(ဃ)-စိုက်ပျိုးရေ အပြည့်အဝ ပေးနိုင်ခြင်းမရှိသော လျှပ်စစ်မြစ်ရေတင် စီမံကိန်းများရှိပါသလား၊ ရှိပါက မည်ကဲ့သို့ ဆက်လက်ပြုပြင် ဆောင်ရွက်သွားမည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ (၂၅.၆.၂၀၁၃)

စိုက်ပျိုးရေအပြည့်အဝ ပေးနိုင်ခြင်းမရှိသော လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ ရှိပါသလား၊ ရှိပါက မည်ကဲ့သို့ဆက်လက်ပြုပြင်ဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းအား ဦးသောင်းဟန် (ယင်းမာပင်မဲဆန္ဒနယ်)မှ မေးမြန်းရာတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ရေတင်ပက်မောင်းနှင်ချိန်များတွင် လျှပ်စစ်ဓာတ် အားပုံမှန်ဖြန့်ဖြူးပေးခြင်းများ လျှော့ချခြင်း၊ ဖြတ်တောက်မှုများပြုလုပ်ပြီး  ဓာတ်အား ပြည့် ပို့လွှတ်နိုင်အောင် ဆောင်ရွက်ခဲ့ကြတဲ့အတွက် လျှပ်စစ်ဓာတ်အားဖြတ်တောက်ခံရတဲ့ လုပ်ငန်းရှင် များ၊ ဓာတ်အားသုံးပြည်သူများ မကျေနပ်မှုနဲ့ စိတ်ညစ်ညူးမှုများ ရှိနေသည်ကို ကြုံတွေ့နေရပါကြောင်း၊ ထိုပြင် လျှပ်စစ်ဗို့အား မပြည့်မီ၍သော်လည်းကောင်း၊ ဓာတ်အားလုံးဝ ပြတ်တောက်၍ လည်းကောင်း တောင်သူများ ရေရရှိရေး အစီအစဉ်များ ကမောက်ကမဖြစ်ပြီး အချိန်ကုန်သည်သာမက လုပ်ငန်းအစီအမံများ ပျက်ပြီး စိတ်ညစ်ညူးခဲ့ကြရသည်များလည်း ကြုံတွေ့နေရပါကြောင်း၊ ထို့အတွက်ကြောင့် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်သည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ၏ စီမံကိန်းတစ်ခုချင်း အလိုက် အသုံးပြုရန်လိုအပ်သော လျှပ်စစ်ဓာတ်အားများအပြည့်အဝ မရရှိသဖြင့် မူလမြစ်ရေ တင်စီမံကိန်း၏ မူလရည်မှန်းချက်သီးနှံ ပုံစံအရ စိုက်ပျိုးရေအပြည့်အဝ ပေးဝေနိုင်ခြင်းမရှိသည့် လျှပ်စစ် မြစ်ရေတင်စီမံကိန်းများ ရှိ/မရှိ သိရှိလိုပါကြောင်း၊ ရှိပါက ယင်းစီမံကိန်းများအား မည်ကဲ့သို့ဆက်လက်ပြုပြင် ဆောင်ရွက်သွားမည်ကို စီမံကိန်းတစ်ခုချင်းအလိုက် သိရှိလိုပါကြောင်း မေးမြန်းသွားပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနမှ ဆောင်ရွက်ပြီး၊ဆောင်ရွက်ဆဲ မြစ်ရေတင်စီမံကိန်းလုပ်ငန်း ၃၆၇ ခု၊ အကျိုးပြုဧက ၇၄၂၄၈၆ ဧကအနက် ဆောင်ရွက်ပြီး ၃၂၇ ခု၊ အကျိုးပြုဧက ၄၉၆၉၀၅ နှင့် ဆောင်ရွက်ဆဲ ၄၀ ခု၊ အကျိုးပြုဧက ၂၄၅၅၈၁ ခုရှိခဲ့ပါတယ်။ ဆောင်ရွက်ပြီး မြစ်ရေတင်လုပ်ငန်း ၃၂၇ ခုမှာ လျှပ်စစ်ရေတင်လုပ်ငန်း ၁၃၉ ခု၊ အကျိုးပြုဧက ၃၈၅၅၇၀ ပါဝင်ပြီး ကျန် ၁၈၈ ခု၊ အကျိုးပြုဧက ၁၁၁၃၃၅ မှာ ဒီဇယ်ရေတင်လုပ်ငန်းများဖြစ်ပါတယ်။ မြစ်ရေတင်လုပ်ငန်းများ မစတင်မီကပင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ကြိုတင်ညှိနှိုင်းပြီးမှဆောင် ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ လုပ်ငန်းအသီးသီးမှာ လျှပ်စစ်ဓာတ်အားရရှိမှုအခြေအနေမှာအချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် လုပ်ငန်းတစ်ခုချင်းစီအတွက် အတိအကျရှင်းလင်းဖြေကြား‌ရန်အတွက် ကျွန်တော် တို့အခက်အခဲရှိနိုင်ပါတယ်။ လက်ရှိဆောင်ရွက်ပြီး လျှပ်စစ်မြစ်ရေတင် ၁၃၉ ခုအတွက် လျှပ်စစ်        ဓာတ်အားလိုအပ်ချက်မှာ ၂၉၁.၅၁ အမ်ဗွီအေဖြစ်သော်လည်း ၂၀၁၂-၂၀၁၃ ခုနှစ်မှာ အမှန်ရရှိမှုမှာ ၁၄၀.၄၅ အမ်ဗွီအေ၊ ၄၈ ရာခိုင်နှုန်းနှင့် အမှန်ရေပေးစိုက်ဧကမှာ ၈၉၆၇၀ ဧက ဖြစ်ပါတယ်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ပြီး လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ၁၆ ခု၊ အကျိုးပြု ဧက ၁၀၂၅၂၀ ဧကရှိပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၆၀.၃၇ အမ်ဗွီအေဖြစ်ရာ အမှန်ရရှိမှုမှာ ၂၇.၆၂ အမ်ဗွီအေ ၄၅ ရာခိုင်နှုန်းနှင့် အမှန်ရေပေးဧကမှာ ၁၆၃၃၀ ဧက ၁၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားရရှိမှုအရ ရေပေးဧက အချိုးညီစွာမရရှိခြင်းမှာ ရေတင်အဆင့်များလွန်းခြင်း၊ ရေလို အပ်ချက်များသော စပါးသီးနှံဦးစားပေး စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အား တစ်ဆက်တစ်စပ်တည်းရရှိ ရန်နှင့်ဗို့အားအပြည့်အဝ ရရှိရန်လိုအပ်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ လက်ရှိလျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီး မြစ်ရေတင်လုပ်ငန်းများသည် ရေတင်အဆင့်များသောလုပ်ငန်းများဖြစ်၍ ရေလိုအပ် ချက်များသော စပါးကဲ့သို့ သီးနှံများအား မြောင်းရင်းများနှင့် ရေတင်အဆင့် (၁)နှင့် (၂) တို့တွင်သာ စိုက်ပျိုးစေခြင်း၊ မြောင်းဖျားနှင့် အခြားရေတင်အဆင့်များတွင် ရေလိုအပ်ချက်နည်းတဲ့ ယာသီးနှံများ ကို ပြောင်းလဲစိုက်ပျိုးစေခြင်း၊ မူလစီမံကိန်းရည်မှန်းချက်မှာမပါဝင်တဲ့ ကျေးရွာလူထုနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များသောက်သုံးရေရရှိရေးအတွက် ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ရရှိသောလျှပ်စစ် ဓာတ်အားကို အကျိုးရှိစွာ အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြား ဖြေကြားပါသည်။