(က)-မြန်မာ့ရုပ်ရှင်၊ ဗွီဒီယိုလုပ်ငန်းများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၆) ရက်မြောက်နေ့ (၁၈-၁၀-၂၀၁၁)

ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ ဗွီဒီယိုလုပ်ငန်းတွေ မပေါ်ခင်ကာလကတည်းက အသံတိတ်ခေတ်ကတည်းကနေစပြီး မြန်မာ့ရုပ်ရှင် ဆိုတာ ချီတက်ခဲ့တာ အခုတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ကမ္ဘာမှာလည်း မြန်မာ့ရုပ်ရှင်အဆင့်အတန်း သည် ကမ္ဘာ့ရုပ်ရှင်နှင့်ယှဉ်ရင် နောက်ကျကျန်ရစ်ခဲ့တာကို ကျွန်တော်တို့ စိတ်မကောင်းစရာတွေ့ရ ပါတယ်။ မြန်မာ့ရုပ်ရှင်က Black and White အသံတိတ်ခေတ်ကနေစပြီးတော့မှ Colour ခေတ် ပြောင်းလာခဲ့ပါတယ်။ ရုပ်ရှင်အဆင့်အတန်းဆိုတာကို ဘာတွေနဲ့တိုင်းတာကြမှာလဲဆိုတဲ့ မေးခွန်းမျိုး ရှိပါတယ်။

          ကျွန်တော်တို့အနေနဲ့တော့ Presentation အနေနဲ့ ပြသချက်တွေကတော့ နံပါတ်(၁) စက်ပိုင်းဆိုင်ရာအထောက်အကူ ပေးတဲ့ Animation Special Effect  တွေဖြစ်တဲ့ Camera Effect, Electrical Effect, Setting Effect, Computer Effect တွေ Effect  ပေါင်းများစွာနဲ့ အထူးပြုလုပ်ချက်တွေက ပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီ Effect  တွေနဲ့ အခုအသုံးပြုနေကြပါသလားဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ အခု ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးတော့မှ အဲဒီ Effect  တွေကို မသုံးနိုင်ကြပါဘူး။ နည်းပညာ အခက်အခဲအများကြီးရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့မှ နည်းပညာတွေကို ပိုပြီးတော့မှ ပံ့ပိုးဖို့ လိုအပ်ပါမယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်‌့အနေနဲ့ မေးခွန်းအပိုင်း လေးပိုင်းရှိတယ်ဆိုတာ ပထမကတော့ ရှည်ရှည်ဝေးဝေးရှင်းပြဖို့ပါ။ သို့သော် အချိန်ကလည်းနည်းတာရယ်၊ နောက်ထပ် Agenda တွေ ရှိသေးတာနဲ့မို့ အချိန်တိုတိုနဲ့ပဲ ကျွန်တော်အကျဉ်းချုံးပြီး အမြန်ပြောသွားချင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ပထမတုန်းက ကျွန်တော်တို့နိုင်ငံမှာရှိခဲ့တဲ့ ဇာတ်ကားတွေ၊ ရာဇဝင်ကားတွေက စပြီးရိုက်ခဲ့တဲ့အခါမှာ ရာဇဝင်ကားတွေရဲ့အဆင့်အတန်းနဲ့ အဆင့်ရှိခဲ့ပါတယ်။ ဟိုးအရင်တုန်းက စ‌က္ကောမလိုကားမျိုး၊ ဒသဂီရိကားမျိုးမှာ ဟာနုမာန်အခန်းဆိုရင် ဝူခုန်း တရုတ်ကား မပေါ်ခင်ကတည်းက ရှိခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံမှာ သူ့အဆင့်နဲ့သူရှိခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း မှာလည်း ကားတွေအများကြီး