(က)-ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၄-၈-၂၀၁၁)

နယ်စပ်ဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူငယ်များအတွင်း အသိပညာရှင်၊ အတတ်ပညာရှင် များမွေးထုတ်ပေးနိုင်ရေးအတွက် ၁၇-၅-၉၉ ရက်နေ့မှာ နိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၁/၉၉) အရ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကိုဖွဲ့စည်းကာ ပြည်ထောင်စု တိုင်းရင်းသားများ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကို မန္တလေးမြို့နှင့်ရန်ကုန်မြို့တို့မှာ ဖွင့်လှစ်ခဲ့ ကြောင်းသိရှိရပါတယ်။ အဆိုပါကျောင်းတွေမှာ နယ်စပ်ဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသား လူငယ်များမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား စိစစ်ရွေးချယ်ရေးအဖွဲ့ကရွေးချယ်ပြီး တက်ရောက်ခွင့်ပြုနေတာလည်းသိရပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ် ပညာသင်နှစ်အထိ ကျောင်းဆင်း သင်တန်းသူ/ သင်တန်းသား ပေါင်း ၁၅၁၃ ဦးကိုလည်း မွေးထုတ်ပေးပြီး ဝန်ကြီးဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်စေကြောင်း လည်းသိရှိရပါတယ်။ အဆိုပါသင်တန်းကျောင်းမှ သင်တန်းဆင်း ကျောင်းသူ/ကျောင်းသားများဟာ အမှန်တကယ်ဖွံ့ဖြိုးမှုနည်းပါးသော နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသားလူငယ်များဖြစ်ပါသလား။ နယ်စပ်ဒေသအသီးသီးမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ တိုင်းရင်းသားများကို ယင်းကျောင်းသို့ မည်ကဲ့သို့သောသတ်မှတ်ချက်စံနှုန်းများဖြင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်သည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် သင်တန်းဆင်းကျောင်းသားများဟာ ဖွံ့ဖြိုးမှုနည်းပါးသော နယ်စပ်ဒေသမှတိုင်းရင်းသား လူငယ်များဖြစ်ပါ သလားဆိုတဲ့မေးခွန်းကို ဖြေကြားပါမယ်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့နေရာမှာ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံ များဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရတဲ့နည်းတူပဲ Sustainable Development လို့ခေါ်ဆိုတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုရရှိဖို့အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးဖို့ လည်းမလွဲမသွေလိုအပ်တာဖြစ်ပါတယ်။ မိမိတို့ဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက်နဲ့ စွမ်းစွမ်းတမံရေရှည်ဆောင်ရွက်သွားကြမယ့် စွမ်းရည်ပြည့်ဝတဲ့ တိုင်းရင်းသားအသိပညာရှင်တွေ၊ အတတ် ပညာရှင်တွေပြုစုပျိုးထောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ လက်အောက်မှာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် မန္တလေး)တို့ကို ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါကောလိပ်တွေမှာ သင်တန်းသားများအဖြစ် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့ နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူငယ်များကို ဦးစားပေးပြီးတော့ အရည်အချင်း သတ်မှတ်ချက်နဲ့ ကိုက်ညီသူများကို ရွေးချယ်တက်ရောက်စေလျက်ရှိပါတယ်။ ၂၀၀၁-၂၀၀၂ ခု ပညာသင်နှစ်ကနေ ၂၀၁၀-၂၀၁၁ခု ပညာသင်နှစ်အထိ ဘွဲ့ရကျောင်းသားဦးရေစုစုပေါင်း ၁၇၈၀ ဦး လေ့ကျင့်သင်ကြားပေးခဲ့ရာမှာ တိုင်းရင်းသားလူငယ်အသီးသီးပါဝင်မှုကို လူမျိုးအက္ခရာစဉ်လိုက် တင်ပြ ရမယ်ဆိုရင် ကချင်တိုင်းရင်းသား ၄၃ ဦး၊ ကဒူးတိုင်းရင်းသားလေးဦး၊ ကနန်းတိုင်းရင်းသား ၁၃ ဦး၊ ကယားတိုင်းရင်းသား ၉၇ ဦး၊ ကယန်းတိုင်းရင်းသား ၉၈ ဦး၊ ကရင်တိုင်းရင်းသား ၁၃၉ ဦး၊ ကိုးကန့် တိုင်းရင်းသားတစ်ဦး၊ ချင်းတိုင်းရင်းသား ၂၆၀ ဦး၊ ခမီတိုင်းရင်းသား ၃၇ ဦး၊ ခူမီးတိုင်းရင်းသား ၂၂ ဦး၊  ဂျိမ်းဖောတိုင်းရင်းသားတစ်ဦး၊ ဂေဘားတိုင်းရင်းသားတစ်ဦး၊ တောင်ရိုးတိုင်းရင်းသားတစ်ဦး၊ တောင်သား တိုင်းရင်းသားငါးဦး၊ ထားဝယ်တိုင်းရင်းသားတစ်ဦး၊ ဒိုင်းနက်တိုင်းရင်းသားသုံးဦး၊ ဓနုတိုင်းရင်းသား ၄၉ ဦး၊ နာဂတိုင်းရင်းသား ၁၀၆ ဦး၊ ပလောင် တိုင်းရင်းသား ၁၅၁ ဦး၊ ပအိုဝ့်တိုင်းရင်းသား ၁၀၆ ဦး၊ ပဒေါင်တိုင်းရင်းသား ငါးဦး၊ မွန်တိုင်းရင်းသား ၁၁၁ ဦး၊ မြိုတိုင်းရင်းသား ခုနှစ်ဦး၊ မြောင်ဇီး တိုင်းရင်းသား သုံးဦး၊ ရခိုင်တိုင်းရင်းသား ၉၉ ဦး၊ ရဝမ်တိုင်းရင်းသား တစ်ဦး၊ ရှမ်းတိုင်းရင်းသား         ၂၇၉ ဦး၊ လီဆူးတိုင်းရင်းသား သုံးဦး၊ လားဟူတိုင်းရင်းသား ကိုးဦး၊ လီရှောတိုင်းရင်းသား နှစ်ဦး၊ သက်တိုင်းရင်းသား ၁၄ ဦး၊ ‘ဝ’တိုင်းရင်းသား ၂၂ ဦး၊ အခါတိုင်းရင်းသား ၄၁ ဦးနှင့် အင်းသား တိုင်းရင်းသား ၄၆ ဦး ဖြစ်ပါတယ်။ စုစုပေါင်း တိုင်းရင်းသားလူမျိုး ၃၄ မျိုးနဲ့ သင်တန်းသား ၁၇၈၀ဦး ဖြစ်ပါတယ်။ အလားတူပဲ ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်မှာလည်း သင်တန်းသား ၁၂၈၉ ဦး တက်ရောက်သင်ကြားစေခဲ့ရာမှာ စုစုပေါင်းတိုင်းရင်းသားလူမျိုး ၃၈ မျိုးနဲ့ သင်တန်းသား ၁၂၈၉ ဦး သင်ကြားပေးလျက်ရှိပါတယ်။ အဆိုပါတိုင်းရင်းသားလူငယ်များအနက် ဝိဇ္ဇာဘွဲ့ ၄၃၉ ဦး၊ သိပ္ပံဘွဲ့၈၁၅ ဦး၊ AGTI Diploma ၅၂၆ ဦး၊ စုစုပေါင်း ၁၇၈၀ ဦး ဘွဲ့အသီးသီးရခဲ့တဲ့အပြင် ၎င်းတို့အနက်မှ ပညာရေးထူးချွန်ပြီးတော့ အဆင့်မီတဲ့သူတွေကို အဆင့်မြင့်ပညာများဆက်လက် ဆည်းပူးစေခဲ့ရာမှာ အင်ဂျင်နီယာဘွဲ့၁၁၇ ဦး၊ နည်းပညာဘွဲ့ ၁၈၂ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၅၆ ဦး၊ မဟာသိပ္ပံဘွဲ့ ၈၀ ဦးနဲ့ မဟာအင်ဂျင်နီယာဘွဲ့ ၁၄ ဦး၊ မဟာသုတေသနဘွဲ့ ၃၇ ဦး ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါဘွဲ့ရကျောင်းသားများဟာ ယခုအခါမှာ ဝန်ကြီးဌာနအသီးသီးနဲ့ မိမိတို့ရဲ့ ဇာတိရပ်မြေ အသီးသီးမှာ နိုင်ငံ့တာဝန်တွေနဲ့ ဒေသဖွံ့ဖြိုးရေးတာဝန်အသီးသီးကို ထမ်းဆောင်နေ ကြပြီဖြစ်ပါတယ်။         ဒုတိယမေးခွန်းဖြစ်တဲ့ မည်ကဲ့သို့သော သတ်မှတ်ချက်စံနှုန်းများဖြင့် ရွေးချယ်ပါသနည်း ဆိုတာကို ဆက်လက်ဖြေကြားမှာဖြစ်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ အဓိကအချက်နှစ်ချက်ကို ဦးစားပေးပြီး ရွေးချယ်ပါတယ်။ ပထမအချက်ကတော့ ဝေးလံခေါင်းပါးပြီး ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဒေသမှ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ တိုင်းရင်းသားလူငယ်များဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျောင်း၂၉ ကျောင်းရှိပါတယ်။ အဆိုပါကျောင်းများ မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ တိုင်းရင်းသားလူငယ်များဖြစ်ပါတယ်။ ၎င်းတို့ရဲ့အရည်အချင်း သတ်မှတ်ချက်များမှာတော့ -

