(ဇ)-မြစ်ကြောင်းများကို ပြုပြင် ထိန်းသိမ်းမှု ပြုလုပ်ဆောင် ရွက်ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၃.၃.၂၀၁၃)

 

မိုးရာသီကာလ ၂၀၁၂ ခုနှစ် မိုးရာသီကာလမှာ ဧရာဝတီ၊ ချင်းတွင်းမြစ်များအပါအဝင် အချို့မြစ်ကြီးတွေမှာ ရေကြီးရေလျှံမှုများဖြစ်ခြင်း၊ ရေကြောင်းပြောင်းလဲပြီး မြစ်ရေတိုက်စားမှုများကြောင့် မြို့နဲ့ကျေးရွာအချို့မှာ မြစ်ကမ်းပါးများ ပြိုကျခြင်း၊ လူနေအိမ်‌ွခေ၊ စေတီပုထိုး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းစသည်တို့ ပျက်စီး‌ပြောင်းရွှေ့ခဲ့ရတာ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံးအသိပဲ ဖြစ်ပါတယ်။ ယခု ဆောင်းအကုန်နွေကာလမှာ တောင်မှ သောင်များပေါ်ထွန်းပြီးတော့ မြစ်ကြောင်းတိမ်ကောလာပြီး မြစ်ကြောင်းပြောင်းလဲပြီး  ရေတိုက်စားမှု ဖြစ်ပေါ်နေပါတယ်။ ရေလမ်းကြောင်းဟာလည်း ဒီနှစ်မှာဆိုရင် ယမန်နှစ်များကထက် ပိုမိုပြီးတော့ ရေကြောင်းများ ကျပ်တည်းလာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဟုမ္မလင်းနဲ့ မုံရွာ ဆိုရင် ဟိုတုန်းက ခရီးသည် ၁၀၀ ကျော်စီးနင်းနိုင်တဲ့ အမြန်ယာဉ်ငယ်လေးတွေ တစ်ညအိပ်နဲ့ ရောက်နိုင်ပေမယ့်လို့ အခု နှစ်ညအိပ်အထိသွားရတဲ့ အ‌ွခေအနေတွေ ဖြစ်လာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းတွေကို မေးမြန်းအပ်ပါတယ်။ ဒီအဆိုကို အတည်ပြုခဲ့ပြီးဖြစ်တဲ့ အတွက် မြစ်ကြောင်းများကို ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသလား။ ဒုတိယမေးခွန်း အနေနဲ့ ၎င်းမြစ်ကြောင်းထိန်းသိမ်းရေးကို ဘဏ္ဍာငွေမည်မျှသုံးစွဲ၍ မည်သည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသလဲ။ အနာဂတ်ကာလမှာ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်နဲ့ အခြားမြစ်များ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ အထက်ပါဖော်ပြပါ ရေတိုက်စားမှုအန္တရာယ်များမှ ကာကွယ်နိုင်အောင် မည်သို့ဆောင်ရွက်ပါမည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အဖြေ

ဧရာဝတီမြစ်ရဲ့ဆောင်ရွက်ထားရှိမှုများကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဖေရဲ့ မေးခွန်းမှာလည်း ကျွန်တော် ထည့်သွင်းဖြေကြား ထားပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ ချင်းတွင်းမြစ်အတွင်းမှာရှိတဲ့ ချင်းတွင်းမြစ်ရဲ့ ရေကြောင်း ကျပ်တည်းတဲ့နေရာတွေ ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုတော့ ကျွန်တော်တို့ ၂၀၀၀-၂၀၀၁ ခုနှစ်နေပြီးတော့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အထိ ကျွန်တော်တို့ ဘဏ္ဍာငွေပေါင်း ကျပ် ၁၆၃၃.၆ သန်း သုံးစွဲပြီးတော့ မြေထိန်းနံရံ ၁၂၆၈ မီတာ၊ မျှောတိုင်တန်းရေကာ ၃၈၁၇ မီတာ၊ မျှောတိုင်တန်းကျောက်ဖြည့်ရေကာ ၄၆၆၃ မီတာ၊ ကျောက်စီ ရေကာ ၅၆၈၂ မီတာ၊ သဲအိတ်စီရေကာ ၁၂၇၅ မီတာ၊ သဲစုပ်သောင်တူး ၆၁၈၃၀ ကုဗမီတာ ဒါတွေကို ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ နောက် မြစ်ကြောင်းထိန်းသိမ်းပြုပြင်ရေးနဲ့ ပတ်သက်ပြီး တော့ ခုနက ကျွန်တော်တင်ပြခဲ့တဲ့ Bed Regulation Method ကနေပြီးတော့မှ အခုတကယ့် ကမ္ဘာ့နိုင်ငံကြီးအသီးသီးတွေမှာ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတဲ့ Water Level Control နဲ့၊ Weir နဲ့ ကျွန်တော်တို့ Navigation Load  လုပ်ပြီးတော့ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ပဏာမစတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ကျွန်တော်တို့ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အနာဂတ်မှာ မည်ကဲ့သို့စီမံကိန်းများ ရည်မှန်းချက်များနဲ့ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်အောင် စီမံထားပါသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့မှာ ကျွန်တော် တို့ ရေကြောင်းသွားလာမှု အဆင်ပြေချောမွေ့ရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခုနက လုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်းလည်း တင်ပြအပ်ပါတယ်။ နောက် ကျွန်တော်တို့ ရေလမ်းကြောင်း ကောင်းမွန်စေရေးအတွက်လည်း ကျွန်တော်တို့ ရေလမ်းတွေ ရေနည်းတဲ့ကာလတွေမှာ သွားရလာရ အဆင်ပြေစေရေးအတွက်ကို ကျွန်တော်တို့ ရတဲ့ဘဏ္ဍာငွေ အပေါ်မူတည်ပြီးတော့ ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တွေကို ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်တော်တို့ ကျန်တဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေနဲ့ ကျန်တဲ့ မြစ်တွေမှာ ဆောင်ရွက်တာကိုတော့ ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့များက ကျွန်တော်တို့ မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးခေါင်းစဉ်နဲ့ ခွင့်ပြုရန်ပုံငွေ သက်ဆိုင်ရာဒေသ အလိုက် တောင်းခံပြီးတော့ နည်းပညာကိုတော့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လိုအပ်သလို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။