ဒီနေ့ မြန်မာနိုင်ငံမှာ ၂၀၀၃ စာရင်းအရ ဆိုရင် ဝန်ထမ်းပေါင်း အားလုံး ၁၃ သိန်းခန့် ခန့်ထားနိုင်ပြီးတော့ ဒီနေ့လက်ရှိအခြေအနေမှာတော့ ၉ သိန်းခန့် ခန့်ထားတယ်လို့ သိရှိရပါတယ်။ ၉ သိန်းခန့်အနက်မှာ ၅ သောင်းခန့်ကတော့ အရာရှိပိုင်း ဖြစ်ပြီးတော့ ကျန်တဲ့ ၈၅၀၀၀၀ ခန့်ကတော့ ဝန်ထမ်းများဖြစ်ပါတယ်။ ဒါနှင့်ပတ်သက်လို့ ကျွန်တော် မေးခွန်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးစသည် ဖြင့် လုပ်ငန်းများမှာ ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်နေရပါတယ်။ ဒီလို တာဝန်ယူဆောင်ရွက်တဲ့ နေရာမှာလည်း ဝန်ထမ်းကောင်းမှလည်း လုပ်ငန်းကောင်းမှာပါ။ လုပ်ငန်းကောင်းမှလည်းပဲ ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါတယ်။ ဒီနေ့အစိုးရအနေနဲ့ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် လည်း အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးကဏ္ဍနယ်ပယ်အသီးသီးမှ လည်းကောင်း၊ သတင်းမီဒီယာ များနှင့် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည့်အလျောက် အထိုက်အလျောက် ရည်မှန်းချက်ကို ပြည့်မီအောင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အစိုးရဌာနအသီးသီးမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းများဟာ အဓိကထား ပါဝင်ဆောင်ရွက်နေရတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အများအားဖြင့် ဝန်ထမ်းဆိုသည်မှာ မိမိတို့၏ ဝန်ထမ်းဂုဏ်ကိုယူပြီးတော့ ဆောင်ရွက်ရတာ ဝန်ထမ်းများအဖို့ မိမိဂုဏ်၊ မိမိသိက္ခာအတွက် ဆောင်ရွက်နေကြတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေ့အချိန်အခါအရ ဝန်ထမ်းများဟာ လိုအပ်တဲ့စားဝတ်နေရေးအပိုင်းမှာ များစွာလိုအပ်လို့ ဥက္ကဋ္ဌကြီးကိုယ်တိုင် ဝန်ထမ်းလစာ တိုးပေးရေးကိုလည်း အဆိုတစ်ရပ်အနေနဲ့ တင်သွင်းခဲ့ပါတယ်။ ဒီအပေါ်မှာ နိုင်ငံတော်အစိုးရအနေနဲ့လည်း ဝန်ထမ်းတစ်ဦးရဲ့ အနိမ့်ဆုံးလစာဟာ တစ်သိန်းခန့်ရှိမှသာလျှင် ပြေလည်မယ်၊ ပြည့်ပြည့်စုံစုံဖြစ်မယ်လို့ ရည်မှန်းပြီးတော့ တောင်းဆိုသော် လည်းပဲ နိုင်ငံတော်ရဲ့ အခြေအနေအရ ဝန်ထမ်းများကို ဒီနေ့ ၃၀၀၀၀ ခန့်သာ ထောက်ပံ့နိုင်တဲ့ အနေအထားဖြစ်လို့ နိုင်ငံတော်အစိုးရအနေနဲ့လည်းပဲ တတ်နိုင်မယ်ဆိုရင် မူလအဆိုပြု၊ ကတိပြု ထားတဲ့အတိုင်းပဲ ဝန်ထမ်းများလစာကိစ္စကို တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်သလို