၁၀-၂၀၀၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄၄/၂၀၀၇) ဖြင့် မြန်မာ့ ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ တန်ဖိုးဖြတ်အဖွဲ့တွင်မှတ်ပုံတင်၍ ရတနာခွန် ပေးဆောင်ပြီးသော ကျောက်စိမ်းအရိုင်းများကို ရန်ကုန်မြို့သို့သာ သယ်ယူခွင့်ရှိကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်တွင်ပြောင်းလဲကျင်းပလာသည့်အတွက် သတ္တုတွင်း ဝန်ကြီးဌာနသည် ၂၂-၅-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၄/၂၀၁၂) ဖြင့် မြန်မာ့ ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ တန်ဖိုးဖြတ်အဖွဲ့တွင်မှတ်ပုံတင်၍ ရတနာခွန် ပေးဆောင်ပြီးသော ကျေက်စိမ်းအရိုင်းများကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော်နှင့် ရန်ကုန်မြို့သို့သာ သယ်ယူပို့ဆောင်ခွင့်ရှိကြောင်း အမိန့်ကြော်ငြာစာအမှတ် (၁၄၄/၂၀၀၇) ကို လွှမ်းမိုးပယ်ဖျက်၍ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနမှ ရတနာခွန် ပေးဆောင်ပြီးသော ကျောက်စိမ်းအရိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့သို့သယ်ယူရာတွင် သယ်ယူရမည့်လမ်းကြောင်းကို အောက်ပါအတိုင်းသတ်မှတ်ပေးခဲ့ပါတယ်-

မော်တော်ယာဉ်ဖြင့်ဆိုလျှင် လုံးခင်း-ကာမိုင်း- ၈ မိုင်လမ်းခွဲ- မိုးညှင်း-ရွှေဘို- မန္တလေး- မိတ္ထီလာ- နေပြည်တော်- တောင်ငူ- ပဲခူး- ရန်ကုန်။

လုံးခင်း-ကာမိုင်း- ၈မိုင်လမ်းခွဲ -မိုးညှင်း- ထီးချိုင့်- တကောင်း-မတ္တရာ- မန္တလေး-မိတ္ထီလာ- နေပြည်တော်-တောင်ငူ- ပဲခူး- ရန်ကုန်။

မီးရထားဆိုရင် လုံးခင်း-ကာမိုင်း-မိုးကောင်းသို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ပြီး ၎င်းမှ မီးရထားဖြင့် မိုးကောင်း-မန္တလေး-နေပြည်တော်-ရန်ကုန် ဖြစ်ပါတယ်။

