ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းရှိ သနပ်ပင်မြို့နယ်နယ်စပ်တွင်တည်ရှိသည့် ရစ်ကန်ကြီး-ပင်ကလောင်-သုံးခွလမ်းဟာ အရှည် ၉ မိုင် ၂ ဖာလုံရှိပါတယ်။ အဲ့ဒီလမ်းဟာ ရှိပြီးလမ်းဖြစ်ပြီးတော့ အခုအခါမှာလုံးဝပျက်စီးနေပါတယ်။ အဆိုပါလမ်းကို ကျေးရွာ ၁၅ ရွာ မှီခိုအားထားရပြီးတော့ အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူများဟာ ရစ်ကန်ကြီးကျေးရွာရှိ အထက်တန်း ကျောင်းသို့ မိုးတွင်းကာလတွင် ကားလမ်းသွား၍မရသဖြင့် အခက်အခဲများစွာရှိပါသဖြင့် ပြုပြင် တည်ဆောက်ခြင်းအား ပထမဦးစွာ မြေသားလမ်းကောင်းမွန်အောင်ပြုပြင်ပေးရန်နှင့် လိုအပ်သည့် နေရာများတွင် တံတားငယ်များတည်ဆောက်ပေးပါရန်၊ မြေသားလမ်းပြုပြင်ပြီးပါက ဂဝံလမ်းအဖြစ် ခင်းပေးရေးဆောင်ရွက်ပေးပါရန် မေးမြန်းပါသည်။
ရစ်ကန်ကြီး-ပင်ကလောင်-သုံးခွ မြေသားလမ်းပြုပြင်ပေးပါက ဂဝံလမ်းအဖြစ်ခင်းပေးရေးမေးမြန်းချက်ကို ရှင်းလင်းသွားမှာဖြစ်ပါ တယ်။ ပဲခူးတိုင်းဒေသကြီး ရစ်ကန်ကြီး-ပင်ကလောင်-သုံးခွလမ်းဟာ အရှည် ၁၀ မိုင်ရှိပြီးတော့ ဂဝံ ၁ ဖာလုံနှင့် မြေသားလမ်း ၉ မိုင် ၇ ဖာလုံရှိပြီးတော့ ကျေးရွာ ၈ ရွာကနေမှ လူဦးရေပေါင်း ၂၃၀၀၀ ကျော်ကိုအကျိုးပြုလျက်ရှိပါတယ်။ ရစ်ကန်ကြီး-ပင်ကလောင်-သုံးခွလမ်း ၉ မိုင် ၇ ဖာလုံကို စံချိန် စံညွှန်းနှင့်အညီ မြေသားလမ်းဖောက်လုပ်ပေးမည်ဆိုပါက ကျပ် ၁၁၀.၇၃ သန်းနှင့် အရှည် ၁၀ မိုင် ဂဝံလမ်းခင်းမည်ဆိုပါကကျပ် ၄၇၀ သန်းကုန်ကျမှာဖြစ်တဲ့အတွက် စုစုပေါင်းကျပ်သန်းပေါင်း ၅၈၀.၇၃ သန်း လိုအပ်ကြောင်းတွေ့ရှိရပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ရန်ပုံငွေမှာ ၄၃.၂၀၆ သန်းနဲ့ မြေသားလမ်း ၃ မိုင် ၇ ဖာလုံ ဆောင်ရွက်ရန်လျာထားပြီးဖြစ်ပါတယ်။ ကျန်မြေသားလမ်း ၆ မိုင်အတွက်လည်းပဲ ကျပ်ငွေ ၆၇.၅၂၄ သန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာလျာထားပြီးဖြစ်ပါတယ်။ ဂဝံလမ်း ခင်းခြင်းအတွက် ကိုတော့ ကျပ်ငွေ ၄၇၀.၀၀ သန်းကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေမှာ ထည့်သွင်းတောင်းခံ လျာထားပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
