(ဆ)-၂၀၁၂ခုနှစ်၊ ဩဂုတ်လမှစ၍သတ်မှတ်ထားသော ချင်းတွင်းဌာနခွဲ၏ ကုန်တင်ခနှုန်းထားအား မြစ်ဝကျွန်းပေါ် ဌာနခွဲနှင့်နှုန်းထားတန်းတူသတ်မှတ်နိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၃.၃.၂၀၁၃)

 

နိုင်ငံတော် အစိုးရအနေနဲ့ နယ်စပ်ဒေသ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ၈၇ မြို့ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ၁၀၉ မြို့နယ်သို့ လည်းကောင်း မူရင်းလစာရဲ့တစ်ဆတိုးမြှင့်ပေးခဲ့ပြီးတော့ ခံစား စေခဲ့ပါတယ်။ ထိုသို့ ခံစားပေးခဲ့ရာမှာ အထက်ချင်းတွင်းဒေသဖြစ်တဲ့ ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များလည်းပဲပါဝင်ခဲ့ပါတယ်။ ထိုသို့ခံစားခွင်‌့ပြုရာတွင် အထက်ချင်းတွင်းဒေသမှာ နေထိုင်တဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့အတွက် ဤမေးခွန်းကို မေးမြန်းခြင်းဖြစ်ပါတယ်။ အထက် ချင်းတွင်းမှာ ကုန်တင်ကုန်ချ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကုန်သည်လုပ်ငန်းများဆောင်ရွက်နေတဲ့ ပြည်သူလူထုနဲ့သက်ဆိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၏ ကုန်တင်နှုန်းထားတန်းတူဖြစ်သင့်တယ်လို့ ယူဆပါတယ်။ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးရဲ့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှာ သတ်မှတ်ထားတဲ့ ချင်းတွင်းဌာနခွဲရဲ့ ကုန်တင် နှုန်းထားဟာ မြစ်ဝကျွန်းပေါ်ဌာနခွဲထက် နှစ်ဆကြီးမြင့်နေသည်ကိုတွေ့ရပါတယ်။ ဥပမာအားဖြင့် အထွေထွေကုန်နှင့် သစ်ပရိဘောဂအတွက်တစ်တန် တစ်မိုင်နှုန်းကို ရန်ကုန်-ပုသိမ်၊ ရန်ကုန်- မြောင်းမြမှာ ၃၈ ကျပ်နှုန်း ရန်ကုန်-ကျုံမငေး၊ ရန်ကုန်-ဘိုကလေး အမြန်ကုန်ခမှာ ၄၀ နှုန်း၊ ရန်ကုန်- ပြည် အမြန်လမ်းအတွက်ကုန်တင်ကုန်ချမှာ ၃၅ ကျပ်နှုန်း၊ မုံရွာ-ကလေးဝ-ဟုမ္မလင်း-ခန္တီးအတွက် ၇၂ ကျပ်နှုန်း သတ်မှတ်ထားတာကိုတွေ့ရပါတယ်။ အထွေထွေကုန်ပစ္စည်းအတွက် ပိဿာ ၁၀၀ လျှင် တစ်မိုင်နှုန်းအတွက် ရန်ကုန်-ပုသိမ်လမ်းမှာ ၆ ကျပ် ၁၅ ပြား၊ ရန်ကုန်-ကျုံမငေး၊ ရန်ကုန်-ဘိုကလေး အမြန်ကုန်တင်ခအတွက် ၆ ကျပ် ၄၅ ပြား၊ ရန်ကုန်-ပြည် ကုန်တင်ခ ၅ ကျပ် ၆၅ ပြား နှင့် မုံရွာ-ဟုမ္မလင်း-ခန္တီးအတွက် ၁၁ ကျပ် ၆၀ ပြား