(ဆ)-ရေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးလျက်ရှိသောစာမေးပွဲများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၄-၉-၂၀၁၁)

ကျွန်တော်တို့နိုင်ငံဟာ  ကမ္ဘာ့သင်္ဘောသားဈေးကွက်မှာ သင်္ဘောသားများ ပို့ဆောင် ပေးနေတဲ့နိုင်ငံများမှာပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ သင်္ဘောသားများဟာ အရည် အချင်း ကောင်းမွန်ခြင်း၊ စည်းကမ်းလိုက်နာ၍ အလုပ်ကြိုးစားခြင်းတို့ကြောင့် သင်္ဘောသားဈေးကွက် မှာ နေရာရလျက်ရှိနေပါတယ်။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ အရာရှိ သင်္ဘောသားအရေအတွက်ဟာ ၇၅၀၀၀ ကျော်ရှိကြောင်းနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ သင်္ဘောသားအရေအတွက်ဟာ ၁၃၀၀၀ ကျော်ရှိကြောင်းသိရှိရပါတယ်။ အဆိုပါသင်္ဘောသား များဟာ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေကို တစ်ဖက်တစ်လမ်းမှရှာဖွေပေးနေတဲ့ လူ့စွမ်းအား အရင်းအမြစ်များဖြစ်ကြပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ သင်္ဘောသားအရာရှိများ၊ သင်္ဘောသားများဟာ သတ်မှတ်တဲ့အရည်အချင်းကျွမ်းကျင်မှုနဲ့ လုပ်သက်များပြည့်မီလာတဲ့အခါမှာ အဆင့်မြင့်ရာထူးတာဝန်ထမ်းဆောင်ခွင့်ရရှိရန်အတွက် ရေကြောင်းဘက်ဆိုင်ရာ စာမေးပွဲများကိုဝင် ရောက်ဖြေဆိုလျက်ရှိကြပါတယ်။ လက်ရှိအခြေအနေမှာ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကစစ်ဆေးလျက်ရှိတဲ့ရေကြောင်းဘက်ဆိုင်ရာစာမေးပွဲများအနက်မှ နိုင်ငံခြားသားသင်္ဘောရေယာဉ်မှူး ပထမအရာရှိ၊ ဒုတိယအရာရှိစာမေးပွဲနဲ့ အိမ်နီးချင်းနိုင်ငံသား သင်္ဘောရေယာဉ်မှူး ပထမအရာရှိ စာမေးပွဲများကို တစ်နှစ်ကိုနှစ်ကြိမ်စီသာ စစ်ပေးနိုင်ကြောင်းတွေ့ရပါတယ်။ အောင်မြင်မှုရာခိုင်နှုန်း ဟာလည်းပဲ ၃၆ ရာခိုင်နှုန်းမှ ၅၆ ရာခိုင်နှုန်းအထိသာရှိကြောင်းသိရှိရပါတယ်။ အဆိုပါစာမေးပွဲများ ဟာ ကျွမ်းကျင်မှုဆိုင်ရာစစ်ဆေးရတဲ့ စာမေးပွဲများဖြစ်ပါတယ်။ ပတ်ဝန်းကျင်နိုင်ငံများမှာ အလားတူ စာမေးပွဲများ၌ အောင်မြင်မှုရာခိုင်နှုန်းဟာ ၈၀ ရာခိုင်နှုန်းကနေပြီးတော့ ၉၀ ရာခိုင်နှုန်းကျော်အထိ ရှိကြောင်းလည်းပဲ လေ့လာသိရှိရပါတယ်။ ထို့အတူပဲ ရေကြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာစာမေးပွဲ ငါးခုကိုလည်းပဲ တစ်နှစ်လျှင်လေးကြိမ်စီ စစ်ဆေးပေးနိုင်ကြောင်းနဲ့စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း ဟာလည်း ဒေသတွင်းမှာရှိတဲ့အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ပါကနည်းနေတာကို လေ့လာတွေ့ရှိရပါ တယ်ခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ စာမေးပွဲစစ်ဆေးတဲ့ အကြိမ်အရေအတွက် နည်းပါးတဲ့အတွက် စာမေးပွဲဖြေဆိုရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းကြောင့် နိုင်ငံတော်ဝင်ငွေ၊ မိသားစုဝင်ငွေများနဲ့လုပ်အားများ နစ်နာဆုံးရှုံးနေပါတယ်။ လက်ရှိကျင့်သုံးနေတဲ့စနစ်ဟာ လိုအပ် သည်ထက်တင်းကြပ်မှုများ၊ ကန့်သတ်မှုများရှိတာကြောင့် စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်းနည်းပါးတဲ့ အတွက် နိုင်ငံတော်ရဲ့လူသားအရင်းအမြစ်များ နစ်နာဆုံးရှုံးလျက်ရှိပါတယ်။ အရည်အချင်း ပြည့်ဝတဲ့ သင်္ဘောသားများ လေ့ကျင့်မွေးထုတ်ပေးရန်လိုအပ်တဲ့အပြင် အရေအတွက်အရလည်းပဲပိုမို မွေးထုတ် ပေးရန်လိုအပ်ပါတယ်။ စာမေးပွဲစစ်ဆေးတဲ့အကြိမ်တိုးပေးခြင်း၊ ဖြေလျော့နိုင်တဲ့ကိစ္စများဖြေလျော့ခြင်း၊ ထင်သာမြင်သာရှိခြင်း၊ ဆွေးနွေးလွယ်ကူခြင်းစတဲ့ လိုအပ်တဲ့အခြေအနေများကို လိုအပ်သလိုပြုပြင် ပြောင်းလဲသွားသင့်ပါတယ်။ သို့ဖြစ်ပါ၍ ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက စစ်ဆေးလျက်ရှိတဲ့ ရေကြောင်းဘက်ဆိုင်ရာစာမေးပွဲစစ်ဆေးမှုများဟာ စာမေးပွဲကျင်းပသည့်အကြိမ်အရေအတွက်တိုးမြှင့် ပေးရန်အစီအစဉ် ရှိ၊ မရှိ၊ စစ်မေးတဲ့နည်းလမ်းများပြုပြင်ပြောင်းလဲရန် အစီအစဉ် ရှိ၊ မရှိနဲ့ စာမေးပွဲ အောင်မြင်တဲ့ရာခိုင်နှုန်းတိုးတက်လာရေးအတွက် ပြုပြင်ပြောင်းလဲပေးရန်အစီအစဉ် ရှိ၊ မရှိ ဖြေကြား ပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်
အဖြေ

ကျွန်တော် အတိုချုံးတင်ပြရမယ်ဆိုရင် ခုန ဦးသာဝင်းမေးတဲ့အတိုင်းပါပဲ ကျွန်တော်တို့ သင်္ဘောသား ၇၅၀၀၀ မှတ်ပုံတင်လက်မှတ်ထုတ်ပေးပြီးတော့ လက်ရှိနှစ်သောင်းကျော် သင်္ဘောပေါ် လိုက်တာဖြစ်ပါတယ်။ အဲဒီသင်္ဘောပေါ်လိုက်တဲ့ သင်္ဘောသားနှစ်သောင်းကျော်၊ နှစ်သောင်းသုံးထောင် မှာ အရာရှိခုနစ်ထောင်ကျော်နဲ့ တစ်ခြားအဆင့်တစ်သောင်းခြောက်ထောင်ဖြစ်ပါတယ်။ ဒီသင်္ဘောသား များ ကနေပြီးတော့ လစဉ်တစ်လကိုဒေါ်လာ သန်း ၃၀ အထက် မြန်မာနိုင်ငံကို ပို့နေတာဖြစ်ပါတယ်။ ဒီသင်္ဘောသားများမွေးထုတ်ပေးတာနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တနင်္လာနေ့ မှာတင်ပြခဲ့တဲ့အတိုင်း ပါပဲ။ ကျွန်တော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်မှာ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နဲ့ ကုန်သွယ်ရေကြောင်းကောလိပ်ဆိုပြီးတော့ နှစ်ကျောင်းရှိပါတယ်။ ရေကြောင်းပညာ တက္ကသိုလ်ကတော့ ငါးနှစ်သင်တန်းခေါ်ပြီးတော့ ကျွန်တော်တို့ တစ်နှစ်ကိုကျောင်းသား လေးရာ မွေးထုတ်ပါတယ်။ သူကတော့ အရာရှိများ B.E ဘွဲ့နဲ့ B.Sc(Hon;) ဘွဲ့များပေးပါတယ်။ ရေကြောင်း ကောလိပ်ကတော့ နှစ် နှစ်သင်တန်းဖြစ်ပြီးတော့ တစ်နှစ်ကို သင်တန်းသား ၃၀၀ ခေါ်ပါတယ်။ ဒါကြောင့် အရာရှိများအနေနဲ့ တစ်နှစ်ကို  ကျွန်တော်တို့ ၇၀၀ မွေးထုတ်ပေးလျက်ရှိပါတယ်။ အခြား အဆင့်များ မွေးထုတ်ပေးရန်အတွက် ကျွန်တော်တို့ အစိုးရကျောင်းနှစ်ကျောင်းနဲ့ ပုဂ္ဂလိကကျောင်း ခုနစ်ကျောင်းကိုလည်း ဒီလ ၅ရက် နေ့ကစပြီးတော့ ကျောင်းများကို တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။ ခုနကိုယ်စားလှယ်တော်ကြီး မေးမြန်းထားတဲ့ စာမေးပွဲစစ်ဆေးမှုနဲ့ပတ်သက်ပြီးတော့ ယခင်တုန်းကတော့ ကျွန်တော်တို့ တစ်နှစ်ကို စာမေးပွဲကျင်းပတဲ့အကြိမ် အရာရှိများအတွက် တစ်နှစ်ကိုနှစ်ကြိမ်၊ အင်ဂျင်နီယာများအတွက် တစ်နှစ်ကို လေးကြိမ်ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ယခု ကျွန်တော်တို့ စနစ်သစ်အရတော့ အရာရှိများအနေနဲ့ ရာထူးတိုးမြှင့်ရေးအတွက် ကျွန်တော်တို့ ခုန တင်ပြခဲ့တဲ့ ကျောင်းကိုးကျောင်း၊ ပုဂ္ဂလိကကျောင်း ခုနစ်ကျောင်း၊ အစိုးရကျောင်းနှစ်ကျောင်း၊ စုစုပေါင်း ကိုးကျောင်းမှာ ကြိုက်တဲ့ကျောင်းမှာ သူနိုင်ငံခြားကပြန်လာလို့ရှိရင် အဆင်ပြေမယ့်ကျောင်းမှာ သူသင်တန်းတက်ပြီးရင် သင်တန်းပြီးပြီးချင်း စာမေးပွဲဖြေဖို့ဖြစ်ပါတယ်။ စာမေးပွဲဖြေပြီးရင် တစ်ခါတည်း ကျွန်တော်တို့ အောင်စာရင်းထုတ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ယခင်စနစ်အတိုင်း ကျွန်တော်တို့ စောင့်ဆိုင်းရတဲ့အချိန် လုံးဝမရှိတဲ့အခြေအနေရှိမှာ ဖြစ်ပါတယ်။ နောက်ဆုံးတင်ပြချင်တာကတော့ ကျွန်တော်တို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရတဲ့ မြန်မာပင်လယ်ကူးသင်္ဘောသားများနဲ့ ပတ်သက်ပြီးတော့ စာမေးပွဲစစ်ဆေးတဲ့ကိစ္စတွေ၊ နောက်တစ်ခါ အောင်ချက်နည်းတဲ့ကိစ္စ‌တွေအားလုံး ကို ယခုလို ကျွန်တော်တို့ကို ရှင်းလင်းတင်ပြတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ကျေးဇူး များစွာ တင်ရှိပါတယ်။ ကျွန်တော်တို့က အတိတ်ကအားနည်းချက်များကို ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့ အစွမ်းကုန်ပြင်ဆင်ပြီးတော့ အကောင်းဆုံးစနစ်တစ်ခုကို ကျွန်တော်တို့ တည်ဆောက် သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်တော်ကြီးတွေအားလုံးကိုလည်း ကျေးဇူးများစွာ တင်ရှိပါ ကြောင်းနဲ့ နောင်လည်း ကျွန်တော်တို့ အချိန်မရွေး သင်္ဘောသားနဲ့ပတ်သက်ပြီးတော့ အကြံဉာဏ်များ ပေးပါရန် ဖြေကြားပါသည်။