(ဂ)-ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ ရဒေသအတွင်း ကျေးရွာများ မီးလင်းနိုင်စေရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၃.၃.၂၀၁၃)

 

ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဟာ ခေတ်အဆက်ဆက်စဉ်ဆက်မပြတ် တည်ငြိမ်အေးချမ်းသော အဖြူရောင်နယ်မြေဖြစ် ပါတယ်။ ဒေသတွင်းနေ ဓနုလူမျိုးများအပါအဝင် တိုင်းရင်းသားများအားလုံးဟာလည်း မိရိုးဖလာ တောင်ယာလုပ်ငန်းများအပါအဝင် သမရိုးကျစိုက်ပျိုးရေးကိုသာ အဓိကထား၍ အသက်မွေး ဝမ်းကျောင်းပြုကြသူများဖြစ်ပါတယ်။ သို့ဖြစ်သည့်အားလျော်စွာ ဓနုဒေသအတွင်းမှာ ချမ်းသာသူဟူ၍ မရှိသလောက်ရှားပါးပါတယ်။ ၉၀ ရာခိုင်နှုန်းခန့်သော လူဦးရေမှာ နေ့လုပ်နေ့စား ဆင်းရဲနွမ်းပါး သူများဖြစ်ကြပါတယ်။ နိုင်ငံတော်မှ ဓနုဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၁၆ ကေဗွီဓာတ်အား လိုင်းကို ကလောဓာတ်အားခွဲရုံမှ ပေးနေတာမျိုးအထိလည်းကောင်း၊ ၃၃ ကေဗွီဓာတ်အားလိုင်းကို ပင်းတယမြို့မှ ရွာငံမြို့အထိလည်းကောင်းသွယ်တန်းပေးခဲ့ရာ ယခုအခါပြီးစီးသလောက် ဖြစ်နေပြီ ဖြစ်နေပါတယ်။ နိုင်ငံတော်ဓာတ်အားလိုင်းမှ ယခုကဲ့သို့ ဖြန့်ဝေပေးသည့်အတွက်လည်း ဒေသခံ ပြည်သူများအနေဖြင့် စိုက်ထူထားသော ဓာတ်မီးတိုင်များကိုကြည့်ပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်လာ တော့မည့် အခြေအနေကိုတွေးမိပြီး ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြပါတယ်။ နိုင်ငံတော်အားလည်း ကျေးဇူးတင်မဆုံးဖြစ်လျက်ရှိကြပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၃၃ ကေဗွီ ဓာတ်အားလိုင်းမှတဖန် မိမိတို့ကျေးရွာအသီးသီးသို့ ဓာတ်အားရောက်ရှိရေးအတွက်မှာမူ ဆင်းရဲနွမ်းပါးသူများဖြစ်ကြသည့် ဒေသဖြစ်သည့်အလျောက် ကိုယ်ထူကိုယ်ထဖြစ်နိုင်စွမ်းမရှိကြပါ။ ဓာတ်မီးတိုင်များအောက်တွင် မရှူနိုင်၊ မရှိုက်နိုင်ရင်မောနေကြရပါတယ်။ သို့ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာ များ လျှပ်စစ်ဓာတ်အားရရှိအသုံးပြုစေရေးအတွက် (၁) နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ။ (၂) ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ဥပမာ ဂျပန်နိုင်ငံ JICA ကဲ့သို့ အဖွဲ့အစည်း များ၏ အထောက်အပံ့အဖြစ်လည်းကောင်း သို့မဟုတ်ပါက ၎င်းအဖွဲ့အစည်းများထံမှ နှစ်ရှည်ချေးငွေ များကို အတိုးနည်းနည်းဖြင့်ချေးငှားရယူ၍လည်းကောင်း အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့်အစီအစဉ်ရှိ၊ မရှိ။ (၃) နိုင်ငံတော်မှ နှစ်ရှည်ချေးငွေများကို အတိုးနည်းနည်းဖြင့် ချေးငှားပေးပြီးနောက်မှ အရစ်ကျပြန်လည်ပေးဆပ်နိုင်သည့်စနစ်ဖြင့် ဆောင်ရွက် ပေးနိုင်သည့် အစီအစဉ် ရှိ၊ မရှိ။ (၄) ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များအား BOT စနစ်ဖြင့် ဆောင်ရွက်စေရန် အစီအစဉ်ရှိ၊မရှိ။ (၅) အကယ်၍ အထက်ပါအစီအစဉ်များနှင့်ပတ်သက်၍ မရှိသေးပါဟုဆိုပါက ဓနုဒေသအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဓနုဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်မှ မည်သို့မည်ပုံဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို သိလိုပါသဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များမှာ ဆင်းရဲမှုလျှော့ချရေးအတွက် ဂျပန်နိုင်ငံအစိုးရမှ ပေးအပ်မည့် တရားဝင်ဖွံ့ဖြိုးမှုအကူအညီချေးငွေ (Official Development Assistant Loan) ရယူမည့်အစီအစဉ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ ၁၆ ရွာကို ဓာတ်အားပေးရန် ထည့်သွင်းဆွေးနွေးထားပါတယ်။ ၎င်းလုပ်ငန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းမှာ ကျေးရွာများကို လျှပ်စစ်ဓာတ်အားရရှိစေရန် ဒီဇယ်ဓာတ်အားပေးစက်များဝယ်ယူခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ဗို့ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ထည့်သွင်း ထားပါတယ်။ ချေးငွေရရှိသည်နှင့်တစ်ပြိုက်နက် အမြန်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

