မေးခွန်းနံပါတ်(၁)ကတော့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုအသစ်ဖွဲ့တဲ့ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုအခန်းကဏ္ဍက ပါဝင် ဆောင်ရွက်မယ်ဆိုတာ သိလိုပါတယ်။ မေးခွန်းနံပါတ် (၂) မည်ကဲ့သို့သော စက်မှုလုပ်ငန်းများကို ရည်မှန်းချက်ထားပြီးတော့မှ အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုတာ သိလိုပါတယ်။ မေးခွန်း နံပါတ် (၃) မည်သို့သော အကျိုးကျေးဇူးများ ရရှိစေမည်ဆိုတာကို သိရှိလိုပါတယ်။ မေးခွန်းနံပါတ် (၄) နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကပိုင်စက်မှုလုပ်ငန်းများအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှု တွေရှိမယ်ဆိုတာကို သိလိုပါကြောင်း မေးမြန်းပါသည်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ ဂါရဝပြုနှုတ်ခွန်း ဆက်သအပ် ပါတယ်။ ကျွန်တော်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ဖြစ်ပါတယ်။ ကျွန်တော် ပထမ မေးခွန်းဖြစ်တဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြပါမယ်။ ဒီလိုရှင်းလင်း တင်ပြတဲ့နေရာမှာ ဒါမေးခွန်းဖြစ်ပေမယ့် ဒီဝန်ကြီးဌာနတစ်ခုလုံးရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြမှာဖြစ်တဲ့အတွက် အချိန်အနည်းငယ်ပေးဖို့အတွက် လွှတ်တော် ဥက္ကဋ္ဌကြီးအား လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ မျက်မှောက်ခေတ် မြန်မာ နိုင်ငံရဲ့ ပဓာန လိုအပ်ချက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးခေါ်တဲ့ Economic Development ဖြစ်ပါတယ်။ Economic Development ကိုတိုင်းတာတဲ့အခါမှာ ကျွန်တော်တို့ Macro Economic Indicator ဖြစ်တဲ့ အဓိကညွှန်ကိန်းတစ်ရပ်ဟာ GDP လို့ခေါ်တဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးပဲဖြစ်ပါတယ်။ ဒီကနေ့မြန်မာနိုင်ငံရဲ့ GDP ကိုသုံးသပ်မယ်ဆိုရင် ကုန်ထုတ်လုပ်မှုဟာ လယ်ယာ စိုက်ပျိုးရေးအပေါ်မှာသာ အဓိကအခြေပြုလျက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ GDP ကဏ္ဍအလိုက်ပါဝင်မှုအချိုးအစား AIS ကို Avration Agriculture Industry ကြည့်မယ်ဆိုရင် စိုက်ပျိုးရေး ၃၆.၄ ရာခိုင်နှုန်း၊ စက်မှု ၂၆ ရာခိုင်နှုန်းနှင့်ဝန်ဆောင်မှု ၃၇.၆ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်၊ ဒီမှာပါဝင်တဲ့ စက်မှု ၂၆ ရာခိုင်နှုန်းပင်လျှင် Stable Signal မဟုတ်ပါဘူး။ မတည်ငြိမ်ပါဘူး။ ကျွန်တော်တို့ စက်မှုလုပ်ငန်းတွေဟာ Dependency များတဲ့အတွက်ကြောင့် ရှိလိုက်၊ ပျက်သွားလိုက်၊ ပြန်လုပ်လိုက်နဲ့ ဒီ Figure တွေဟာ ကျွန်တော်တို့ Constant Figure ရရှိဖို့ အတွက် ခက်ခဲနေတဲ့အနေအထားသုံးသပ်တွေ့ရှိရမှာဖြစ်ပါတယ်၊ အာဆီယံဒေသတွင်းနိုင်ငံများမှာရှိတဲ့ စက်မှုကဏ္ဍပါဝင်မှုနှုန်းကို ကြည့်မယ်ဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံ ၄၆.၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ ၄၅.၆ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံ ၄၁.၆ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံ ၄၁.၄ ရာခိုင်နှုန်း၊ လာအိုနိုင်ငံ ၃၁.၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံ ၃၁.၃ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ၂၁.၄ ရာခိုင်နှုန်း အသီးသီးဖြစ် ကြောင်းတွေ့ရှိရတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အနေအထားကို သုံးသပ်နိုင်ပြီးတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ စက်မှုလက်မှု၊ ကုန်ထုတ်လုပ်မှုကဏ္ဍဟာ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတာ ကျွန်တော့်အနေနဲ့ သုံးသပ်တွေ့ရှိရမှာပဲဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှု အဆင့်အတန်းကိုပင်လျှင် အဆင့်အတန်းမီမီနဲ့ တိုးမြှင့်ထုတ်လုပ်မယ်ဆိုရင်တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ Farm Mechanization ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလို Farm Mechanization ပြုလုပ်ရေး အတွက်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိစက်မှုဖွံ့ဖြိုးရေးအခြေအနေများက ကန့်သတ်ချက်တစ်ရပ်အနေ နဲ့ဖြစ်တည်နေတယ်ဆိုတာကို ကျွန်တော်တို့ ပကတိအခြေအနေမှန်များအရ၊ အတွေ့အကြုံများအရသုံး သပ်တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့စက်မှုဖွံ့ဖြိုးရေးကိုသုံးသပ်တဲ့အခါမှာ အဓိကကန့်သတ်ချက် များကို ကျော်လွှားဖို့လိုအပ်တယ်ဆိုတာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီကန့်သတ်ချက်တွေကတော့ နည်း ပညာဖွံ့ဖြိုးမှု(Technology Development)၊ စက်ရုံအရင်းအနှီး(Capital)၊ စွမ်းအင်လိုအပ်ချက် (Energy)၊ စက်မှုကုန်ကြမ်းလိုအပ်ချက်(Industrial and Engineering Material ) တို့ပဲဖြစ်ပါ တယ်။ ဒီကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍမှာ နိုင်ငံတော်က နေကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ (Private Sector)၊ အများပိုင် ကဏ္ဍ (Public Sector)တို့တွေအပါအဝင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ အမျိုးသားစက်မှုဖွံ့ဖြိုးရေး (National Industry Development) အခြေအနေတစ်ရပ်ကို ဖန်တီးဖို့အတွက် ရည်ရွယ်ချက်နဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနကိုဖွဲ့စည်းပြီး လုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းတင်ပြအပ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့က ကမ္ဘာ့ နိုင်ငံအသီးသီးမှာရှိတဲ့ စက်မှုဖွံ့ဖြိုးရေးပြောင်းလဲမှု တရွေ့ရွေ့ဖြစ်စဉ် Evolution of Industry Basic ကိုခြုံငုံလေ့လာဖို့လိုအပ်ပါတယ်။ ဒီဖြစ်စဉ်တွေကိုခြုံငုံလေ့လာတဲ့အခါမှာ Evolution မှာ အဆင့်လေး ဆင့်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အဆင့်တစ်ကတော့ Resource Based Industry လို့ခေါ်တဲ့ သဘာဝ သယံဇာတကိုအခြေပြုတဲ့ စက်မှုလုပ်ငန်းများဖြစ်ပါတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ ဒီစက်မှုလုပ်ငန်း တွေထွန်းကားခဲ့တာ ၁၈ ရာစုနှစ်၊ ၁၉ ရာစုနှစ် ဖြစ်ပါတယ်။ ဒုတိယ ပြောင်းလဲမှုဖြစ်စဉ်က Technology Based Industry ဖြစ်ပါတယ်။ နည်းပညာကိုအခြေခံတဲ့ စက်မှုလုပ်ငန်းများပဲဖြစ်ပါ တယ်။ ဒါကလည်း ၂၀ ရာစုနှစ်အစောပိုင်းလောက်ကတည်းက ထွန်းကားခဲ့တာဖြစ်ပါတယ်။ နောက် တစ်ချက်ကတော့ Knowledge Based Industry ဖြစ်ပါတယ်။ အသိပညာကိုအခြေပြုတဲ့ စက်မှု လုပ်ငန်းများဖြစ်ပါတယ်။ များသောအားဖြင့် Electronic လုပ်ငန်းများ ITနဲ့ ICT လုပ်ငန်းများဖြစ်ပါ တယ်။ Hardware ရော၊ Software ရော ပါတဲ့လုပ်ငန်းရပ်ဖြစ်ပါတယ်။ ဒါတွေဟာ ၂၀ ရာစုနှစ် နှောင်းပိုင်းမှာ ထွန်းကားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးဖြစ်စဉ်ကတော့ Scientific Laboratory Based Industry ဒီကနေ့ကျွန်တော်တို့ပြောနေတဲ့ Nano Technology ကိုအခြေပြုတဲ့ ဒီစက်မှု လုပ်ငန်းပိုင်းများပဲဖြစ်ပါတယ်။ လတ်တလော ၂၀၀၀ ပြည့်နှစ်လွန်မှစပြီးတော့ Developped ဖြစ်လာ တဲ့နည်းပညာပဲဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြောင်းရွှေ့မှုဖြစ်စဉ်တွေကို ကြည့်ပြီးတဲ့ အခါကျရင်မြန်မာ့စက်မှုဖွံ့ဖြိုးရေးဌာနအနေနဲ့ ဒီလေးခုစလုံးသွားမှာလား၊ဘယ်လိုသွားမှာလည်းဆိုတာ စဉ်းစားသုံးသပ်ရမယ့် အခြေအနေတစ်ရပ်ဖြစ်လာပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့တော့ ဒီအလယ်မှာရှိတဲ့ Technology Based Industry နဲ့ Knowledge Based Industry တို့ကို Target လုပ်ပြီးတော့ အဓိကပြစ်မှတ်ထားပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဘာကြောင့််လည်းဆိုတော့ Resource Based Industryဟာ ဒီနှစ်ခု သွားပြီးရင် အလွယ်တကူပဲ ကျော်လွှားမှာဖြစ်လို့ Scientific Laboratory Based Industry ဟာ ကျွန်တော်တို့အတွက် အခြေခံမရှိဘဲနဲ့ တက်လှမ်းဖို့ခက်ခဲနေသေးတဲ့ အနေအထားကြောင့်ဖြစ်ပါ တယ်။ ဒါကြောင့် ဒီလိုဆောင်ရွက် နေတဲ့နေရာမှာ Technology Based Industry နဲ့ Knowledge Based Industry ကို အဓိကထားရင် ကျွန်တော်တို့ စက်မှုဖွံ့ဖြိုးရေးမှာ လုပ်ငန်းကဏ္ဍကြီးသုံးရပ် ဆောင်ရွက်ဖို့လိုလာတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိရပါတယ်။ အဲဒီကဏ္ဍကြီးသုံးရပ်ကတော့ -
(၁) National Mechanical Industry Complex က စက်မှုလုပ်ငန်းကို အခြေပြုတဲ့ Complex ဖြစ်ပါတယ်။
(၂) National Electronic Industry Complex Economic လုပ်ငန်းကို အခြေပြုတဲ့ဟာ ဖြစ်ပါတယ်။
(၃) National Aviation and Aerospace Industry Complex ဒီမှာ ကြည့်လိုက်တဲ့ အခါကျရင် Technology Based Industry အနေနဲ့ Mechanical Industry နဲ့ Source Industry တနည်းအားဖြင့် Mother Industry ဖြစ်တဲ့ Heavy Industry အဆင့်ကနေ စတင်တည်ထောင်ဖို့စီမံခြင်း ဖြစ်ပါတယ်။
