နိုင်ငံတိုင်းသည် တက္ကသိုလ် များ၊ သိပ္ပံကျောင်းများသာ ထူထောင်ခြင်းမျိုးမဟုတ်ဘဲ နည်းပညာပိုင်းအလိုက် ပိုမို၍တိုးတက်မြင့်မားရန် သုတေသနသိပ္ပံကျောင်းများကို ထူထောင်ပြီးဆောင်ရွက်ကြပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိတက္ကသိုလ် ကျောင်းများထဲမှ သင့်တော်သောတက္ကသိုလ်ကို သုတေသနသိပ္ပံကျောင်းအဖြစ်ပြောင်းလဲဖွင့်လှစ်ရန် အစီအစဉ်ရှိ၊မရှိနဲ့ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိလိုကြောင်း မေးမြန်းပါသည်။
အခု ဆက်လက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ဦးက နိုင်ငံတိုင်းဟာတက္ကသိုလ်များ၊ သိပ္ပံကျောင်းများသာထူထောင်ခြင်းမျိုး မဟုတ်ဘဲ နည်းပညာပိုင်းဆိုင်ရာမှာ ပိုမိုတိုးတက်မြင့်မားစေဖို့ သုတေသနသိပ္ပံကျောင်း Research Institute များကို ထူထောင်ပြီးဆောင်ရွက်ကြပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိ တက္ကသိုလ်များထဲက သင့်တော်တဲ့တက္ကသိုလ်ကို သုတေသနသိပ္ပံကျောင်းအဖြစ်ပြောင်းလဲဖွင့်လှစ်ဖို့အစီအစဉ်ရှိ၊ မရှိနဲ့ ရှိပါက မည်သည့်အချိန်မှာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းမေးမြန်းထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဖြေကြားသွားမှာဖြစ်ပါတယ်။ အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးက (Research University) နဲ့ (Research Institute) တွေဟာ သုတေသနလုပ်ငန်းတွေကို သင်ကြားရေးနဲ့တွဲဖက်လုပ်ဆောင်နေကြပြီးတော့ အဓိကအားဖြင့် ဘွဲ့လွန်သင်တန်းနဲ့ ပါရဂူဘွဲ့ သင်တန်းတွေမှာ သက်ဆိုင်ရာနယ်ပယ်အလိုက် သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာတစ်ဝန်း ကမ္ဘာ့ထိပ်တန်းအဆင့် တစ်ရာအတွင်းမှာရှိတဲ့ သုတေသနအခြေပြုတက္ကသိုလ်များဖြစ်တဲ့ အမေရိကန်နိုင်ငံက (Massachusetts) နည်းပညာတက္ကသိုလ်၊ (Massachusetts Insitute of Technology) နဲ့ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ် (California Insitute of Technology)၊ ဂျပန်နိုင်ငံက တိုကျိုတက္ကသိုလ် (University of Tokyo) နဲ့ ကျိုတိုတက္ကသိုလ် (Kyoto University) တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဟောင်ကောင်တက္ကသိုလ် (University of Hong Kong) နဲ့ ရှင်းဟွာတက္ကသိုလ် (Tsinghua University)၊ စင်္ကာပူနိုင်ငံက စင်္ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) နဲ့ (Nanyang Technological University) စတဲ့ တက္ကသိုလ်ကြီးများမှာ သင်ကြားရေးမဟာဌာနများနဲ့ သုတေသနဌာနများ ပူးပေါင်းဖွင့်လှစ်ပြီးတော့ ပါမောက္ခများနဲ့ ကျွမ်းကျင်သူများရဲ့ဦးဆောင်မှုနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် သုတေသနလုပ်ငန်းတွေကို ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့သင်တန်းသားတွေက ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအနေနဲ့လည်း နိုင်ငံ့အကျိုးပြုသုတေသနလုပ်ငန်းများအတွက် သုတေသနဌာနများဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိတဲ့အပြင် သင်ကြားရေးနဲ့သုတေသနလုပ်ငန်းများတွဲဖက်ဆောင်ရွက်နေတဲ့ သုတေသန အြခေပြုတက္ကသိုလ် (Research University) များအဖြစ် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်တို့မှာ စီမံချက်များချထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီတက္ကသိုလ်များမှာဘွဲ့ကြို၊ ဘွဲ့လွန်နဲ့ ပါရဂူသင်တန်းတွေ ဖွင့်လှစ်သင်ကြား လျက်ရှိပြီး သက်ဆိုင်ရာဘွဲ့အသီးသီးအတွက်လိုအပ်တဲ့ ဘွဲ့ယူကျမ်းများတင်သွင်းရာမှာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးကို အထောက်အကူပြုစေမယ့် အကျိုးပြုသုတေသနလုပ်ငန်း တွေကို ဆောင်ရွက်စေပြီးတော့ လေ့လာတွေ့ရှိချက်တွေကို သုတေသနစာတမ်းများပြုစုရေးသားပြီးတော့ နိုင်ငံတကာသုတေသနညီလာခံစာတမ်းဖတ်ပွဲများသို့ သွားရောက်ဖတ်ကြားစေခြင်းများကို ဆောင်ရွက် လျက်ရှိပါတယ်။
ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တွေမှာ အင်ဂျင်နီယာ၊ ဗိသုကာနဲ့ အသုံးချသိပ္ပံဘာသာရပ်တွေအတွက် မဟာဘွဲ့နဲ့ ပါရဂူဘွဲ့သင်တန်းများဖွင့်လှစ်ပြီးတော့ သုတေသန လုပ်ငန်းများကိုလည်း တွဲဖက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုသုတေသနလုပ်ငန်းများ ပီပြင်စွာအကောင် အထည်ဖော်ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာမှာရှိတဲ့ သုတေသနအခြေပြုတက္ကသိုလ်များနည်းတူ သင်ကြားရေးဌာနများအပြင် အာကာသသုတေသနဌာန၊ အဝေးမှအာရုံခံခြင်းဆိုင်ရာသုတေသနဗဟိုဌာန၊ လျှပ်စစ်စွမ်းအားသုတေသနဗဟိုဌာန၊ အီလက်ထရောနစ်သုတေသနဗဟိုဌာန၊ ဓာတုအင်ဂျင်နီယာ သုတေသနဗဟိုဌာနနဲ့ စွမ်းအင်သုတေသနဗဟိုဌာနစတဲ့သုတေသနဌာနတွေကိုလည်း သီးခြားဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှာလည်း ဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်းများ သင်ကြားပို့ချလျက်ရှိပြီး လေကြောင်းနဲ့အာကာသပညာရပ်ဆိုင်ရာ ဆက်စပ် သုတေသနလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။ အလားတူပဲ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တွေမှာလည်း ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ် အတွက် ဘွဲ့ကြို၊ ဘွ့ဲလွန်နဲ့ ပါရဂူဘွဲ့သင်တန်းတွေဖွင့်လှစ်သင်ကြားပြီးတော့ ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့ သင်တန်းများမှာ နိုင်ငံတကာအဆင့်မီ အကျိုးပြုသုတေသနလုပ်ငန်းတွေကို ပူးတွဲဆောင်ရွက်လျက် ရှိပါတယ်။ ပြည်တွင်းပါရဂူဘွဲ့သင်တန်းများမှာ သက်ဆိုင်ရာဘာသာရပ်ကို ဖြေဆိုအောင်မြင်ပြီးတော့ နိုင်ငံတကာတက္ကသိုလ်များနဲ့ သုတေသနဌာနများကကြီးမှူးကျင်းပတဲ့ နိုင်ငံတကာသုတေသနစာတမ်း ဖတ်ပွဲများမှာ အောင်မြင်စွာစာတမ်းဖတ်ကြားနိုင်သူတွေကိုပဲ ပြည်တွင်းမှာပါရဂူဘွဲ့ချီးမြှင့်လျက် ရှိပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်များမှာတက်ရောက်နေကြတဲ့ ပါရဂူဘွဲ့သင်တန်းများရဲ့ ဘာသာရပ်အလိုက် သုတေသနစာတမ်းတွေကို ပြည်ပနိုင်ငံများမှာ ကျင်းပ ပြုလုပ်တဲ့ နိုင်ငံတကာသုတေသနဆိုင်ရာညီလာခံများသို့ တင်သွင်းဖတ်ကြားခဲ့ရာမှာ အခုအချိန်အထိ သုတေသနဆိုင်ရာစာတမ်းစုစုပေါင်း ၄၀၀ ကျော်ကို တင်သွင်းဖတ်ကြားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာမှာကျင်းပတဲ့ သိပ္ပံနှင့်နည်းပညာညီလာခံများသို့ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြား စေတဲ့အပြင် မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာရှိ တက္ကသိုလ်အသီးသီးက သုတေသနဆိုင်ရာ အတွေ့အကြုံဗဟုသုတများနဲ့ နည်းပညာများ လေ့လာဖလှယ်နိုင်စေဖို့အတွက် နိုင်ငံတကာတက္ကသိုလ် များက ပါမောက္ခများနဲ့ပညာရှင်များကို ဖိတ်ကြားပြီးတော့ နိုင်ငံတကာအဆင့်သုတေသနစာတမ်းဖတ်ပွဲ နဲ့ညီလာခံများကို ကျင်းပပြုလုပ်ပေးလျက်ရှိပါတယ်။
