(ဃ)-ဝက်လက်မြို့နယ်အတွင်း ရေဆိုးချောင်းများ တိုးချဲ့တူးဖော်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၂-၉-၂၀၁၁)

သူရဦးအေးမြင့်(ဝက်လက်မဲဆန္ဒနယ်)

သဖန်းဆိပ်ဆည်ကြီးရဲ့ ရေသောက်ဧရိယာများဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်အတွင်းက ကျေးသီးကုန်းအုပ်စု၊ ယင်းတောအုပ်စု၊ စဉ့်ပါအုပ်စု၊ ထနင်းသာအုပ်စု၊ ပင်စင်းအုပ်စု၊ ဘူးကြီးအုပ်စု၊ သရက်ကြီးအုပ်စု၊ ပေါက်တောအုပ်စုစတဲ့ကျေးရွာအုပ်စုများရဲ့ စပါးစိုက်ဧရိယာများဟာ မြို့နယ်အတွင်း မိုးရေချိန် ၂ လက်မနဲ့အထက်ရွာသွန်းတဲ့ရက်များမှာ အမြဲလိုလိုရေလွှမ်းမိုးလေ့ရှိပါ တယ်။ ဒီလိုရေလွှမ်းမိုးရခြင်းဟာ ရေဆိုးထုတ်ချောင်းများပိတ်ဆို့နေမှုကြောင့်ဖြစ်ကြောင်းသိရှိရပါ တယ်။ ၂၀၀၉ ခုနှစ်၊ မိုးစပါးစိုက်ပျိုးကာလမှာတစ်ကြိမ်၊ ၂၀၁၀ ခုနှစ်၊ မိုးစပါးစိုက်ပျိုးကာလမှာ တစ်ကြိမ်ရေလွှမ်းမိုးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ မိုးစပါးစိုက်ပျိုးကာလမှာတစ်ကြိမ်နဲ့ နွေစပါးစိုက်ပျိုး ကာလမှာတစ်ကြိမ်၊ နှစ်ကြိမ်တိတိရေလွှမ်းမိုးခြင်းခံခဲ့ရပါတယ်။ တစ်ကြိမ်မှာပျမ်းမျှအားဖြင့် စိုက်ဧက ၁၅၀၀ဧကခန့် ပျက်စီးဆုံးရှုံးလေ့ရှိကြောင်းလည်းသိရှိရပါတယ်။ ဒီလိုရေလွှမ်းမိုးရခြင်းရဲ့အကြောင်း အရင်းများကတော့ ရေဆိုးထုတ်ချောင်းနံဘေးက အိမ်ခြံဝင်းများတိုးချဲ့မှုကြောင့် ရေနုတ်မြောင်းများ ကျဉ်းမြောင်းလာခြင်း၊ ဗေဒါနဲ့ချုံနွယ်များပိတ်ဆို့ခြင်း၊ သဲသောင်ခုံများဖြစ်ထွန်းခြင်းတို့ကြောင့်ဖြစ် ကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။ ရေစီးရေလာကောင်းမွန်စေရေးအတွက် ပင်းတာရိုးရေဆိုးချောင်းနဲ့ အောင်တပ်ကုန်းဆည်ရေဆိုးချောင်းများကို ယခုနှစ်အတွင်းတွင်ပြုပြင်ပေးခဲ့တဲ့ ပြဿဒ်ရေဆိုးချောင်း ကဲ့သို့တိုးချဲ့တူးဖော်ပြုပြင်ပေးဖို့ ဒေသခံတောင်သူလယ်သမားများက အထူးပင်လိုလားတောင့်တ လျက်ရှိကြပါတယ်။သို့ပါ၍ ရွှေဘိုမြို့နယ်၊ ယင်းမာကျေးရွာအနီးမှစတင်ပြီး ဝက်လက်မြို့နယ်အတွင်း သို့ ဖြတ်သန်းစီးဆင်းတဲ့ ၁၀ မိုင်ခန့်ရှည်လျားတဲ့ ပင်းတာရိုးရေဆိုးချောင်းနဲ့ အောင်တပ်ကုန်းဆည် ရေဆိုးချောင်းများကိုတိုးချဲ့တူးဖော်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိနဲ့ ရှိပါကမည်သည့်အချိန်ကာလ တွင်ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

သဖန်းဆိပ်ရေလှောင်တမံမှ ဆည်ရေကိုကာဘိုးရေလွှဲဆည်၏ ရွှေဘိုတူးမြောင်းမကြီးမှ တစ်ဆင့်ဝက်လက်မြို့နယ်အတွင်း ဆည်ရေသောက်ဧရိယာ ၁၀၁၂၇၉ ဧကအား ဆည်ရေပေးဝေ လျက်ရှိပါတယ်။ ဝက်လက်မြို့နယ်အတွင်း လယ်မြေများမှ ပိုလျှံရေများကို ပြဿဒ်ရေဆိုးထုတ်ချောင်း၊ ပင်းတာရိုးရေဆိုးထုတ်ချောင်းနှင့် အောင်တပ်ကုန်းဆည်ရေဆိုးထုတ်ချောင်းတို့မှ ထုတ်နုတ်ပါတယ်။ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်း မိုးရေချိန်လေးလက်မအထက်ရွာသွန်းပါက တင်ပြပါ ရေဆိုးထုတ်ချောင်းများပိတ်ဆို့နေမှုကြောင့် ဝက်လက်မြို့နယ်အတွင်း ဆည်ရေသောက်ဧရိယာများ ရေလွှမ်းမိုးလေ့ရှိပါတယ်။ အဆိုပါရေကြီးနစ်မြုပ်မှုမှကာကွယ်ရန် ပြဿဒ်ရေဆိုးထုတ်ချောင်းကို တူးဖော်ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ တိုင်းတာတွက်ချက်ထားမှုအရ ပင်းတာရိုးရေဆိုးထုတ်ချောင်း သည် အရှည် ၁၉ မိုင်နှင့် ဆောင်ရွက်ရမည့်မြေကြီးကျင်းပေါင်း ၇၀၀၀၀ ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက လယ်မြေဧက ၇၅၀ ခန့်အား ရေကြီးနစ်မြုပ်မှုမှကာကွယ်နိုင်မည်ဖြစ်ပါတယ်။ အလားတူအောင် တပ်ကုန်းဆည်ရေဆိုးထုတ်ချောင်းသည် အရှည် ၂၁ မိုင်ရှိပြီး ဆောင်ရွက်ရမည့်မြေကြီးကျင်း ပမာဏမှာ ၇၅၀၀၀ ကျင်းဖြစ်ပြီး လယ်မြေဧက ၅၀၀ အားရေကြီးနစ်မြုပ်မှုမှကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဆည်မြောင်းဦးစီးဌာနအနေနဲ့ ကာဘိုးရေလွှဲဆည်၏ ဆည်ရေသောက်စနစ်အတွင်းရှိ ရေဆိုးထုတ်ချောင်းများအား တိုးချဲ့တူးဖော်ဆောင်ရွက်လျက်ရှိရာ ပင်းတာရိုးရေဆိုးထုတ်ချောင်း  တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းနှင့် အောင်တပ်ကုန်းဆည်ရေဆိုးထုတ်ချောင်း တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံ၍ နိုင်ငံတော် အစိုးရအဖွဲ့၏ လုပ်ငန်းဦးစားပေးအစီအစဉ်အရ ရန်ပုံငွေခွဲဝေခွင့်ပြုပေးနိုင်မှုအပေါ်မူတည်ပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။