Knowledge Based Industryနဲ့ ကြည့်မယ်ဆိုရင်လည်း Electronic Industryရဲ့ အခြေခံဖြစ်တဲ့ Water Industry အဆင့်ကနေပြီးတော့ တည်ဆောက်ခြင်း ဖြစ်ပါတယ်။ Aviation and Aerospace Industry ရဲ့သဘာဝကတော့ Technology Based Industryနဲ့ Knowledge Based Industry တို့ရဲ့အဆင့်မြင့်နည်းပညာပေါင်းစည်းမှုလို့ခေါ်တဲ့ High Level Technology Integrarion အဖြစ်ရှုမြင်သုံးသပ်ပြီးတော့ ဖော်ပြပါ Infrastructure သုံးခုကနေပြီးတော့ တည်ဆောက်သွားဖို့ ရည်မှန်းထားရှိပါတယ်။ အဲတော့ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ အဓိက ရည်မှန်းချက်ဟာ Consumer Goods Industry အတွက်မဟုတ်ဘဲနဲ့ Capital Goods Industry အတွက် မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားစက်မှုဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်နေတဲ့ စက်ရုံတွေ၊ စက်လိုင်းတွေ၊ စက်ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်တဲ့ Source Industry တစ်နည်းအားဖြင့် Mother Industry များတည်ဆောက်ကာ အမျိုးသားစက်မှုလုပ်ငန်း စွမ်းအားစုတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ဖြစ်ပါတယ်။ ဒါကြောင့် National Mechanical Industry Complexမှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ Heavy Industry ကို အခြေခံတည်ဆောက် ပြီးတော့ ရေရှည်လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ထားတာဖြစ်ပါတယ်။ အဲဒီမှာ ပါဝင်တဲ့စက်လိုင်းတွေက တော့ အဓိက heavy Costing Plant, Heavy Press and Forging Plant, Heavy Machining Plant, Heavy Gear and Reducer making Plant, heavy Equipment Plant, Heavy Heat Treatment Plant, Heavy Surface Treatment Plant, Electrification Equipment Plant, Hydraulic and Pneumatic Equipment Plant ဆိုတဲ့ စက်ရုံစုတွေပါဝင်မှာ ဖြစ်ပါတယ်။ စက်ရုံစုစုပေါင်း ၁၁ ခုနှင့် စက်အလုံးရေပေါင်း ၁၃၀၀၀ ခန့် မျှော်မှန်းထားပါတယ်။ ဒီမှာလည်း လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်ကြီးများ အမှတ်ရရှိစေဖို့ဆိုလို့ရှိရင် Casting plant သာမန်စက်ရုံ မဟုတ်ပါဘူး။ တစ်တုံးတစ်တုံးကို တန်ချိန် ၃၅၀ လောက်ထိ လောင်းနိုင်တဲ့ Casting plant ဖြစ်ပါတယ်။ နောက်တစ်ခါ Forging ကတော့ ဝင်ရိုးတွေမှာ၊ ရှပ်တွေမှာ Roller တွေမှာသုံးပါ
တယ်။ သူကလည်း တစ်တုံးတစ်တုံးကိုတန် ၁၂၀ လောက်ထိ Forge လုပ်နိုင်တဲ့ဟာ ဖြစ်ပါတယ်။ Machinery နဲ့ ပတ်သက်လာရင်လည်း ပေ ၇၀ ခန့် အချင်းကို စားနိုင်တဲ့စက်မျိုး၊ ပေ ၁၂၀ ခန့် အလျားကို စားနိုင်တဲ့စက်မျိုး၊ ပေ ၄၀ ခန့် အထူကိုစားနိုင်တဲ့စက်မျိုး ဒါမျိုးကိုရည်မှန်းထားတာ ဖြစ်ပါတယ်။ ဂီယာဟော့ပင်ပလန့်မှာဆိုရင်လည်း ဒိုင်ယာမီတာအားဖြင့် ပေ ၅၀ လောက်ရှိတဲ့ ဂီယာ သွားတွေကို အချင်းအားဖြင့်ပေ ၅၀ လောက်ရှိတဲ့ဂီယာသွားတွေကို စားနိုင်တဲ့အထိဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစက်ရုံမျိုးမှာ (ဖရက်တီတေးရှင်းပလန့်) တည်တဲ့အခါကြရင် အနည်းဆုံး (ပါစ်) တစ်ခုခု ကို တန် ၄၅၀ လောက်မနိုင်တဲ့ ဒီ (ဖရက်တီတေးရှင်းပလန့်) တည်ထောင်ရမှာဖြစ်ပါတယ်။ ဒီလိုတည် ထောင်မှသာလျှင် တန်ချိန် ၁၅၀၀၀ လောက် ရှိတဲ့ Horizontial Extrusion Pressတွေ တန်ချိန် ၁၅၀၀၀ ထိရှိတဲ့ Vertical Pressတွေ၊ တန်ချိန် ၅၀၀ လောက်အထိမနိုင်တဲ့ ဆိပ်ကမ်းဝန်ချီ Crane၊ ၅၀၀ MVA လောက် ထုတ်လုပ်နိုင်တဲ့ Steal Turbine, Gas Turbine, Hydro Turbine တွေ၊ နောက်တစ်ခါ ပလိပ် Rolling Mill ဆိုရင်လည်း ၁၀ မီတာလောက်ဗြက်ရှိတဲ့ ပလိပ် Rolling Mill တွေ၊ နောက်တစ်ခါ ရှစ်မီတာလောက်အချင်းရှိတဲ့ Rolling Ring တွေဒီလို အမျိုးမျိုးထုတ်လုပ်နိုင်မှာဖြစ်ပါ တယ်။ နောက်တစ်ခါ ရေနံတွင်းတူးစက်တွေဆိုရင်လည်း အနက်ပေ ၂၅၀၀၀ လောက်အထိတူးနိုင်မယ့် ရေနံတွင်းတူးစက်မျိုးကို ကိုယ်တိုင်ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီလို heavy industry ကနေ တိုက်ရိုက်ထွက်လာတဲ့ စက်ရုံတွေရှိပါတယ်။ ဆင့်ပွားထွက်လာတဲ့ စက်ရုံတွေရှိပါတယ်။ တိုက်ရိုက် ထွက်လာတဲ့စက်ရုံတွေမှာ Material နဲ့ ပတ်သက်လာရင် Steal Mill, Aluminium Mill, Brass Mill Chemical plant အမျိုးမျိုးနဲ့ Mining Plant အမျိုးမျိုးဆိုင်ရာ စက်လိုင်းနဲ့ စက်ပစ္စည်းတွေ ဖြစ်ပါတယ်။ Energy နဲ့ ပတ်သက်တဲ့ Mill တွေ Plant တွေ ထွက်လာဖို့ဆိုရင် Oil and Gas, Drilling Plat Formတွေ၊ Petrol Chemical plant တွေ၊ Gas Turbine Plants တွေ၊ Hydro Turbine Plants တွေ၊ Thermal Turbine Plants တွေနဲ့ဆိုင်တဲ့ စက်လိုင်းတွေနဲ့ စက်ပစ္စည်းဖြစ်ပါတယ်။ ဒီ production ဆိုင်ရာ Plants တွေ၊ Mills တွေအနေနဲ့ဆိုရင် Cement Mill ဘိလပ်မြေစက်ရုံတွေ၊ Rice Mill