          လက်ရှိအခြေအနေတွင် ကျောက်စိမ်းတူးဖော်လုပ်ကိုင်ရမည့် လုပ်ငန်းရှင်အများစုသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့ကိုအခြေပြု၍ ကျောက်စိမ်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ သဖြင့် လုံးခင်း၊ ဖားကန့်ရတနာနယ်မြေမှထွက်ရှိသော ကျောက်စိမ်းရိုင်းများကို မြန်မာ့ကျောက်မျက် ရတနာဥပဒေနှင့်အညီ တန်ဖိုးဖြတ်၍ ရတနာခွန်ပေးဆောင်ပြီးပါက နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့သို့ မီးရထား၊ မော်တော်ယာဉ်တို့ဖြင့် သယ်ယူပို့ဆောင်လျက်ရှိကြပါတယ်။  မီးရထားဖြင့် သယ်ဆောင်ရာတွင် လုံးခင်းမှ မိုးကောင်းမြို့သို့ မော်တော်ယာဉ်များဖြင့်သယ်ယူပြီး မိုးကောင်းဘူတာ တွင် ရထားတွဲများပေါ်သို့ရွှေ့ပြောင်းတင်ဆောင်၍ နေပြည်တော်သို့သယ်ဆောင်ကြပါတယ်။ မော်တော်ယာဉ်ကြီးများဖြင့် လုံးခင်း၊ ဖားကန့်ဒေသမှ မိုးကောင်းမြို့မရောက်မီ ၈ မိုင်လမ်းဆုံ၊ ၎င်းမှ မိုးညှင်း၊ ထီးချိုင့်၊ ရွှေဘို၊ မန္တလေး၊ နေပြည်တော်သို့သယ်ဆောင်ကြခြင်းဖြစ်ပါတယ်။ သေးငယ်ပြီး အရည်အသွေးကောင်းမွန်သော အရည်ကျောက်ကဲ့သို့သော တန်ဖိုးကြီးသည့် ကျောက်စိမ်းအရိုင်းတုံး များကို ကြိုတင်ခွင့်ပြုချက်ရယူပြီး မြစ်ကြီးနားသို့သယ်ယူပြီး လေယာဉ်ဖြင့် နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့များသို့ Hand Carry သယ်ဆောင်ခွင့်ပြုခဲ့ပါတယ်။ ကျောက်စိမ်းအရိုင်းများကို ရတနာနယ်မြေအသီးသီးမှ နေပြည်တော်သို့တိုက်ရိုက်သယ်ယူခြင်းသည် နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် ရတနာပြပွဲများ၌ ပုံမှန်အားဖြင့် ပြည်တွင်းပြည်ပရတနာကုန်သည် ၈၀၀၀ ဦးခန့် တက်ရောက်၍ ဈေးပြိုင်စနစ်၊ တင်ဒါစနစ်များဖြင့် အပြိုင်အဆိုင်ဝယ်ယူကြသည့်အတွက် ဈေးနှုန်း မြင့်မားစွာရရှိနိုင်ပြီး လုပ်ငန်းရှင်များအနေနဲ့ အမြတ်အစွန်းပိုမိုရရှိသည့်အပြင် ပြည်ပသို့ တင်ပို့မှု လုပ်ငန်းစဉ်များသည် နေပြည်တော်တွင် အဆင်ပြေချောမွေ့စွာစီစဉ် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်။ နေပြည်တော်သို့သယ်ဆောင်ရောက်ရှိလာသော ပုဂ္ဂလိကပိုင်ကျောက်စိမ်းအရိုင်းများကို ရတနာပြပွဲ များ၌တင်ပြရောင်းချရာတွင် ပိုင်ရှင်ကိုယ်တိုင်တိုက်ရိုက်တင်ပြရောင်းချနိုင်ခြင်း၊ ပိုင်ရှင်က အခြားလုပ်ငန်းရှင်သို့ မြန်မာကျပ်ငွေဖြင့်ရောင်းချပေးပြီး ဝယ်ယူရရှိသူက ရတနာပြပွဲတွင် နိုင်ငံခြား ငွေဖြင့်ဖြစ်စေ၊ အဆင့်နိမ့်အသားကျောက်ဖြစ်ပါက ကျပ်ငွေဖြင့်ဖြစ်စေရောင်းချနိုင်ခြင်းစသည့် အကျိုးအမြတ်များရရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် နေပြည်တော်သို့သာတိုက်ရိုက် သယ်ဆောင်ကြခြင်းဖြစ်ပါတယ်။ နေပြည်တော်သို့တိုက်ရိုက်သယ်ဆောင်၍ ရတနာပြပွဲများတွင် တင်ပြ ရောင်းချခဲ့သော ကျောက်စိမ်းအရိုင်းများကို အချောထည်လုပ်ငန်းဖွံ့ဖြိုးလျက်ရှိသော မန္တလေးမြို့၊ စစ်ကိုင်းမြို့များသို့ ပြန်လည်သယ်ဆောင်ပြီး အချောထည်ထုတ်လုပ်၍ One Stop Service Center မန္တလေးမှတစ်ဆင့် ပြည်ပသို့တင်ပို့ရောင်းချခြင်းများ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနသည် ကျောက်စိမ်းရိုင်းသယ်ယူခွင့်နှင့်ပတ်သက်၍ ကျောက်မျက်ရတနာဥပဒေ အတိုင်း လိုအပ်သည့်အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ထားရှိတားမြစ်ခဲ့သော်လည်း ကချင်ပြည်နယ် အတွင်း တရားမဝင်ကျောက်စိမ်းရိုင်းများသယ်ဆောင်ခဲ့သည့်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း စုစုပေါင်းအမှု ၁၈ မှုဖမ်းဆီးရမိခဲ့ပြီး အလေးချိန် ၁၆၃ တန်ကျော်ရရှိကြောင်း စစ်ဆေးတွေ့ရှိ ရပါတယ်။ လက်ရှိအခြေအနေမှာ လုံးခင်း၊ ဖားကန့်ဒေသတွင် နယ်မြေလုံခြုံမှုအခြေအနေအရ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ယာယီရပ်ဆိုင်းထားပါတယ်။

          ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၌ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍနှင့်ပတ်သက်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက်မျက်ရတနာဖြတ်တောက်ခြင်း၊ သွေးခြင်းကို ထည့်သွင်းဖော်ပြထားပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း ကျောက်မျက်ရတနာများဖြတ်တောက်ခြင်း၊ သွေးခြင်းနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများအကြမ်း ရေးဆွဲလျက်ရှိကြောင်းသိရှိရပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ကျောက်မျက် ရတနာဥပဒေကို ဖြည်‌့စွက်ပြင်ဆင်ပြီးရှေ့နေချုပ်ရုံးသို့ပေးပို့တင်ပြထားပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရန်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ရတနာခွန်ပေးဆောင်ပြီးသော ကျောက်မျက်ရတနာအရိုင်းကိုလည်းကောင်း၊ ဖြတ်တောက်ခြင်း၊ သွေးခြင်းပြုပြီးသော ကျောက်မျက်ရတနာအချောထည်များကိုလည်းကောင်း၊ လက်ဝတ်ရတနာတို့ကိုလည်းကောင်း၊ ပြည်တွင်း၌သတ်မှတ်ချက်များနှင့်အညီ လွတ်လပ်စွာ သယ်ယူခွင့်ရှိသည်ဟု ထည်‌့သွင်းဖော်ပြတင်ပြထားပါတယ်။ အဆိုပါဥပဒေအရ လုံးခင်း၊ ဖားကန့်တွင် တန်ဖိုးဖြတ်ရတနာခွန်ပေးဆောင်ပြီးသော ကျောက်စိမ်းကျောက်မျက်များကို လုပ်ငန်းရှင်များ၏ တင်ပြ လာမှုအပေါ်စိစစ်ပြီး မြစ်ကြီးနားမြို့၊ မန္တလေးမြို့၊ နေပြည်တော်နှင့် ရန်ကုန်မြို့အစရှိသည့် မြို့များသို့ ဥပဒေနှင့်အညီ လွတ်လပ်စွာသယ်ယူခွင့်ရှိကြမည်ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့တွင် အချောထည် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြစ်ကြီးနားမြို့သို့ ကျောက်စိမ်းအရိုင်းများ သယ်လိုသည့် ရတနာကုန်သည်များကို ဥပဒေနှင့်အညီစိစစ်ပြီး သယ်ဆောင်လုပ်ကိုင်ခွင့်ပြုပေးပါက လက်ကောက်၊ ပုတီး၊ လက်စွပ်၊ ဝါရှာပြား၊ ဆွဲပြားစသည့် အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်လည်းဖြစ်ပါတယ်။ အချောထည်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသည့်အချိန်တွင် အခြားတိုင်းဒေသကြီးများနည်းတူ One Stop Service Center များ ဖွင့်လှစ်၍ လက်ကောက်၊ ပုတီးအစရှိသော ကျောက်စိမ်းအချောထည်များကို ကချင်ပြည်နယ် အစိုးရအဖွဲ့က သတ်မှတ်ပေးသည့်လမ်းကြောင်းအတိုင်း ပြည်ပသို့တင်ပို့နိုင်ရေး စီစဉ်ပေးခြင်းဖြင့် မြစ်ကြီးနားမြို့တွင် ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမြှင့်တင်ပေးခြင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။

          သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ပေါ်လာရေး၊  ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား) တည်တံ့ခိုင်မြဲလာရေး၊ ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့တွင် ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမြှင့်တင်လိုခြင်းနှင့် မြစ်ကြီးနားမြို့သို့ ကျောက်စိမ်းအရိုင်းများသယ်ဆောင်လိုခြင်းကိစ္စရပ်များကို မည်သည့်နည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း၍ အထက်တင်ပြပါ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှရေးဆွဲအတည်ပြုမည့် သတ္တုကဏ္ဍဆိုင်ရာဥပဒေများနှင့် သတ္တုတွင်းဝန်ကြီးဌာနမှ တင်ပြမည့် သတ္တုတွင်းဥပဒေနှင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေတို့ကို ပြည်ထောင်စုလွှှတ်တော်မှ အတည်ပြုပြီးသည့်နောက်မှသာ ဥပဒေနှင့်အညီခွင့်ပြုချက်ဖြင့် သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက လိုအပ်သည်များဆောင်ရွက်ပေးခြင်း၊ မြစ်ကြီးနားမြို့ တွင် ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးအတွက် သတ္တုတွင်းဝန်ကြီးဌာန အနေဖြင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)၊ ပြည်နယ်အစိုးရအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းများဖြင့် ဒေသခံပြည်သူများအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။