(က)    နယ်စပ်ဒေသတွင်နေထိုင်သော ပြည်ထောင်စုတိုင်းရင်းသားဖြစ်၍ ရိုးရာဘာသာ စကားကို တတ်ကျွမ်းရမည်။

(ခ)     တက္ကသိုလ်ဝင်တန်း အောင်မြင်သူဖြစ်ပြီး ပညာသင်နှစ်၏ ဇွန်လ ၃၀  ရက်နေ့တွင် အသက် ၂၀ အထက် မကျော်လွန်စေရ။

(ဂ)     အိမ်ထောင်မရှိသူ(လူပျို)ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသူ ဖြစ်ရမည်။

(ဃ)    အဝေးသင်တက္ကသိုလ်အပါအဝင် အခြားတက္ကသိုလ်များတွင် တစ်ပြိုင်နက်တည်း ပညာ ဆည်းပူးနေသူမဖြစ်စေရ။

(င)     စိစစ်ရွေးချယ်ရေးအဖွဲ့၏လူတွေ့စစ်ဆေးခြင်းကို ခံယူရမည်။

(စ)     ကျန်းမာရေးဆေးစစ်၍ အောင်မြင်သူဖြစ်ရမည် ဆိုတဲ့အချက်များပဲ ဖြစ်ပါတယ်။

သင်တန်းသားများရွေးချယ်ရာမှာ ဘက်လိုက်မှုမရှိစေရန်နှင့် ကျောသားရင်သားမခွဲခြားဘဲ မျှမျှတတ ရွေးချယ်စေရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့နဲ့ စနစ်တကျရွေးချယ် ဆောင်ရွက်လျက်ရှိပါတယ်။ ယခု ၂၀၁၁ -၂၀၁၂ ပညာသင်နှစ်မှာလည်း ဝိဇ္ဇာ/သိပ္ပံဘွဲ့ ကျောင်းသား ၂၀၀ ဦးနှင့် အင်ဂျင်နီယာသိပ္ပံကျောင်းသား       ၂၀၀ ဦးအထိ တိုးမြှင့်လက်ခံသင်ကြားရန် စီမံထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။