ဆန်စက်တွေ၊ Sugar Mill သကြားစက်တွေ၊ Rubber Mill and processing Plant Textile Mill အဝတ်အထည်စက်တွေ၊ heavy Cranes and Steal Structure Making Mill တွေပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ပုဂ္ဂလိကအသေးစားနဲ့ အလတ်စားလုပ်ငန်းတွေဖြစ်တဲ့ Consumer Goods industry နဲ့ပတ်သက်တဲ့ စက်လိုင်းနဲ့စက်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ဆောင်ရွက် ထားခြင်းပဲဖြစ်ပါတယ်။ ဒီလို heavy industry ကို အခြေပြုပြီးတော့ နောက်ထပ်ဆင့်ပွားထုတ်လုပ် နိုင်မယ့် အကြီးစားစက်မှု ကုန်ထုတ်လုပ်ငန်းကြီးများလည်း ဆက်လက်ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ ဒီလိုဆင့်ပွား ပေါ်ထွန်းလာမယ့် စက်ရုံစုတွေကတော့ heavy Maching tools industry, heavy duty Engines industry, heavy duty Vehicle industry, heavy duty railway wagon industry, heavy duty locomotive and Coach industry, ship building industry, earth working Machinery industry, construction Machinery industry ပဲဖြစ်ပါတယ်။ဒါတွေဟာ နိုင်ငံနဲ့အဝန်းလိုအပ်နိုင်တဲ့ စက်မှုလက်မှုလုပ်ငန်း အားလုံးကိုလွှမ်းခြုံနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ဒီလိုကြီးမားတဲ့ရည်ရွယ်ချက်နဲ့ ဘာလို့ထူထောင်ရသလဲဆိုတဲ့ဟာကိုလည်း ကျွန်တော့်အနေနဲ့ ရှင်းပြ လိုပါတယ်။ ဒီအာဆီယံဒေသတွင်းနိုင်ငံများမှာရှိတဲ့ စက်မှုကုန်ထုတ်လုပ်ငန်းကို လေ့လာသုံးသပ်မယ် ဆိုရင် ကျွန်တော်တို့ SME တွေနဲ့ Value added industry တွေကို အခြေပြုကြောင်းတွေ့ရှိရပါ တယ်။ ဒီလို Paradigm ပုံစံမှာ အားသာချက်လည်းတချို့ရှိပါတယ်။ သို့ပေမယ့် အားနည်းချက် အနေနဲ့ဆိုရင် ဒီထုတ်လုပ်မှုစက်လိုင်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဟာ source industry သို့မဟုတ် source countries တွေပေါ်မှာမှီခိုမှုများပြားပါတယ်။ ဒီလိုအားနည်းချက်ကြောင့် ဈေးကွက်တည်ငြိမ်မှုအပေါ်မှာ အလွန်အာရုံစိုက်ရပြီးတော့ ဈေးကွက်မတည်မငြိမ်ဖြစ်တာနဲ့ ထိန်းသိမ်း ရန်ခက်ခဲတယ်ဆိုတာ သုံးသပ်တွေ့ရှိရပါတယ်။ နည်းပညာမှီခိုမှုဟာများပြားပြီးတော့ လက်ဝေခံလုပ်ငန်း များအနေနဲ့ ရပ်တည်နိုင်ရတဲ့ သဘာဝပဲရှိတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံ၊ အနောက်ဥရောပနိုင်ငံနဲ့ အာရှအရှေ့ပိုင်း နိုင်ငံတွေဖြစ်တဲ့ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံတို့ကတော့ source industry ကိုအခြေပြုပြီးတော့ စက်မှုကုန်ထုတ်လုပ်ငန်းတွေကို ထုတ်လုပ်ဆောင်ရွက်ခြင်းဖြစ်တာနှင့်အညီ နည်းပညာမှီခိုမှုနည်းပါးပြီးတော့ ကုန်ထုတ်လုပ်မှုပုံစံဟာ လည်းဈေးကွက်အခြေအနေနဲ့ လိုက်လျောညီစွာ ထိန်းညှိပြောင်းလဲနိုင်တဲ့ အခွင့်အလမ်းဖန်တီးမှု initiative ကိုမိမိလက်ဝယ်ထားရှိနိုင်တဲ့ အခြေအနေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ အဲဒီတော့ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်မှာတော့ ဒီဖော်ပြပါ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွေ့အကြုံများနဲ့ အတိတ်သင်ခန်းစာများ အပေါ်မှာ အသေးစိတ်လေ့လာဆန်းစစ်ပြီးမှ မိမိနိုင်ငံရဲ့ ပကတိအခြေအနေ၊ အာဆီယံဒေသတွင်းနိုင်ငံ များရဲ့ ဦးတည်လမ်းကြောင်း၊ အနာဂတ်ကမ္ဘာ့စက်မှုကုန်ထုတ်လုပ်ငန်းများရဲ့ အလားအလာများကို သေသေချာချာအချိန်ယူလေ့လာသုံးသပ်ပြီးမှ ရေရှည်တည်တံ့ခိုင်မြဲမယ့် သားစဉ်မြေးဆက်အကျိုးရှိ ပြီးတော့ အားထားလုပ်ကိုင်နိုင်မယ့် တစ်မျိုးသားလုံးက ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် အနာဂတ် မြန်မာ့စက်မှုဖွံ့ဖြိုးရေးနဲ့ နည်းပညာဖွံ့ဖြိုးရေးအတွက် အာမခံချက်ရှိပြီး ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ အဆင့်အတန်းကိုရောက်ရှိနိုင်မယ့် အစီအမံနဲ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို မြဲမြဲမြံမြံချမှတ် ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ အဲဒီတော့ National electronic industry complex ကို တစ်ခါ ပြန်ကြည့်မယ်ဆိုရင် သူ့ရဲ့ဖွဲ့စည်းမှုကသုံးရပ်ဖြစ်ပါတယ်။ တစ်ခုကတော့ electronics,science and Technology research and development center ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အခါကျတော့ software developments တွေဟာလူနဲ့ပဲလုပ်နိုင်မှာ ဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ နောက်ဒုတိယတစ်ခုကတော့ basic electronic industry park နဲ့ တတိယတစ်ခုကတော့ electronic products industry