သတ်မှတ်ထားတာကို တွေ့ရပါတယ်။ ထို့အတူ သုံးတန် အောက်မော်တော်ယာဉ် တစ်မိုင်တင်နှုန်း အနေနဲ့ ရန်ကန်-ပုသိမ် မှာ ၇၆ ကျပ၊် ရန်ကုန်-ကျုံမငေး၊ ရန်ကုန်-ဘိုကလေးမှာ ၈၀ ကျပ်၊ ရန်ကုန်-ပြည်မှာ ၇၀ ကျပ်ဖြစ်ပြီးတော့မှ မုံရွာ-ခန္တီး-ဟုမ္မလင်းကို ၁၄၄ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို အောက်ပါမေးခွန်း ၂ ခု ကို မေးမြန်းလိုပါသည်-

(က)ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ မြစ်ဝကျွန်းပေါ်ဌာနခွဲနှင့် ချင်းတွင်းဌာနခွဲ၊ ကုန်တင်ခ နှုန်းထားတန်းတူ သတ်မှတ်ပေးနိုင်ခြင်းရှိ၊ မရှိ။

(ခ ) တန်းတူမသတ်မှတ်ပေးနိုင်ပါက အဘယ်ကြောင့်ဖြစ်သည်ကို အထက်ချင်းတွင်းမှာ နေထိုင်သော ပြည်သူလူထုကိုယ်စား မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲ အသီးသီးမှာ ပြေးဆွဲနေတဲ့ ရေယာဉ်ခရီးလမ်းများရဲ့ ကုန်တင်ခနှုန်းများကို ယခင်တုန်းကတော့ ကုန်တစ်တန်တစ်မိုင် လျှင် ရက်မှန်လမ်းမှာ ၁၂ ကျပ်နှုန်း၊ အမြန်လမ်းမှာ ၁၆ ကျပ်နှုန်းနဲ့ တစ်ပြေးညီသတ်မှတ်ပြီးတော့ ကောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကနေစပြီးတော့ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ အရှုံးမဖြစ်ပေါ်စေရေး၊ မိမိဝင်ငွေပေါ်မှာ ရပ်တည်နိုင်ရေးကို ကျွန်တော်တို့ စတင်သတ်မှတ်ဆောင်ရွက်ခဲ့တဲ့အခါမှာ ပို့ဆောင်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းလေးခုရှိတဲ့အနက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေနဲ့ မိမိဌာနဝင်ငွေနဲ့ အသုံးစရိတ်တွေကို ကာမိစေဖို့အတွက် ကျွန်တော်တို့စတင်စီမံဆောင်ရွက်ခဲ့ရတဲ့အတွက် ကုန်တင်ခ နှုန်းထားများကို ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ခရီးလမ်းတစ်ခုချင်းစီ ရဲ့ကုန်တင်နှုန်းထားများ ကို အောက်ပါအချက်အလက်များပေါ်မူတည်ပြီးတော့ နှုန်းထားတွက်ချက်ပါတယ်။ ပြေးဆွဲအသုံးပြု မည့် ရေယာဉ်၏ ကုန်ကျစရိတ်၊ ဝန်ထမ်းများ၏ လစာနှင့်စရိတ်၊ ရေယာဉ်ပြုပြင်စရိတ်၊ စက်သုံးဆီ ကုန်ကျစရိတ်၊ နောက်ခရီးလမ်းတစ်လမ်းချင်း အသွားအပြန် လိုက်ပါသည့်ခရီးသည်နှင့် ကုန်ရရှိနိုင်မှု load tracker ရဲ့ Percentage ခရီးလမ်းတစ်ခုချင်း အသုံးပြုရေယာဉ်၏ ကုန်တင်နိုင်စွမ်းအား၊ ခရီးလမ်းတစ်ခုချင်း အဆန်ခရီးကုန်ရရှိမှု ပုံမှန်တင်ဆောင်ခြင်း ရှိသည့် ကုန်အမျိုးအစား ကုန်တန်ချိန်၊ ပြေးဆွဲမည့်ခရီးလမ်းတွင် ယှဉ်ပြိုင်ပြေးဆွဲနေသည့် ပုဂ္ဂလိကရေယာဉ်များ၏ ကုန်ရရှိမှုနှင့် ကုန်တင်ခ နှုန်း၊ ရေယာဉ်ခရီးစဉ်သတ်မှတ်ချက် ဥပမာ  အထူးအမြန်၊ အမြန်၊ ပုံမှန်စသည်ဖြင့် သတ်မှတ်ထား ရှိမှုများ ဒီအပေါ်တွင်မူတည်ပြီး ကျွန်တော်တို့ သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှာ ကုန်တင်ခနှုန်းထားတွေကို အထက်ပါအချက်အလက်များ အပေါ်မူတည်ပြီးတော့ ခရီးလမ်းတစ်ခုချင်းစီရဲ့ကုန်တင်ခ သတ်မှတ်ထားပါတယ်။ ထို့အတွက်ကြောင့်မို့လို့ မြစ်ဝကျွန်းပေါ် ဌာနခွဲ တစ်ခုတည်းမှာပင်လျှင် ခရီးလမ်းတစ်ခုနဲ့တစ်ခု ကုန်တင်ခနှုန်း အနည်းဆုံးကုန်တစ်တန် တစ်မိုင် ၃၈ ကျပ် ကနေပြီးတော့ အများဆုံး ၇၀ ကျပ်နှုန်းအထိ သတ်မှတ်ထားတဲ့အတွက် မတူညီပါဘူး။ အဲ့ဒီအတူပဲ ချင်းတွင်းဌာနခွဲမှာရှိတဲ့ ခရီးလမ်းများတွင်လည်း တစ်တန်တစ်မိုင် ၇၂ ကျပ် နှုန်းကောက်ခံ ပြီး အစုန်မှာ ကျွန်တော်တို့ တစ်တန်တစ်မိုင် ၄၉ ကျပ် ၃၅ ပြားသာ ကောက်ခံပါတယ်။ အဲ့ဒီလို ကောက်ခံရခြင်းမှာ မုံရွာမှထွက်တဲ့ရေယာဉ်ခရီးစဉ် အားလုံးကုန်တန်ချိန် အပြည့်အဝရရှိပြီး အစုန်ခရီးမှာတော့ ကုန်ရရှိမှုလွန်စွာနည်းပါးတဲ့အတွက် အစုန်တွင် ကုန်တင်ခလျှော့ပြီးကောက်ခံမှသာ မိမိဌာန ရေယာဉ်များမှ ကုန်ရရှိနိုင်မှာဖြစ်ပါတယ်။ အလားတူပုဂ္ဂလိက ကုန်တင်ယာဉ်များဟာလည်း မုံရွာက ဟုမ္မလင်း-နောင်ပိုအောင်-ဟောင်ဖားစတဲ့ မြို့ရွာများကို ကုန်တင်ဆောင်ရာမှာ ကုန်အပြည့်အဝ ရရှိကြပြီးတော့ ဒေသပေါက်ဈေးကိုက်ညီတဲ့ ကုန်တင်ခနှုန်းထားတွေကို တစ်တန်တစ်မိုင် အနည်းဆုံး ၁၃၇ ကျပ် ကနေပြီးတော့ အများဆုံး ၂၁၀ ကျပ်အထိ တောင်းခံရရှိ ပြီးတော့ အပြန်အစုန်ခရီးမှာတော့ ကုန်တင်ရရှိမှုနည်းပါးတဲ့အတွက် အဆန်ခရီးထက်အဆမတန် လြှော့ပြီးတော့ သင့်ရာဈေးဖြင့် ကုန်တင်ခကောက်ခံဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကိုယ်စား ဦးရှိသီးမေးမြန်းထားတဲ့ မြစ်ဝကျွန်းပေါ်ဌာနခွဲနဲ့ ချင်းတွင်းဌာနခွဲကုန်တင် နှုန်းထားများကို အထက်ပါအကြောင်းများကြောင့် တန်းတူသတ်မှတ် ထားနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။