သိပ္ပံနဲ့ အင်ဂျင်နီယာနှင့် နည်းပညာကဏ္ဍမှာ International Conference On Science and Engineering (ICSE) သုတေသနညီလာခံကို မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ် များမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ ICSE သုတေသနညီလာခံများကို ဂျပန်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ အမေရိကန်၊ ပါကစ္စတန်၊ ဟောင်ကောင်နဲ့ ဘယ်လ်ဂျီယံစတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ တက္ကသိုလ်အသီးသီးက ပါမောက္ခ ၂၃ ဦးလာရောက်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး သုတေသနစာတမ်းပေါင်း ၆၀၆ စောင် တင်သွင်းဖတ်ကြားခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် တွင် ICSE သုတေသနညီလာခံကိုလာမယ့်ဒီဇင်ဘာလမှာ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ တတိယအကြိမ်မြောက် ကျင်းပဖို့လည်းစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အလားတူပဲ ကွန်ပျူတာသိပ္ပံနဲ့ကွန်ပျူတာနည်း ပညာကဏ္ဍမှာလည်း နိုင်ငံတကာအဆင့်ညီလာခံတွေကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ဦးဆောင် ကျင်းပပြီးတော့ International Conference On Computer Application ညီလာခံအနေနဲ့ စုစုပေါင်းကိုးကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်တွင်းပြည်ပကသုတေသနစာတမ်းပေါင်း ၆၂၈ စောင်တင်သွင်း ဖတ်ကြားခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလို သုတေသနလုပ်ငန်းများလုပ်ဆောင်ရာမှာ နိုင်ငံတကာအဆင့် သုတေသနညီလာခံများသို့ တက်ရောက်လာကြတဲ့ တက္ကသိုလ်အသီးသီးက ပါမောက္ခများနဲ့ ပညာရှင် များရဲ့ အကြံပြုဆွေးနွေးချက်များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် နိုင်ငံတကာမှာ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်မီနည်းပညာရပ်တွေကို မျက်ခြေမပြတ် လေ့လာသင်ယူနိုင်ဖို့အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်မှာ နည်းပညာတက္ကသိုလ် Yatanarpon Cyber City ကိုသုတေသနအခြေပြုတက္ကသိုလ်တစ်ခုအဖြစ် ၂၀၁၀ ပြည့်နှစ်မှာတိုးချဲ့ ဖွင့်လှစ်ပြီးတော့ နိုင်ငံတကာနည်းပညာကုမ္ပဏီများ၊ တက္ကသိုလ်များနဲ့ပူးပေါင်းပြီးတော့ သင်ကြားရေးနဲ့ သုတေသနလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့အချိန်အထိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်မှာ သုတေသနအခြေပြုတက္ကသိုလ်များ Research University ၆ ခု ဖွင့်လှစ်ထားခဲ့ပြီး သုတေသနအခြေပြုတက္ကသိုလ်များအပါအဝင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများနှင့် သုတေသနဌာနများမှာ ရုရှားနိုင်ငံက ပါရဂူဘွဲ့ရသူ ၂၅ ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပါရဂူဘွဲ့ရသူ ၁၉ ဦး၊ စင်္ကာပူနိုင်ငံက ပါရဂူဘွဲ့ရသူ ၈ ဦး၊ ဂျပန်နိုင်ငံက ပါရဂူဘွဲ့ရသူ ၇ ဦး၊ အိန္ဒိယနိုင်ငံက ပါရဂူဘွဲ့ရသူ ၁ ဦး၊ မလေးရှားနိုင်ငံက ပါရဂူဘွဲ့ရသူ ၁ ဦး၊ ဂျာမဏီနိုင်ငံက ပါရဂူဘွဲ့ရသူ ၂ ဦး၊ စုစုပေါင်းနိုင်ငံခြားပြန် ပါရဂူဘွဲ့ရ ၆၃ ဦးက ဦးဆောင်ပြီးတော့ ပြည်တွင်းကမဟာဘွဲ့နဲ့ ပါရဂူဘွဲ့ရဆရာ၊ ဆရာမများနဲ့ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီအကျိုးပြုသုတေသနလုပ်ငန်းတွေကို စီမံချက်များချမှတ် ပြီးတော့ အဆင့်အလိုက် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ဦးမေးမြန်း ထားတဲ့မေးခွန်းနဲ့ပတ်သက်တဲ့ကိစ္စဟာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဆောင်ရွက်ထားပြီးဖြစ်တဲ့ကိစ္စ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