park ဖြစ်ပါတယ်။ basic electronic industry park ဆိုတာကျွန်တော်တို့ electronic ပစ္စည်းတိုင်းမှာလိုတဲ့ semi conducters တွေ၊ weafers တွေ၊ culbs တွေ၊ cables တွေ၊ SMT တွေအကုန်လုံးကို ထုတ်လုပ်နိုင်ဖို့ဖြစ်ပါတယ်။ electronic products industry park ကတော့ဒီကနေ့ မျက်မြင်တွေ့ရှိနေတဲ့ electronic ပစ္စည်းအားလုံးကို ထုတ်လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီ electronic စက်မှုကုန်ထုတ်လုပ်ငန်းရဲ့ သဘောသဘာဝကိုလေ့လာ မယ်ဆိုရင်လည်း သူကပြောင်းလဲမှုအလွန်မြန်ဆန်တဲ့ သဘာဝရှိကြောင်း တွေ့ရမှာဖြစ်ပါတယ်။ products တွေရဲ့ သက်တမ်းဟာအလွန်တိုတောင်းပြီးတော့ customer ရဲ့ လိုအင်ဆန္ဒနဲ့ဆွဲဆောင်မှု ကို ပေးစွမ်းနိုင်ဖို့အတွက် product အသစ်တွေကို အမြဲတမ်းပေါ်ထွန်းဖို့ အာရုံစိုက်ပြီးတော့ သုတေသန ပြုလုပ်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ knowledge based industry ဖြစ်တဲ့အားလျော်စွာ Hardware development နှင့် software development ကိုဟန်ချက်ညီပြိုင်တူဖွံ့ဖြိုးတိုးတက် ရန် လိုအပ်ကြောင်းလည်းတွေ့ရှိရပါတယ်။ အဆင့်မြင့်နည်းပညာနှင့် အဆင့်မြင့်စက်ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုရတဲ့ အတွက်ကြောင့် နည်းပညာမြင့်မားတဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး High Tech Human Resources Development ကို အီလက်ထရောနစ် စက်မှုကုန်ထုတ်လုပ်ငန်းရဲ့ အသက်သွေးကြောသဖွယ်ဖြစ်တယ်ဆိုတာကို ရှုမြင်ဆင်ခြင်အပ်တာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းသဘာဝ သဘောတရားတွေနဲ့အညီ နည်းပညာမြင့်မားတဲ့ လူသားအရင်းအမြစ်တွေကို စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်တောင်းဆိုမှုနှင့်အညီ ဆန်းသစ် တီထွင်နိုင်ရေးအတွက် electronics, science and Technology research and development center ဟာမရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်လာပါတယ်။ ဒီလို center ကြီးကို ထူထောင်တဲ့အခါကျရင်တော့ သုတေသနဌာနကြီးခြောက်ခုအထိပါဝင်ပြီးတော့ ဘာသာရပ်ဆိုင်ရာ ပုံစံထုတ်နဲ့ သုတေသနဌာနခွဲပေါင်း ၃၄ ခုအထိ ရည်မှန်းထားတာဖြစ်ပါတယ်။ ဒီဌာနကြီး တွေကတော့-
(က) National electronic laboratory centre
(ခ) Research and Development centre
(ဂ) System Development centre
(ဃ) software industry centre
(င) Test and Evaluation centre နဲ့
(စ) Basic Research centre တွေပဲဖြစ်ပါတယ်။
ဒီ Basic Industry Park မှာထုတ်လုပ်တဲ့ဟာတွေကတော့အဓိက Wafer Industry ပစ္စည်းတွေဖြစ်ပြီးတော့ Silicon Wafer CMOS Integrated Circuit Industry, Gallium Arsenide IC Industry ,Hybrid IC Circuit Industry, Quartz Crystal Resontor Industry, Integrated Circuit Devices Packages Industry,12 layer Printed Circuit Boart Industry ,Surface Mounting Technology Industry, Plastic Case and Mold Industry, Steel Case and Cabient Industry, Cord and Cable Industry, Surface Coating Industry စသဖြင့် Industry တွေပါဝင်မှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် Basic Electronic Industry Park က Electronic Production အားလုံးရဲ့ Sourse Industry အဖြစ်ပါဝင်မှာဖြစ်ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ Electronic Product Industry Complex မှာတော့စက်ရုံစုပေါင်း ၄၂ စုပါမှာပါ။ဒီနေရာမှာတော့ Control Electronic နှင့် ဆိုင်တဲ့စက်ရုံစု ၃ စု၊ Communication and Navigation Electronics နဲ့ဆိုင်တဲ့ စက်ရုံစု ၉ စု၊ Avionics နှင့်ဆိုင်တဲ့စက်ရုံစု ၅ စု၊ Marine Electronics နဲ့ဆိုင်တဲ့စက်ရုံစု ၉ စု၊ New Energy Electronics နဲ့ဆိုင်တဲ့စက်ရုံစု ၈ စု၊ Digital Instrument Electronics နှင့်ဆိုင်တဲ့စက်ရုံစု ၆ စု၊ IT Electronics နှင့်ဆိုင်တဲ့စက်ရုံစု ၂ စု၊ Textile Electronics နဲ့ဆိုင်တဲ့စက်ရုံစု ၂ စု၊ Modern Agriculture Electronics နှင့်ဆိုင်တဲ့စက်ရုံစု ၃ စု၊ House Hold Appliance Electronics နဲ့ဆိုင်တဲ့စက်ရုံစု ၂ စုတို့ပဲ ဖြစ်ပါတယ်။အဲဒီတော့ Basic Aviation and Aerospace Industry စက်ရုံစုတွေကို ဆက်ပြီးတင်ပြပါမယ်။ အဲဒီတော့ Air Fame Fabrication and Structuring Industry ,Aircraft Engine Production Industry, Aerospace Propulsion Industry, Rocket Fuel Processing Industry, Special Machining Industry, Micro