တစ်ဖက် တစ်လမ်းကလည်း ဝန်ထမ်းများကို ကူညီနိုင်တဲ့အကူအညီများ ကူညီပေးဖို့ ဖြစ်ပါတယ်။ ဒါနှင့် ပတ်သက်လို့ တင်ပြရမယ်ဆိုရင်တော့ ဝန်ထမ်းများအနေနဲ့ ဒီနေ့ ရာထူးရာခံကို အချိန်လည်း စေ့တယ်၊ ဒီရာထူးမှာ လုပ်ငန်းလည်း ကျွမ်းကျင်တယ်၊ လုပ်နိုင်ကိုင်နိုင်တယ်ဆိုရင် သူတို့ Promotion ခေါ်တဲ့ ရာထူးတိုးမြှင့်ရေးကို အလွန်မှပင်တောင့်တကြပါတယ်။ ဒီလိုတောင့်တတဲ့နေရာမှာ ယခင်ခေတ် အချိန်အခါက အကြောင်းအကြောင်းကြောင့် ရာထူးနေရာများ၊ ဝင်ပေါက်များကို အခြားမသက်ဆိုင်သူ များကို ခန့်ထားခြင်း၊ ရာထူးနေရာများကို အသက်ပြည့်သော်လည်းပဲ Extension နှင့် အကြံပေး များအဖြစ် ဆက်လက်ခန့်ထားခြင်းကို အချို့သော ဝန်ကြီးဌာနနေရာများမှာ တွေ့မြင်ရပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ နိုင်ငံတော်အစိုးရအနေနဲ့ ကျွမ်းကျင်သူများကို အားထားရမှာဖြစ်တဲ့အတွက် ဒါဆောင်ရွက်တာဟာ မှန်ကန်ပါတယ်။ အဲဒီလိုပဲ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ အသက် ၆၀ ကျော်သော်လည်းပဲ Extension ပေးပြီးတော့ ဒီဝန်ထမ်းနေရာ Post ဆိုပြီးတော့ ဆက်လက်ပြီးတော့ ခန့်ထားခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီနေ့ ဒီအချိန်ခါမှာ ပုဂ္ဂလိက အခန်းကဏ္ဍ လည်း တိုးမြှင့်ဆောင်ရွက်နေတဲ့အတွက် အစိုးရဌာနတွေမှာ မလိုတဲ့ဌာနတွေကို လျှော့ပစ်ခြင်း၊ ပေါင်းစပ် ခြင်း ဆောင်ရွက်နေတဲ့ အချိန်အခါလည်းဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းများအတွက် ဒီအချိန်မှာ ရသင့်ရထိုက်တဲ့ ရာထူးတာဝန်ကို တိုးမြှင့်ထမ်းဆောင် ဆောင်ရွက်လိုပါတယ်။ ဒီနေ့ အချိန်အခါအရ ကျွမ်းကျင်သူများ လုပ်ငန်းမကျွမ်းကျင်သေးလို့ဆိုပြီးတော့ လက်ရှိ အသက် ၆၀ ပြည့် ပြီးသူများကိုပဲ ဆက်လက်ခန့်ထားဆောင်ရွက်နေတာ အချို့ရှိခဲ့ပါတယ်။ ဒါနှင့်ပတ်သက်လို့ ဒီဝန်ထမ်းများကို အဲလိုကျွမ်းကျင်သူများကို ဆက်လက်ရာထူးနေရာမှာ ခန့်ထားတဲ့အစား ဒီကျွမ်းကျင်သူများကို ကျွမ်းကျင်သူအဖြစ်ပဲ ခန့်ထားပြီးတော့ သူတို့ရဲ့ နေရာ Post ကို ဖယ်ပေးမယ်ဆိုရင် ဒီနေရာ Post ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်းတက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရာထူး တိုးမြှင့်ပေးမယ်ဆိုရင် တစ်ယောက်ပေးလိုက်မယ်ဆိုရင် ဆင့်ကဲဆင့်ကဲရာထူး တစ်ဦးတက်သွားရင်အောက်က ၁၀ ဦးလောက် တက်နိုင်တယ်။ ၁၀ ဦးလောက်တက်သွားရင် ဦး ၁၀၀ လောက် နောက်ကတက်နိုင်တယ်။ ဒီလိုတက်နိုင် တာဖြစ်တဲ့အတွက် တကယ်လို့ ကျွမ်းကျင်သူများ လိုအပ်လို့ရှိရင်လည်းပဲ သက်ဆိုင်ရာထူး Post ကို မယူဘဲနှင့် ကျွမ်းကျင်သူအဖြစ်ပဲ ဥပဒေပြဋ္ဌာန်းခန့်ထားပြီးတော့မှ ဆောင်ရွက်သင့်ပါတယ်။ ဒီရာထူးကို သက်ဆိုင်ရာ ဆင့်ကဲဆင့်ကဲ ပေးရမယ့်လူတွေကို ပေးသင့်ပါတယ်။ ဒီနေ့ကျွန်တော်တို့ Human Resources လို့ခေါ်တဲ့ ဒီလူသားအရင်းအမြစ်ကို လူ့စွမ်းအားအရင်းအမြစ်ကို အသုံးချတဲ့နေရာမှာ လည်းပဲ ပီပီပြင်ပြင်အသုံးချသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရဌာနအသီးသီးမှာရှိတဲ့ ဝန်ထမ်းများနှင့်ပတ်သက်လို့ ကျွန်တော်မေးလိုသည်မှာ ယခင်ကကဲ့သို့ အသက် ၆၀ ပြည့်သော် လည်းပဲ Extension ခေါ် ဆက်လက်အမှုထမ်းဆောင်စေခြင်းမျိုးအား ရပ်ဆိုင်းပေးရန် အစီအစဉ်ရှိ၊ မရှိ။ ရပ်ဆိုင်းရန် အစီအစဉ်မရှိပါက မည်သည့်အတွက် ဖြစ်သည်ကို သိလိုပါကြောင်း။ မဖြစ်မနေ လိုအပ်ပါက ၎င်းရာထူးများကို ကျောထောက်နောက်ခံရယူထားသူအဖြစ်မထားရှိဘဲ ကျွမ်းကျင်အဖြစ် သာ ခန့်ထားနိုင်ခြင်းရှိ၊ မရှိ။ ၎င်းအတွက် နိုင်ငံတော်မှ အသက် ၆၀ ပြည့်ပြီးသူများအား ၎င်းနောက်ဆုံး လုပ်ကိုင်ခဲ့သည့်ရာထူးကို ကျောထောက်နောက်ခံအဖြစ် မယူစေဘဲခန့်ထားလိုပါက ပုံသေ ကျွမ်းကျင်သူအဖြစ် ခန့်ထားရန်နှင့် လစ်လပ်ရာထူးနေရာများဖော်ပေးရန် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပေးနိုင်ခြင်းရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံ့ တာဝန်ထမ်းဆောင်ပြီး အသက် ၆၀ ပြည့်သော်လည်း နိုင်ငံတော်အတွက် လုပ်ငန်းလိုအပ်ချက်အရ ဆက်လက်တာဝန်ထမ်းဆောင်ရန် လိုအပ်တဲ့အချိန်များမှာ သို့မဟုတ် အစားထိုးတာဝန်ပေးအပ်ရမယ့် ဝန်ထမ်းများအနေနဲ့ ကျွမ်းကျင်မှု၊ လုပ်သက်နုနေ၍ ပူးတွဲတာဝန်ထမ်းဆောင်ရန် လိုအပ်တဲ့အချိန် သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအတွက် လိုအပ်ချက်အရ အကြံပေးအရာရှိအဖြစ် ဆက်လက်ခန့်ထားတာဝန်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ အခုလိုရှိခဲ့ရင်လည်းပဲ နိုင်ငံတော်သမ္မတရုံးကို တင်ပြခွင့်ပြုချက်ရယူပြီး အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြပြီး ဆုံးဖြတ်ချက်ရရှိပြီးမှသာ ဆောင်ရွက် ရတာ ဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ထမ်းဆောင်ပြီး အသက် ၆၀ ပြည့်သွားပေမယ့် အကြံပေးအဖြစ် ဆက်လက်ခန့်ထားရတဲ့ အဓိက အကြောင်းအရင်းကတော့ အချို့သောဌာနများမှာ ရာထူးကို အစားထိုး ခန့်အပ်ပေးရမယ့် ပုဂ္ဂိုလ်ရဲ့ အရည်အချင်း ပြည့်မီမှုမရှိခြင်း၊ လုပ်ငန်းဆိုင်ရာအရည်အချင်းနှင့် ပတ်သက်ပြီးတော့ အထက်ဌာနအကြီးအကဲမှ ယုံကြည်မှုအပြည့်အဝ မရရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက်ပြီး တာဝန်ကို လွှဲပြောင်းရယူမယ့် ပုဂ္ဂိုလ်ရဲ့ အရည်အသွေး၊ အရည်အချင်း ပြည့်ဝ မှု၊ အထက်အကြီးအကဲမှ ယုံကြည်စိတ်ချရဖွယ်မရှိသေးတဲ့အတွက် လက်ရှိတာဝန်ထမ်းဆောင်နေသူကို သာ အကြံပေးအဖြစ် ဆက်လက်တာဝန်ပေးပြီး ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ဖြစ်ပါ တယ်။ တချို့သော ဝန်ကြီးဌာနများမှာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးဟာ မိမိ တာဝန်ထမ်းဆောင်နေသော ရာထူးအဆင့်၏ အထက် နှစ်ဆင့်မြင့်ကို ထမ်းဆောင်နိုင်အောင် လေ့ကျင့် ထားရသလို မိမိလက်အောက် နှစ်ဆင့်အထိ ဆင်းပြီး အလုပ်လုပ်နိုင်အောင်လေ့ကျင့်ထားရတာ ရှိပါ တယ်။ ထို့အတူပဲ ဝန်ထမ်းတိုင်းဟာလည်းပဲ မိမိကိုပေးအပ်လာတဲ့ အဆင့်မြင့်တာဝန်များကို အရည်အချင်းပြည့်ဝစွာတာဝန်ထမ်းဆောင်နိုင်အောင် အမြဲကြိုးစားလေ့ကျင့်နေကြရမှာ ဖြစ်ပါတယ်။ ရာထူးသာရယူပြီး အရည်အချင်းမပြည့်မီရင်တော့ ရာထူးတိုးခန့်အပ်နိုင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် နည်းပညာပိုင်းနှင့်ပတ်သက်လို့ ရာထူးတိုးနေရာယူလွှဲပြောင်း လက်ခံရမည့်ပုဂ္ဂိုလ်များဟာ အရည်အချင်း၊ အရည်အသွေးပြည့်ဝကောင်းမွန်နေအောင် ကြိုးပမ်းဆောင်ရွက်နေဖို့ လိုအပ်ပါတယ်။ ၎င်းတို့အနေနဲ့ အရည်အချင်း၊ အရည်အသွေးပြည့်ဝနေပါက မျိုးဆက်သစ်များကို လိုလိုလားလား တာဝန်ပေးအပ်ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူအဖြစ် ခန့်အပ်ခြင်းအနေနဲ့ကတော့ လစ်လပ်သွားတဲ့သူရဲ့ရာထူးနေရာမှာ နောက်လူကို အစားထိုးခန့်အပ်တဲ့အတွက် ၎င်းအနေဖြင့် ကျွမ်းကျင်သူအဖြစ်သာ သီးခြားတာဝန်ထမ်းဆောင်ရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပညာရှင် အချို့နှင့် လုပ်ငန်းလိုအပ်ချက်အရ အချို့သောပုဂ္ဂိုလ်များကိုသာ သီးသန့်ရွေးချယ်ပြီး အကြံပေးအရာရှိ အဖြစ် ခန့်အပ်ခြင်းဖြစ်ပါတယ်။ နောင်အခါများမှာတော့ အကြံပေးပုဂ္ဂိုလ်အဖြစ် မခန့်အပ်တော့ဘဲ ကျွမ်းကျင်သူအဖြစ်သာ ခန့်အပ်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
