မိုးမိတ်မြို့မှ ၁၂ မိုင်ဝေးကွာသော ပုသိမ်ကျေးရွာအုပ်စု အပိုင်း ရေတံခွန်ချောင်းသည် ကွင်းပေါင်း ကိုးကွင်း၊ တောင်သူလယ်သမား ၁၈၂ ဦး၊ လယ်ယာမြေဧက ၈၆၃.၆၃ ဧကအား လှည်းအဆည်ကိုအသုံးပြုပြီး စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါတယ်။ အဆိုပါ ရေတံခွန် ချောင်းဟာ မိုးကုတ်မြို့နယ်မှအစပြုပြီး ကျောက်မျက်တူးဖော်ခြင်း၊ ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် ကနယ်ရေများအဖြစ်စီးဆင်းကာ ရေတံခွန်ချောင်းသို့ စီးဝင်ခဲ့ပါတယ်။ မိုးများသောကာလများမှာ ယင်းကနယ်ရေများဖြင့် ၂၀၀၁-၂၀၀၂ စိုက်ပျိုးရာသီမှ ၂၀၀၇-၂၀၀၈ ခုနှစ်၊ စိုက်ပျိုးရာသီအထိ လယ်မြေဧက ၇၄၃.၄၈ ဧက ကနယ်ရေဖုံးလွှမ်းမှုကြောင့် ပျက်စီးခဲ့ကြပါတယ်။ ယနေ့တိုင်ထိလည်း ပျက်စီးရန်အနေအထားမှာရှိပြီး တောင်သူလယ်သမားများအနေနဲ့ လယ်လုပ်ကိုင်နိုင်သည့်ဧကများ တွင်သာ ရင်တမမဖြင့်လုပ်ကိုင်နေရသည်ကို တွေ့မြင်ရပါတယ်။ အဆိုပါ ရေငုတ်ချောင်းမကြီးမှတစ်ဆင့် ပိန်းချောင်းသို့လည်းကောင်း၊ ယင်းမချောင်းသို့လည်းကောင်း ရေပိုလွှဲဆည်ပြုလုပ်ပေးမည်ဆိုပါက ပုသိမ်ကျေးရွာအုပ်စုနှင့် မကျည်းပင်ကျေးရွာအုပ်စုများမှ လယ်သမား ၁၈၂ ဦး၏ လယ်မြေဧက ၈၆၃.၆၃ ဧကသည် ရာသီမရွေးစိုက်ပျိုးနိုင်မှာဖြစ်သလို ပိန်းချောင်း၊ ယင်းမချောင်းမှတစ်ဆင့် ကောင်ရွာကျေးရွာ၊ ရွှေသည်ကျေးရွာများမှ မြေလွတ်မြေရိုင်းများ ကိုးအင်းဒေသနှင့် နန်းပန်းဒေသ တွင်ရှိ မြေလွတ်၊ မြေရိုင်းများခန့်မှန်းဧက ၃၀၀၀ နှင့် ဧက ၄၀၀၀ မှာ လယ်ယာမြေဖော်ထုတ် နိုင်မှာဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ရေတံခွန်ချောင်းမကြီးအား ရေပိုလွှဲဆောက်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်၊ လယ်ယာ စိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာနမှ ပြည်နယ်ဝန်ကြီးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးအဖွဲ့ဟာလည်း တာဝန်ရှိသူများနှင့်အတူ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ပထမပတ် အတွင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားကြောင်းကိုလည်း သိရပါတယ်။ ဒါကြောင့်မို့လို့ အဆိုပါ ရေတံခွန်ချောင်းမကြီးအား ရေပိုလွှဲဆည်ပြုလုပ်နိုင်ရန် ကျွမ်းကျင်သောပညာရှင်များနှင့် တွက်ချက် ဆောင်ရွက်ပေးနိုင်ပါမည်လား။ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အခြေအနေမျိုးတွင် ဆောင်ရွက် ပေးမည်နည်း။ တွက်ချက်တိုင်းတာပြီးပါက အဆိုပါရေပိုလွှဲဆည်ကို ပြုလုပ်ပေးရန် စီစဉ်ဆောင်ရွက် ပေးနိုင်ပါမည်လား။ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နည်း။ အဆိုပါရေပိုလွှဲဆည် ပြုလုပ်ပြီးပါက ပေါ်ထွက်လာသော မြေလွတ်၊ မြေရိုင်းလယ်မြေများကို စက်ယန္တရားများဖြင့် ကူညီပေးနိုင်ပါမည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ရေတံခွန်ချောင်းသည် မိုးကုတ်မြို့နယ်မှ အခြေပြု၍ ကျောက်မျက်နှင့် ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းများကြောင့် ကနယ်ရေများအဖြစ် စီးဆင်းကာ မိုးများသောကာလတွင် လယ်ယာ မြေများ ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။ ကျောက်မျက်နှင့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ပါတယ်။ ရွှေသတ္တုတူးဖော်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်အချက်ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရေထု၊ မြေထု၊ လေထု ညစ်ညမ်းမှုမဖြစ်စေရန် လိုအပ်သည်များကို ဆောင်ရွက်ပေးရမည်ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ရွှေသတ္တုအသေးစား တူးဖော်သည့်စနစ်မှာ လေးပေကျင်းလုံးစနစ်ဖြင့် မြေအောက်တူးဖော်ပြီး ထွက်ရှိ လာသော မြေစာများကို စွန့်ပစ်ကန်တူး၍ စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ တူးဖော်ခြင်းမှ ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်များကိုလည်းကောင်း၊ အများပြည်သူတို့နှင့်သက်ဆိုင်သောလမ်းများ၊ အဆောက်အဦများကို သော်လည်းကောင်း ညစ်ညမ်းမှု၊ ပိတ်ဆို့မှုနှင့် အခြားပတ်ဝန်းကျင် ညစ်ညမ်းထိခိုက်မှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်း ဆောင်ရွက် သည့်လုပ်ငန်းကြောင့် ဒေသတွင်းတည်ရှိနေသော လယ်ယာ၊ မြေ၊ အိမ်၊ ခြံတို့ နှင့်ပတ်သက်၍ ထိခိုက်မှုရှိလျှင် သက်ဆိုင်ရာအာဏာပိုင်များမှ သတ်မှတ်ပေးထားသောတန်ဖိုးကို လျော်ကြေးအဖြစ် ပေးချေရမည်ဖြစ်ပါတယ်။
သို့ပါ၍ ကျောက်မျက်နှင့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထုတ်ပြန် ကြေညာထားသော စည်းကမ်းဥပဒေများကို လေးစားစွာ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။ အထက်တွင် ဖော်ပြထားသကဲ့သို့ ကျောက်မျက်နှင့် ရွှေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများကို သတ်မှတ် ထားသည့် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ပါက ကနယ်ရေများ ဖြစ်ပေါ်လာခြင်းမရှိနိုင်ပါ။ လက်ရှိ တံခွန်တိုင်ချောင်းကို ပိတ်ဆို့နေသော ကနယ်ရေများ၊ နုန်းအနှစ်များကိုဖယ်ရှားရန် ရွှေသတ္တု တူးဖော်သော လုပ်ငန်းရှင်များကသာ ဆောင်ရွက်စေသင့်ပါတယ်။ ရေတံခွန်ချောင်းမကြီးပေါ်တွင် ရေလွှဲဆည် တည်ဆောက်မည်ဆိုပါက မြေလွတ်၊ မြေရိုင်းဧရိယာဧက ၄၀၀ ခန့်သာ လယ်ယာမြေ ပေါ်ထွက်လာမည်ဟု စိစစ်တွေ့ရှိရပါတယ်။ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ပြီးမှ သာ စိုက်ပျိုးရေအတွက် လိုအပ်သောရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်းအတွက် စူးစမ်း လေ့လာခြင်း၊ မြေပြင်တိုင်းတာခြင်းနှင့် ဒီဇိုင်းပုံစံထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွား ရမည်ဖြစ်ပြီး ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းမှုရှိမှသာ နိုင်ငံတော်သို့ တင်ပြဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
