(င)-ကျုံပျော်မြို့နယ်၊ ဒိုက်ပျက်တိုက်နယ်ဆေးရုံနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၉-၉-၂၀၁၁)

ကျုံပျောမြို့နယ်၊ ဒိုက်ပျက်တိုက်နယ်ဟာ ကျုံပျော်မြို့ရဲ့မြောက်ဘက်ဆုံးမှာတည်ရှိပြီး သွားလာရေး အလွန်ခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ဒိုက်ပျက်တိုက်နယ်မှာ ဒေသန္တရကျန်းမာရေးဌာနတစ်ခုကို ၁၉၇၈ ခုနှစ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ဆေးကုသမှုရရှိနိုင်စေဖို့ ၁၉၉၁ ခုနှစ် မှစပြီး ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့ကြတာ အကြမ်းထည်ပင်မဆောင်၊ အမျိုးသမီးဆောင်၊ အမျိုးသားဆောင်နဲ့ ခွဲစိတ်ဆောင်ပါဝင်တဲ့ ဖွဲ့စည်းပုံမကျသေးတဲ့ ဆေးရုံတစ်ရုံတည်ရှိနေပြီးဖြစ်ပါ တယ်။ ဒိုက်ပျက်တိုက်နယ်ဟာ ကျေးရွာအုပ်စု ၁၈ ခု၊ ကျေးရွာခွဲပေါင်း ၁၂၃ ရွာ၊ ပြည်သူလူထုပေါင်း ၃၆၆၁၆ ဦးနေထိုင်ပြီးတော့ ဒိုက်ပျက်ကျေးရွာဟာ ကျုံပျော်ဆေးရုံနဲ့ မိုင် ၂၀၊ ရေကြည်ဆေးရုံနဲ့        ၁၇ မိုင်၊ ဟင်္သာတဆေးရုံနဲ့ မိုင် ၂၀ ကွာဝေးတဲ့နေရာမှာတည် ရှိနေပါတယ်။ အရေးပေါ်ကျန်းမာရေး ကိစ္စများပေါ်ပေါက်လာတဲ့အခါ အသက်အန္တရာယ်ထိခိုက်မှုများရံဖန်ရံခါ ကြုံတွေ့နေရသည်များပင်ရှိ သည့်အတွက် ဒိုက်ပျက်တိုက်နယ်ရှိ ကိုယ့်အားကိုယ်ကိုးတည်ဆောက်ထားတဲ့ဆေးရုံအား တိုက်နယ် ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်မည်‌့ အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဒိုက်ပျက်ကျေးရွာ မှာ လက်ရှိကျေးလက်ကျန်းမာရေးဌာနတစ်ခုရှိပြီးတော့ ဖလံကုန်း၊ မိုက်ထော်၊ ကုန်းသာကြီး၊ ညောင်ပင်ဆိပ်၊ ဒိုးတန်းငူကျေးလက်ကျန်းမာရေးဌာနခွဲတို့ပါဝင်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်။ ယခုလက်ရှိအခြေအနေမှာ တိုက်နယ်ဆေးရုံအဖြစ်နဲ့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရန် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူဦးဆန်းဆင့်က ၄-၈-၂၀၁၁ ရက်စွဲပါစာအမှတ်၊ ၂၀၄/၁၂-၁၀/ဦး ၁ နဲ့အဆိုပြုတင်ပြထားတာဖြစ်ပါတယ်။ ဆေးရုံအဆောက်အအုံကိုလည်း ကျပ်ငွေ သိန်း ၈၀ ရပ်မိရပ်ဖများကမတည်ပြီးတော့ အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ လည်းသိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ကတော့ အခုအချိန်မှာ တိုက်နယ်ဆေးရုံအဖြစ်နဲ့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရေးအတွက် စိစစ်ဆောင်ရွက်တင်ပြထားတဲ့အကြောင်း ပြန်လည်ဖြေကြားအပ် ပါတယ်။ ဒီနေရာမှာအလျဉ်းသင့်လို့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများရော၊ ဒီဒေသခံပြည်သူများပါ သိရှိနိုင်အောင်အတွက် ကျွန်တော်တို့ ဒီကျန်းမာရေးဌာနလေးတွေအသစ် ဖွင့်လှစ်တာနဲ့ပတ်သက်လို့  ဒီဦးစီးဌာနရဲ့မူလေးချက်ကို လွှတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်ရရင် ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ အဲဒီတော့ ဒီအနိမ့်ဆုံးအဆင့်က ကျေးလက်ကျန်းမာရေး ဌာနခွဲလို့ခေါ်ပါတယ်။ အင်္ဂလိပ်လိုတော့ Rural Health Sub Center ပေါ့ ၊ အဲဒီ Sub Center ဖွင့်လှစ်ဖို့အတွက်လိုအပ်တာကတော့ ဒီကျေးရွာသည် ဗဟိုအချက်အခြာ သူ့ဒေသမှာတော့ အချက်အခြာကျတဲ့ကျေးရွာဖြစ်ရမယ်။ လူဦးရေများတယ်၊ အိမ်ခြေများတယ်၊ လူဦးရေသိပ်သည်းမှု လည်းများပြားမယ်။ ပျမ်းမျှအနည်းဆုံးလူ ၃၀၀၀ နဲ့ ၅၀၀၀ ခန့်ကိုလွှမ်းခြုံ နိုင်မှုရှိရမယ်။ နံပါတ်(၄) အနေနဲ့ကတော့ လမ်းပန်းဆက်သွယ်မှုအခြေအနေလည်းကောင်းမယ်၊ နံပါတ် (၅) အနေနဲ့ကတော့ စီးပွားရေးအရလည်း အချက်အခြာကျပြီးတော့ ဖွံ့ဖြိုးမှုအလားအလာရှိမယ်။ နံပါတ်(၆)အနေနဲ့ ကတော့ နောင်မှာဒီဌာနခွဲလေးကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်မယ့် အခြေအနေကောင်းများရှိမယ်။ နံပါတ် (၇) အနေနဲ့ကတော့ ဌာနခွဲအဆောက်အအုံနဲ့ ပရိဘောဂများကို ဌာနခွဲဖွင့်လှစ်တဲ့ရွာနဲ့ အနီးအနားရွာများမှ ကိုယ့်အားကိုယ်ကိုးတာဝန်ယူဆောက် လုပ်နိုင်မယ်ဆိုရင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ဖို့အတွက် ပြည့်စုံပြီလို့ ကျွန်တော်တို့ ဒါခံယူလို့ရပါတယ်။ အဲတော့ ကျေးလက်ကျန်းမာရေးဌာနခွဲမှာ ကျွန်တော်တို့ ဖွဲ့စည်းပုံအနေနဲ့ သားဖွားဆရာမ တစ်ယောက်နဲ့ ကျန်းမာရေးကြီးကြပ်အဆင့် (၂)တစ်ယောက်၊ လစာနှုန်း ၄၇၀၀၀-၁၀၀၀-၅၂၀၀၀ ဆိုတော့ ပျမ်းမျှတစ်လကို ၁၀၀၀၀၀ လောက်နဲ့ နိုင်ငံတော်က တစ်နှစ်လျှင် လစာနဲ့စရိတ်က ကျွန်တော်တို့ ၁.၂ သန်း ဌာနခွဲအနေနဲ့ ကုန်ကျမှာဖြစ်ပါတယ်။ အဲတော့ ဌာနခွဲကနေတစ်ဆင့် တက်သွားရင် ကျေးလက်ကျန်းမာရေးဌာန RHC လို့ခေါ်တဲ့ Health Center ပါ။ အဲဒီအတွက် လိုအပ်တဲ့အချက်အလက်တွေကတော့ ဌာနသစ်ဖွင့်လှစ်မယ့် ကျေးရွာလုံခြုံမှုရှိရပါမယ်။  နံပါတ်နှစ် ကတော့ အဲဒီကျေးရွာသည် ကျေးရွာအုပ်စု ၁၀ အုပ်စုကနေ ၁၅ အုပ်စုထိ သွားလာလုပ်ကိုင်နိုင်တဲ့ နေရာဖြစ်ရမယ်။ နံပါတ်သုံးအချက်ကတော့ သာမန်အားဖြင့် လူဦးရေ ၁၀၀၀၀၊ ၁၅၀၀၀ အတွင်း ရှိရပါမယ်။ ခက်ခဲတဲ့ဒေသတွေအတွက်တော့ ခြွင်းချက်အဖြစ်နဲ့ ကျွန်တော်တို့ ဒီထက်နည်းတာတွေ ကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ အနီးအနား ကျေးရွာများကနေ ဒီကျေးရွာကိုသွားလာမှု