          အဆိုပါ တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေ (Official Development Assistant Loan, ODA Loan) သည်နှစ်ရှည်ချေးငွေ ဖြစ်ပြီး အတိုးနည်းနည်းဖြင့်  ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင် နှစ်ရှည်ပြန်လည်ပေးဆပ်သွားရမှာဖြစ်ပါတယ်။ တတိယမေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ပင်းတယဒေသတွင် ၆၆/၁၁ ကေဗှီ၊ ၅ အမ်ဗွီအေ ပင်းတယ ဓာတ်အားခွဲရုံ ကိုတည်ဆောက်ပြီး ၁၁ ကေဗွီ ဓာတ်အားလိုင်းများတည်ဆောက်ပြီး၍ ကျုံးကျေးရွာ၊ ပွေးလှကျေးရွာ များမှာ လျှပ်စစ်ဓာတ်အားရောက်ရှိ အသုံးပြုလျက်ရှိနေပြီဖြစ်ပါတယ်။ ယင်းဒေသမှာ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များက BOT ကဲ့သို့ စနစ်မျိုး ဖြင့်ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ရန် ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်း ရင်းနှီးမြှုပ်နှံ မှုများဆောင်ရွက်ပြုလုပ်နိုင်ကြောင်း ဖိတ်ခေါ်ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံလိုသူများ ကမ်းလှမ်းလာပါက တိုင်းဒေသကြီး၊ ပြည်နယ်ဒေသအာဏာ ပိုင်များနှင့် ဒေသခံပြည်သူများ ညှိနှိုင်းဆွေးနွေးသဘောတူညီမှုရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ ဆောင်ရွက်သွားနိုင်ပါတယ်။

          ကျေးရွာများအနေဖြင့် အထက်ပါနည်းလမ်းများအပြင် လျှပ်စစ်ဓာတ်အားကိုဆောလျင်စွာ အသုံးပြုလိုပါက ကျေးရွာမီးလင်းရေးအတွက် အခြားသောကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ကြတဲ့ ကျေးရွာများနည်းတူ ဒေသအာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် ပြည်သူလူထု၏ သဘောတူညီချက်ရရှိ ပါက ခိုင်ခိုင်မာမာဖွဲ့စည်းထားသော ကိုယ့်အားကိုယ်ကိုးမီးလင်းရေးကော်မတီဖွဲ့စည်းပြီး လျှောက်ထား ရန်လိုအပ်ပါတယ်။ ကျေးရွာမီးလင်းရေးကော်မတီအနေဖြင့် မီးလင်းရေးလုပ်ငန်းများကို ကြိုတင် ဆောင်ရွက်ထားနိုင်ရေးအတွက် အနည်းဆုံး ၂ နှစ်စီမံချက် သို့မဟုတ် ၄ နှစ်စီမံချက်ချပြီး ဆောင်ရွက် ထားရန်လိုအပ်ပါတယ်။ ပထမနှစ်မှာ တိုင်ထူခြင်း၊ ဒုတိယနှစ်မှာ တန်းတွေ၊ ကြွေသီးတွေ တပ်ဆင်ခြင်း၊ ကြိုးများသွယ်တန်းခြင်းလုပ်ငန်းနှင့် တတိယနှစ်မှာ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ စတုတ္ထနှစ်မှာ မီးဆက်သွယ်ခြင်း၊ မီးလင်းခြင်းလုပ်ငန်းဟူ၍ စီမံချက်ချဆောင်ရွက်သွားနိုင်ပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မူဘောင်သတ်မှတ် ချက်များနှင့်အညီ ခွင့်ပြုပေးသွားမှာဖြစ်ပြီး လိုအပ်သောနည်းပညာများကိုလည်း ကူညီပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။