Machining Industry, Special Material Processing Industry ကိုပါဝင်မှာပဲဖြစ်ပါတယ်။ ဒီလို Source Industries သို့မဟုတ် Mother Industries တွေထူထောင်တဲ့နေရာမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုအမြောက်အမြား လိုအပ်တာဟာမလွဲဧကန်ဖြစ်ပါတယ်။ နိုင်ငံခြားငွေရင်းနှီးမြှပ်နှံမှုလိုအပ်တာဖြစ်သကဲ့သို့ ပြည်တွင်း ငွေရင်းနှီးမြှပ်နှံမှု လည်းအများကြီးလိုအပ်ပါတယ်။ စက်ရုံတစ်ရုံရဲ့အရွယ်အစားပင်လျှင် (၃၄၈ m x ၃၀၀ m) တစ်နည်းအားဖြင့် ပေ (၁၁၄၈ ပေ x ၉၉၀ ပေ)၊ တစ်နည်းအားဖြင့်ဘောလုံးကွင်းရဲ့ ၁၅ ကွင်း စာအရွယ်အစားရှိပါတယ်။ အဲဒီတော့ စက်ရုံမှာရှိတဲ့ Over Head Crane တွေရဲ့ Maximum Lifting Capacity ကလည်းတန် ၄၅၀ ဖြစ်တဲ့အတွက် Steel Structure တွေရဲ့ခံနိုင်ဝန်အားဟာ တန်ချိန် ၁၀၀၀ ဖြစ်ပါတယ်။ ဒီကနေ့တံတား တစ်ခုဟာတန်ချိန် ၁၀၀ ထက်မပိုပါဘူး။ နောက်Heavy Industry Complex တစ်ခုတည်းမှာပင်လျှင်စက်ရုံ ၁၁ ရုံပါပြီးတော့ Over Head Crane ၃၃၀နဲ့ အလုပ်လုပ်ရမှာဖြစ်ပါတယ်။ ဒီ Master Planအရ Mechanical Industryမှာ Complex ၁၁ ခု၊ Electronic Industryမှာ Complex လေးခုနဲ့ Aviation Aerospace Industry Complex ၃ ခု မျှော်မှန်းထားတဲ့အတွက် လုပ်ငန်းပမာဏကို ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် ဒီရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတော်ရဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှု တစ်နည်းအားဖြင့် တစ်မျိုးသားလုံးနှင့်ဆိုင်တဲ့ အမျိုးသားရင်းနှီး မြှုပ်နှံမှု National Investment ပဲဖြစ်ပါတယ်။ အမျိုးသားကုန်ထုတ်လုပ်မှုကို အဆပေါင်းြမောက် မြားစွာတိုးတက်စေမယ့် Productive Sector ရဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ Productive Sector မှာတောင်မှ သာမန်စက်မှုထုတ်ကုန်လုပ်ငန်းမဟုတ်ဘဲနဲ့ စက်လိုင်းထုတ်လုပ်မှုဖြစ်တဲ့အတွက် ၎င်းက တစ်ဆင့်ဆင့်ပွားစက်မှုလုပ်ငန်းများဖြစ်ပေါ်စေနိုင်တဲ့ Synergetic Productive Paradigm ပုံစံ ဖြစ်ပါတယ်။ နောင်အနာဂတ်မှာ ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးအတွက် စက်ရုံနဲ့စက်လိုင်းတွေ၊ စက်မှုနဲ့ Electronic ကုန်ထုတ်လုပ်ငန်းတွေကို လုံလုံလောက်လောက် ထုတ်လုပ်တည်ဆောက်ပေးနိုင် မှာ ဖြစ်ပြီးတော့ ပြည်နယ်၊ ပြည်မမခွဲခြားဘဲ ဒေသအားလုံးမှာ စက်မှုလုပ်ငန်းများဟာ အများပိုင်နဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်းများအဖြစ် ပျံ့ပျံ့နှံ့နှံ့ရောက်ရှိစေပြီး မိမိဒေသရဲ့သဘာဝသယံဇာတများ၊ ပစ္စည်း သယံဇာတများနဲ့ လူသယံဇာတများကို အခွင့်အရေးတူညီမျှစွာ ထုတ်လုပ်နိုင်မယ့် အကျိုးကျေးဇူးရရှိ မှာဖြစ်ပါတယ်။ ဒီလိုတည်ဆောက်နိုင်ခြင်းအားဖြင့် တစ်မျိုးသားလုံးပါဝင်ဆောင်ရွက်တဲ့ အခွင့်အရေး ရှိတဲ့ အမျိုးသားစက်မှုကုန်ထုတ်လုပ်မှုဘဝ (National Industrialization Age) ကို ရောက်ရှိစေဖို့ အတွက် ရည်မှန်းဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ဒီကနေ့ လယ်ယာကဏ္ဍသည်လည်း စက်မှုလယ်ယာ စနစ်သို့ ဦးတည်လျက်ရှိတဲ့အတွက်ကြောင့်၊ ဒီကဏ္ဍကနေပိုလျှံလာမယ့် လူသားအရင်းအမြစ်တွေနဲ့ လက်ရှိအလုပ်အကိုင်အခွင့်အလမ်းကိုစောင့်မျှော်နေတဲ့ လူသားအရင်းအမြစ်အားလုံးကို စီမံကိန်းတည် ဆောက်တဲ့ကာလကစတင်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ်ဖော်ဆောင်ဖန်တီး ပေးနိုင်မှာဖြစ်ပါတယ်။ ထို့အပြင်မြန်မာနိုင်ငံရဲ့လက်ရှိစိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ ASEAN Accord အရ ၂၀၁၅ ခုနှစ်မှာ AFTA လို့ခေါ်တဲ့ လွတ်လပ်တဲ့အာဆီယံဈေးကွက် ပေါ်ထွန်းလာမှုအတွက်လည်း မိမိနိုင်ငံသားများအနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့တွန်းအားကို ပေးနိုင်မယ့်စွမ်းအားတစ်ရပ်ကိုဖြစ်ပေါ် နိုင်စေမှာဖြစ်ကြောင်းသုံးသပ်အပ်ပါတယ်။ ဒီနေရာမှာ Source Industries တွေထူထောင်ရာမှာ နောက်ထပ်အဓိက ဖြေရှင်းရမယ့် စိန်ခေါ်မှုတစ်ရပ်ရှိပါတယ်။ Source Industries ဟာ ၊ စက်ရုံတွေ၊ Capital တွေ၊ အရင်းအနှီးတွေ၊ Enginering Materials တွေကိုဖြေရှင်းပေးနိုင်ပေမယ့် မဖြေရှင်း ပေးနိုင်မယ့်ဟာကစွမ်းအင်ပဲဖြစ်ပါတယ်။ ဒီစက်ရုံတွေထူထောင်တဲ့နေရာမှာလည်းပဲ စွမ်းအင်လိုအပ်ချက် က အလွန်ကြီးမားပါတယ်။ ဒီလိုမြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို သုံးသပ်မယ်ဆိုရင်၊ အပူစွမ်းအင် Thermal Gnergy, လျှပ်စစ်စွမ်းအား Electric Power တို့ပဲဖြစ်ပါတယ်။ ဒီမြန်မာနိုင်ငံ စွမ်းအင်အရင်း