လွယ်ကူပြီးတော့ ဗဟိုအချက်အခြာကျပြီး တိုက်နယ်ဆေးရုံ၊ ဒါမှမဟုတ် မြို့နယ်ဆေးရုံတွေကို လူနာတွေကို ထပ်ဆင့်တွန်းပို့နိုင်ရေးအတွက် လုံလှောက်တဲ့၊ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်မှု လည်းရှိဖို့လိုပါတယ်။ နံပါတ်ငါးအနေနဲ့ကတော့ နဂိုကတည်းက ဒီနေရာမှာ sub center လေးရှိထားပြီးဖြစ်ရပါမယ်။ sub center ကို အဆင့်မြှင့်ပြီးတော့ Center အဖြစ်ထားမှာဖြစ်ပါတယ်။ အဲတော့ ဒီဖွင့်လှစ်ခွင့်ပြုအမိန့်ရပြီးတော့ တစ်နှစ်အတွင်းပြဋ္ဌာန်းထားတဲ့ ပုံစံတွေအတိုင်း အမြဲတမ်း အဆောက်အဦ ပြီးစီးအောင်ဆောက်လုပ်ရန်နဲ့  ဒေသခံကျေးရွာပြည်သူ လူထုကတာဝန်ယူနိုင်ခြင်းနဲ့ ဆောက်လုပ်ဆဲကာလမှာပဲ ဆေးခန်းဖွင့်လှစ်ရန် ယာယီအဆောက်အအုံ စီစဉ်ပေးနိုင်ခြင်းဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပြီးတော့ ကျေးလက်ကျန်းမာရေးဌာနတွေကို ဖွင့်လှစ်တာဖြစ်ပါတယ်။ ဒီထက်အဆင့်မြင့်တဲ့ဟာကတော့ တိုက်နယ်ဆေးရုံ ဖြစ်ပါတယ်။ တိုက်နယ် ဆေးရုံမှာလည်း ခုနလိုပါပဲ တိုက်နယ်ဆေးရုံတည်ရှိတဲ့နေရာသည် ယခင်က ကျေးလက်ကျန်းမာရေး ဌာန ဖွင့်လှစ်ထားရှိပြီးတဲ့ ကျေးရွာဖြစ်ရမယ်။ ကျေးရွာလူထုကလည်း ဒီကျန်းမာရေးဌာနကို ပုံမှန် အသုံးချတဲ့နှုန်းပေါ့။ ဒီကျန်းမာရေးဌာနကို ပုံမှန်တစ်နေ့မှာ တစ်ယောက်နှစ်ယောက်ပဲ အသုံးချနေ တာကြတော့လဲ တိုးချဲ့ဖို့ခက်ပါတယ်။ ပုံမှန်အသုံးချနှုန်းကောင်းရပါမယ်။ မြေနေရာအနည်းဆုံး လေးဧကရှိရပါမယ်။ သတ်မှတ်ထားတဲ့ပုံစံအတိုင်း အဆောက်အအုံကို ကိုယ့်အားကိုယ်ကိုး တာဝန် ယူ၍ ဆောက်လုပ်နိုင်ရပါမယ်။ တိုက်နယ်ဆေးရုံအသစ်တည်နေရာသည် မြို့နယ်ဆေးရုံနှင့် ပျမ်းမျှ အားဖြင့်တော့ ၁၀ မိုင်၊ ၁၀ မိုင်အထက်ဝေးတဲ့နေရာမှာဖြစ်ဖို့ကောင်းပါတယ်။ ဆက်သွယ်ရေး သိပ်ခက်ခဲတဲ့ နေရာတွေဆိုရင်တော့ ဒါလေးကိုလျှော့ပေါ့စဉ်းစားတာလည်းရှိပါတယ်။ ပျမ်းမျှကတော့ ကျွန်တော်တို့    ၁၀ မိုင်နဲ့အထက်လို့စဉ်စားပါတယ်။ အိမ်ခြေနဲ့ အိမ်ထောင်စုဦးရေများပြားပြီးတော့ လူဦးရေ သိပ်သည်းမှုနှုန်းများပြားလာမယ်။ နံပါတ်ခြောက်ကတော့ လုံခြုံမှုကောင်းမွန်ရပါမယ်။ နံပါတ်ခုနစ်ကတော့ လမ်းပန်းဆက်သွယ်ရေးအရ မြို့နယ်ဆေးရုံတွေကို လာရောက်ရန်ခက်ခဲသော နယ်မြေမှ လူနာများအလွယ်တကူ လာရောက်နိုင်သောနေရာဖြစ်ခြင်းဆိုတာကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားထားပါတယ်။ ထည့်သွင်းတွက်ချက်ပါတယ်။ အဲ့ဒါအပြင် နိုင်ငံတော်အကြီးအကဲများရဲ့ ခရီးစဉ်များမှာ လမ်းညွှန်ချက်အရ ကျွန်တော်တို့ တိုးမြှင့်ဖွင့်လှစ်ရခြင်းများရှိပါကြောင်း ဖြေကြားပါသည်။