အမြစ်ကိုလေ့လာသုံးသပ်ရင်လည်း အရင်းအမြစ်သုံးခုသာကြီးကြီးမားမားရှိပါတယ်။ ဒါကတော့ရေနံနဲ့ သဘာဝဓာတ်ငွေ့အရင်းအမြစ်၊ ကျောက်မီးသွေးအရင်းအမြစ်နဲ့ ရေအရင်းအမြစ်တို့ပဲဖြစ်ပါတယ်။ ကျောက်မီးသွေးအရင်းအမြစ်က တစ်စုတစ်စည်းတည်းမတည်ဘဲနဲ့ ပြန့်ကျဲနေတဲ့အတွက် အမျိုးသား အဆင့်ဆောင်ရွက်ဖို့ အခက်အခဲကန့်သတ်ချက်ရှိနေပါတယ်။ သဘာဝဓာတ်ငွေ့အရင်းအမြစ်ကလည်း ဖော်ထုတ်ရန် အရင်းအနှီးကြီးမားတဲ့ နည်းပညာမြင့်မားမှုတို့အတွက် ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကိုအခြေခံပြီး ဆောင်ရွက်နေရတဲ့အတွက်ကြောင့်၊ မိမိတို့ရရှိနိုင်တဲ့ဝေစု၊ ကန့်သတ်ချက်တွေရှိနေပါ တယ်။ ဒါကြောင့် ရေအရင်းအမြစ်ဟာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် တစ်မျိုးသားလုံး စက်မှုထွန်းကားရေးအတွက် တစ်နည်းအားဖြင့် စက်မှုနိုင်ငံတက်လှမ်းရေးအတွက် အန္တိမရည်မှန်းချက် အတွက် မလွဲမသွေစဉ်းစားရမယ့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့ ခံယူရမှာဖြစ်ပြီးတော့ လက်ရှိ၊ လက်တွေ့ ပကတိအခြေအနေနဲ့လည်း အကိုက်ညီဆုံးဖြစ်တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းပေါင်းများစွာရှိကြောင်း တင်ပြအပ်ပါတယ်။ ဒီနေရာမှာဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက် ပြီးတော့လည်း အကျဉ်းမျှတင်ပြပါမယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းဟာ၊ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈၀၀၀ ရမှာဖြစ်တဲ့အတွက်ကြောင့် ဒီစက်မှုဖွံ့ဖြိုးရေးအတွက်သော်လည်းကောင်း၊ နိုင်ငံတော် အတွက်သော်လည်းကောင်း အရေးပါတဲ့ စွမ်းအင်စီမံကိန်းတစ်ရပ် ဖြစ်ပါတယ်။ ဒီလျှပ်စစ်ဓာတ်အား ပမာဏဟာ မလေးရှားနိုင်ငံတစ်နိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားပမာဏနဲ့ တူညီပါတယ်။ မလေးရှား နိုင်ငံဟာ ဒီလို လျှပ်စစ်ဓာတ်အားပမာဏသုံးစွဲနိုင်တဲ့ အတွက်စက်မှုထွန်းကားပြီးတော့ ဖွံ့ဖြိုးမှုရှိနေတဲ့ သာဓကကို ချင့်ချိန်သုံးသပ်နိုင်ပါတယ်။ ဒီလျှပ်စစ်ဓာတ်အားပမာဏအတွက် နျူကလီးယားဓာတ် ပေါင်းဖိုတည်မယ်ဆိုရင်အခု ၂၀ တည်ရမှာဖြစ်ပါတယ်။ ဒီနျူကလီယား ဓာတ်ပေါင်းဖိုတစ်ခုရဲ့ ကုန်ကျစရိတ်က တစ်ဘီလီယံဖြစ်တဲ့အတွက်ကြောင့် ငွေကြေးအားဖြင့် ၂၀ ဘီလီယံလိုမှာဖြစ်ပါတယ်။ ဒီငွေကြေးပမာဏကို တတ်နိုင်တယ်ဆိုရင်တောင် တည်ဆောက်ဖို့အတွက် အချိန်နဲ့နိုင်ငံရေးဆိုင်ရာ ကန့်သတ်ချက်တွေများစွာရှိပါတယ်။ ဒီကနေ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေကို လုံခြုံရေးအရ ကမ္ဘာ ပေါ်မှာ ဖျက်သိမ်းဖို့စဉ်းစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ ဖူကူရှီမားမှာ ဖြစ်တဲ့ကိစ္စ၊ လတ်တလော ပြင်သစ်နိုင်ငံတောင်ပိုင်းမှာဖြစ်ခဲ့တဲ့ နျူကလီယားဓာတ်ပေါင်းဖိုကိစ္စတွေဟာ သင်ခန်းစာ ယူသင့်ပါတယ်။ ဂျာမဏီနိုင်ငံဟာ ၂၀၂၀ မှာ နျူကလီယားဓာတ်ပေါင်းဖို အားလုံးဖျက်သိမ်းပေးဖို့ အတွက်တောင် စဉ်းစားနေတဲ့အခြေအနေဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဓာတ်ကတော့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energy ဖြစ်တဲ့အတွက် ကမ္ဘာကလက်ခံကြိုဆိုတဲ့ Green Energy ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေရဲ့ ခုနစ်ရာခိုင်နှုန်းလောက်ကိုသာ အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် မြစ်ကြောင်းတိမ်ကောရေးအတွက် ပူပန်စရာမရှိဘဲနဲ့ စနစ်တကျတွက်ချက်ပြီးမှ ဆောင်ရွက်ခြင်းဖြစ်ပါ တယ်။ ဒီမြစ်ကြောင်းထိန်းသိမ်းရေးအတွက်လည်း သီးခြားအစီမံများရှိပြီးဖြစ်ပါတယ်။ သဘာဝ ထိန်းသိမ်းရေးကိုပါ တစ်ဆက်တစ်စပ်တည်းဆောင်ရွက်နိုင်ဖို့အတွက် သစ်တောရေးရာဝန်ကြီးဌာန ကိုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ခဲ့ပြီးဖြစ် ပါတယ်။ ဒါကြောင့်ဒီကနေ့ လူဦးရေ သန်း ၆၀ ခန့် ရှိပြီးတော့သဘာဝသယံဇာတနဲ့ စိုက်ပျိုးရေးကိုသာ လျှင် မှီခိုနေရတဲ့မိမိတို့ နိုင်ငံခေတ်မီရေး၊ စီပွားရေးအောင်မြင်မြင့်မားရေးအတွက် စက်မှုဖွံ့ဖြိုးရေးမှာ ရေအားလျှပ်စစ်စီမံကိန်းများလည်း မလွဲမသွေလိုအပ်တယ်ဆိုတာကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ ဒီအမျိုးသားစက်မှုဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည် ဖော်ဖို့အတွက် Plan Of Action ရေးဆွဲတဲ့နေရာမှာနိုင်ငံတကာရဲ့ ပကတိဖြစ်ထွန်းမှုနဲ့ စက်ရုံပေါင်း ၁၀၀ ကျော်လေ့လာပြီးမှနှစ်နဲ့ချီပြီး အချိန်ယူရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင်တပ်မတော် အစိုးရလက်ထက်ကစတင်ပြီးတော့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ငွေကြေးရင်းနှီးမှု၊ လူ့စွမ်းအားအ ရင်းအမြစ်ဖွံ့ဖြိုးမှု၊ တည်ထောင်မှုလုပ်ငန်းတွေကို ၁၀ စုနှစ်ရည်မှန်းချက်တွေထားပြီးတော့ ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ငွေအား၊ လူအားစိုက်ထုတ်ရုံသာမကဘဲ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့သော် လည်းကောင်း၊ နိုင်ငံတော်အနေနဲ့သော်လည်းကောင်း ကြီးမားသောအခက်အခဲတွေနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရမှာမလွဲဧကန်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ဟာ အနာဂတ် မြန်မာနိုင်ငံနဲ့ အနာဂတ်ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေအတွက် အလင်းရောင်ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ အဆင့်ရောက်ရှိရေးအတွက်လည်း မလွဲမသွေကျော်ဖြတ်ရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စီပွားရေးနဲ့လူမှုရေးဘဝများကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တယ်လို့ သုံးသပ်တင်ပြလိုပါတယ်။ မြန်မာ့အမျိုးသားစက်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဟာ အလွန်ကြီးမားကျယ်ပြန့် တဲ့ လုပ်ငန်းစဉ်ဖြစ်တာနဲ့အညီ ပါဝင်မှုကဏ္ဍအနေနဲ့ နိုင်ငံပိုင်ကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍ၊ အများပိုင်ကဏ္ဍ၊ ဖက်စပ်ပိုင်ကဏ္ဍနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍစသဖြင့် ကဏ္ဍအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပြီး တော့ပေါင်းစပ်ထိန်းညှိဆောင်ရွက်သွားရန်လိုအပ်ကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။ ဒီကနေ့ အာဆီယံဒေသအတွင်းနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့သည် ပင်လျှင် Vision 2020 ရည်မှန်းချက်နှင့် Industrialized Economy တက်လှမ်းနေတယ်ဆိုတာ ကျွန်တော်တို့ စာစောင်များ၊ သူတို့ Pan Flatများအရ လေ့လာတွေ့ရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ ယခုတင်ပြတဲ့ Plan Of Action နှင့်အညီ အမျိုးသားစက်မှုဖွံ့ဖြိုး ရေးရည်မှန်းချက်တွေကို မြဲမြံတဲ့သိန္နိဋ္ဌာန်စိတ်နဲ့ အောင်မြင်တဲ့အထိ မမှိတ်မသုန်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဒီမြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဌာနရဲ့ရည်မှန်းချက်ဟာ Mother Industry သို့မဟုတ် Capital Good Industry လို့ ကျွန်တော်တို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီစက်ရုံ များဟာ နည်းပညာဖွံ့ဖြိုးမှုခေတ်နောက်ကျနေပြီး ငွေကြေးအရင်းအနှီး၊ စက်အရင်းအနှီးများအတွက် လမ်းစပျောက်နေတဲ့ ပုဂ္ဂလိကပိုင်နဲ့အများပိုင် စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အဓိကရည်ရွယ် ပြီးဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စက်မှုနိုင်ငံအဖြစ် တက်လှမ်းနိုင်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့ နည်းပညာဖွံ့ဖြိုးမှုလိုအပ်ချက်၊ စက်အရင်းအနှီးလိုအပ်ချက်၊ စွမ်းအင်လိုအပ် ချက်နှင့် စက်မှုကုန်ကြမ်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တစ်မျိုး သားလုံးပါဝင်တဲ့ စက်မှုနိုင်ငံဖြစ်ထွန်းရေး လမ်းကြောင်းဆီကိုဦးတည်ပြီးတော့ ဒီကနေတစ်ဆင့် ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ထွန်းရေးကို ရည်မှန်းချက်ထားဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တစ်ဖက်မှာ မိမိနိုင်ငံမှာ အခွင့်အလမ်းနည်းပါးမှုကြောင့် လူမှုဘဝကို စွန့်လွှတ်အနစ်နာခံပြီးတော့ တခြားသော နိုင်ငံများမှာ သွားရောက်လုပ်ကိုင်နေရတဲ့ အင်ဂျင်နီယာတွေ၊ အတတ်ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ စီမံခန့်ခွဲသူတွေ၊ ကျွမ်းကျင်အလုပ်သမားတွေ၊ သာမန်အလုပ်သမားတွေ ပါဝင်တဲ့ လူတန်းစားအားလုံးအတွက် မိမိနိုင်ငံမှာပင် ကြီးမားကျယ်ပြန့်သော အလုပ်အကိုင်အခွင့် အလမ်းများကို စဉ်ဆက်မပြတ်ဖြစ်ထွန်းစေကာ အိုးမကွာ၊ အိမ်မကွာအလုပ်လုပ်နိုင်တဲ့ အခွင့်အရေးနဲ့ မိမိနိုင်ငံ အတွက်အလုပ်လုပ်နိုင်တဲ့အခွင့်အရေး၊ မိမိအကျိုးသာမက နိုင်ငံံ့အကျိုးကိုသယ်ပိုးနိုင်တဲ့ အခွင့်အရေး၊ မိမိသဘာဝသယံဇာတများကို ပြည်ပနိုင်ငံကိုအားကိုးရန်မလိုဘဲနဲ့ မိမိအစွမ်းနဲ့ ဖော်ထုတ်သုံးစွဲနိုင်တဲ့ အခွင့်အလမ်း၊ အတ္တ၊ ပရ အကျိုးကျေးဇူးနှစ်ရပ်စလုံးကို ရရှိစေပြီးတော့ နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အန္တိမရည်မှန်းချက် အဖြစ်ထားရှိကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖြေကြားပါသည်။