ထုတ်လုပ်ခဲ့တာမှာ အဆင့်မနိမ့်ဘဲနဲ့ ဒီဇာတ်ကားတွေဆိုရင် ဗိုလ်အောင်ဒင် ကားဟာ အခုထက်ထိ နောက်လူတွေမမြင်ဘူးပေမယ့် နာမည်ကျန်ရစ်ခဲ့ပါတယ်။ ရွှေဒုံးဘီအောင် ဒါရိုက်တာကြီး။ နောက်ခေတ် အဆက်ဆက် ပယင်းရောင်လိုကားမျိုးဟာလည်း ပညာပေးမှာ အင်မတန်မှကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ရွှေဘဆိုတာ တစ်ခေတ်ဆန်းစေခဲ့ပါတယ်။ ဒီ့နောက်ပိုင်းမှာ ကောလိပ်ဂျင်နေဝင်းခေတ်၊ နောက်ပိုင်း ဒီမင်းသားတွေအဆက်ဆက် ဖြတ်ကျော်လာတာ တစ်ဦးက စေတနာ၊ တစ်ဦးကမေတ္တာဆိုတဲ့ ဒီကားမျိုးဟာ ပြည်သူတွေရဲ့ပါးစပ်ထဲမှာ တွင်ကျန်ရစ်ခဲ့ပါတယ်။ ဝင်းဦးရဲ့ မှုံရွှေရည်ကားမျိုးဟာ သမ္မတရုံမှာ လနဲ့ချီပြီးပြခဲ့ရတဲ့အဆင့် ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီကာလ တွေမှာ River of No Turn ဆိုတဲ့ ကမ္ဘာကျော်နေတဲ့ကားကိုတောင်မှ ယှဉ်ပြိုင်ပြီးတော့မှ ကျွန်တော်တို့ မြန်မာကားတွေ ကောင်းကောင်း ထိုးဖောက်ပြနိုင်ခဲ့တဲ့အခြေအနေ မြန်မာပြည်ဈေးကွက်မှာ အဲဒီလိုရှိခဲ့ ပါတယ်။ ဒီ့နောက်ပိုင်းမှာဆိုရင်တော့ ကားတွေထုတ်လုပ်မှုတွေ နောက်ပိုင်းမှာ ငါ့ညီ၊ ငါ့မြေ၊ ငါ့အမေဆိုတဲ့ ဇာတ်ကားမျိုးဟာ ဇာတိသွေး၊ ဇာတိမာန်ကို တက်ကြွစေတဲ့ ကားမျိုးတွေပေါ်ထွက်ခဲ့ပါတယ်။ ဒီ့နောက်ပိုင်းမှာ လည်း အဓိပ္ပာယ်ရှိတဲ့ ကားမျိုးတွေ တော်တော်များများ ထွက်လာပါတယ်။

          နောက်ဆုံး ၁၉၉၄ ခုနှစ်မှာဆိုရင် တိုက်ပွဲခေါ်သံဆိုတဲ့ကားမျိုးဟာ ဒီခေတ်နောက်ပိုင်းမှာ ကျွန်တော့်သူငယ်ချင်း သီဟတင်စိုးတို့ရိုက်ခဲ့တာပါ။ အဲဒီလိုမျိုးကားမျိုးတွေ ထုတ်လာပြီးတော့မှ အခုနောက်ပိုင်းမှာ ဇာတ်ကားနာမည်တွေကိုတောင် ကျွန်တော်တို့ ဘယ်လိုခေါ်တာမှန်းပြောရ ခက်အောင် ကျွန်တော်တို့က ခေတ်မီတဲ့လူငယ်လို့ ကိုယ့်ကိုယ်ကိုထင်ထားသော်လည်းပဲ ဒီမှာ ဖလန်းဖလန်းအချစ်ဆိုတာမျိုးတွေ၊ နောက် လာထားအာဘွားတို့၊ အလန်းဇယားတို့၊ ဟော့ရှော့ဆိုတဲ့ စကားလုံးတွေဟာ ကျွန်တော်တို့တောင် လိုက်မမီတော့ဘူးဖြစ်သွားပါတယ်။ အဲ့လိုမျိုး မြန်မာ့ရုပ်ရှင်ဆိုတဲ့ မြန်မာဆိုတဲ့ခေါင်းစဉ် ဟိုဘက်က တပ်မတော်သားကိုယ်စားလှယ်ကြီး တင်သွင်းခဲ့တဲ့ မြန်မာဆိုတဲ့ စကားလုံးကို ကျွန်တော်တို့သုံးကြတဲ့အခါမှာ အင်မတန်မှ မြင့်မြတ်ချင်တယ်။ မြန်မာ့ရုပ်ရှင်တကယ် တစ်ခေတ်ဆန်းစေခဲ့ပါတယ်။ သို့သော် အခုပေါပေါပဲပဲကားတွေ ဈေးကွက်ကို အဓိကထားပြီးတော့မှ ရိုက်ကူးထုတ်လုပ်တဲ့ ပိုက်ဆံတွေပြန်ရတဲ့ နည်းလမ်းက ဟာသကားတွေရိုက်မှ ပြန်ရတယ်ဆိုပြီး ပြောပါတယ်။ အဲဒီတော့ ဟာသကားဆိုတာက နိုင်ငံတကာမှာက စိတ်ထွက်ပေါက် မွန်းကြပ်မှုကို ဖြေလျှော့ပေးတဲ့ ကားမျိုးတွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက စိတ်ထွက်ပေါက်တွေ အဲလောက်ကြီး မရှိကြပါဘူး။ သက်သက်ကို အပျော်ဖြင့်ကြည့်ကြဖို့ပဲ ရှိတော့ပါတယ်။ ဟာသကားဆိုတာ အခု အရည်အချင်းရှိတဲ့ ကားမျိုးတွေကိုပေါ်ဖို့၊ ပေါ်ထွက်လာဖို့ ကျွန်တော်တို့သည်ပင်လျှင် အခုပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှု၊ ပြည်သူ့ဆက်ဆံရေးကော်မတီဝင်တစ်ယောက် ဖြစ်လာတဲ့အတွက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ ကျွန်တော်တို့လည်းပါဝင်တဲ့အတွက် ကျွန်တော်တို့လည်း တာဝန်ရှိ ပါတယ်ဆိုတဲ့ အခြေ အနေမျိုး ကျွန်တော်တို့ခံစားရပါတယ်။ အဲဒီအတွက် ကျွန်တော်ကိုယ်၌က ဒီဗွီဒီယို လောကထဲမှာ ၁၅ နှစ်လောက် ဖြတ်သန်းခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော် ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွက် ဒီလောကမှာ အရှုပ်အထွေးပေါင်းများစွာရှိတာကိုလည်း တွေ့ခဲ့ပါတယ်။ ဇာတ်ကားတစ်ကား ဖြစ်ဖို့ အတွက် ဗွီဒီယိုကားလေးတစ်ကားဖြစ်ဖို့ ရိုက်ကူးရေးတင်တယ်။ ရိုက်ကူးရေးတင်ဖို့ သရုပ်ဆောင် စာရင်းတင်ရတယ်။

          ပြီးတော့ ဒီမှာသုံးမယ့်သီချင်းကအစ နောက်ရိုက်ပြီးရင်စစ်ဆေးဖို့အတွက်ကို ဇာတ်ကား ကြည့်ရှုခွင့် ဒီ Procedure ပေါင်းများစွာကို ဖြတ်သန်းရတဲ့အခါမှာ အဲဒီ Procedure တွေကြားထဲမှာ နစ်မြုပ်ရတဲ့အတွက် သူတို့ရဲ့ရက်တွေကို ချုံ့ဖို့ကားရိုက်တဲ့အခါမှာ ဘယ်လိုဖြစ်လာလဲဆိုရင် ဗွီဒီယိုကားတစ်ကားရိုက်ဖို့ အရင်တုန်းက ၁၀ ရက်လောက်ရိုက်ကြတာကနေ ၇ ရက်၊ နောက် အခု          ၃ ရက်နဲ့ တစ်ကားပြီးနေပါပြီ။ ၃ ရက်တစ်ကားပြီးတော့ ကိုက်အောင်ဆိုပြီးတော့ တစ်ခါရိုက် ၅ ကား ရိုက်ကြတယ်။ တစ်ခါရိုက် ၃ ကားရိုက်ကြတယ်။ နယ်ထွက်ရိုက်ပြီဆိုရင် မင်းသား၊ မင်းသမီးတစ်ခါတည်း  ၅ ကားစာလောက်ရိုက်နေတာဖြင့် အဲဒီတော့ ကျွန်တော်တို့ရုပ်ရှင်ကနေ ဗွီဒီယိုဘက် ‌ရောက်သွားပါတယ်။ အဲဒီတော့ အရည်အသွေးတွေက ဘယ်လောက်ကောင်းလာသလဲဆိုတာမျိုး တိုင်းတာလို့ရလာပါတယ်။ အဲဒီတော့ ဒီရုပ်ရှင်ကိုတော့ ကားကြီးဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ ထိုးဖောက်စေလိုတဲ့ ဆန္ဒရှိတဲ့အတွက် သူများနိုင်ငံမှာနွေရာသီကြည့်ဖို့ Summer ကားအနေနဲ့ ဘယ်လိုရိုက်ရင်ကောင်းမလဲ စဉ်းစားပြီးတော့မှ သူတို့ရိုက်ကြတဲ့ကားလေးဆို The rider of log us ဆိုတဲ့ကားလေးဆိုရင် အဲဒီကာလတော်တော်များများ စံချိန်ချိုးတဲ့ကားမျိုးပါ။ အခြားကားတွေကိုတော့ ယှဉ်မပြလိုတော့ပါဘူး။ သို့သော် ကျွန်တော်တို့နိုင်ငံမှာ သူများနိုင်ငံကိုပို့ပြီးတော့မှ ပြိုင်ပွဲဝင်နိုင်တဲ့ကားမျိုး ဆုမရရင်တောင်မှထိုက်သင့်သလောက် အဆင့် ရှိတယ်ဆိုတာကို ပြသင့်တာမျိုး ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ဘက်မှာ နည်းပညာအခက်အခဲ ရှိသော်လည်းပဲ presentation အနေနဲ့ မညံ့တာမျိုးဖြစ်စေချင်ပါတယ်။ ဗီယက်နမ်လိုနိုင်ငံမျိုးက ရိုက်တဲ့အခါမှာ ဖလင်တော်တော် ညံ့ညံ့နဲ့ရိုက်ပြီးတော့ အသံထွက်တွေလည်းညံ့ပါတယ်။ ဒါပေမယ့် ဆုရပါတယ်။ ဒါ presentation ကောင်းလို့ပဲလို့ ဆုံးဖြတ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ The Bridge Of River Cray ဆိုတဲ့ဇာတ်လမ်းမျိုးဟာ ကျွန်တော်တို့နိုင်ငံထဲမှာရှိခဲ့တာပါ။ သူများနိုင်ငံကနေ ဖန်တီးပြီးတော့ လုပ်ကြံ ရိုက်သွားတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တံတားရော၊ အခြေ အနေရော၊ နောက် အရင်တုန်းက ရိုက်ခဲ့ပါတယ်။ ဒါရိုက်တာစိန်ဖေထွန်း ရိုက်ခဲ့တဲ့ ကျော်ကိုချစ်မလား ဇော်ကိုချစ်မလား ဆိုတဲ့ဇာတ်ကားမျိုးတွေ နောက် နှလုံးသားနဲ့စစ်တာဝန်ကားမျိုးတွေဟာ ကျွန်တော်တို့ ငယ်ငယ်တုန်းက တော်တော်ကြိုက်ခဲ့ရပါတယ်။ ဒါပေမယ့် ဘာဖြစ်လာလဲဆို အဲဒီလိုဇာတ်ကားမျိုး အခုဖော်ထုတ်ဖို့ ဒါရိုက်တာတွေကို ပြောတဲ့အခါမှာ အရင်းရမှာမဟုတ်ဘူး ဆိုပြီးတော့ ဒါကို တွေးကြောက်နေကြတယ်။ ဘယ်လိုကားမျိုးက အရင်းရတာလည်း၊ ပေါပေါလောလောဟာသကား ဘာမှမဟုတ်ချင်နေရယ်ရရင်ပြီးရော အဲဒီလိုကားမျိုးတွေက ပိုက်ဆံရတယ်။ ဒါမှအရင်းပေါ်မယ်။ ခံ့ခံ့ညားညား ရိုက်လိုက်တဲ့ ကျန်စစ်သားရှုံးလိုက်တာ ခွက်ခွက်လန်ဆိုတော့ ကျွန်တော်တို့က ဘယ်လို အကူအညီပေးရင် ကောင်းမလဲ။ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ရင်ကောင်းမလဲ။ ဆင်ဆာမူတွေ ရှိပါတယ်။ ဆင်ဆာမူတွေကလည်း ဆင်ဆာမူဆိုပြီးတော့ ပေတံ(၁၀)ချောင်း၊ နောက် (၁၂) ချောင်းဆိုတဲ့ပေတံနဲ့ တိုင်းပါတယ်။ ဒါကလည်း မှန်ပါတယ်။ လုပ်ရမှာပဲ။ ဒါပေမယ့်ကျွန်တော်တို့ မိတ်ဆွေကြီး ကိုတင်သန်းဦးပြောသွားပါတယ်။  ဒါရိုက်တာ Work Shop မှာ အတူတွေ့တော့ ကျွန်တော်ဗျာတဲ့။ ကျွန်တော်ချစ်သောမိုမိုကိုဆိုတဲ့ ဇာတ်ကားရိုက်တယ်။ မြစ်ကြီးနားမြစ်ဆုံမှာ သွားရိုက်တယ်။ မြစ်ဆုံကို ပြချင်လို့ဗျာတဲ့။ အဲဒီကားလေး ရိုက်ဖို့အတွက်ကို ငြိမ်းချမ်းရေးကလည်း မရသေးတော့ ဒီနေရာအခက်အခဲဖြစ်တယ်ဗျာတဲ့ရအောင် ရိုက်မယ်ဆိုပြီးတော့ အဲဒီမှာတိုင်းမှူးကိုလည်း အကူအညီတောင်းရပါတယ်။ တပ်တွေအကူအညီတောင်း ပြီးတော့မှ Security ချပြီးတော့မှ မြစ်ဆုံမှာသွားရိုက်တယ်။ အဲဒီအခန်းလေးက ဘာမှတော့မဟုတ်ပါဘူး။ love scene လေးပါတဲ့။ ရိုက်ပြီးတော့ ဆင်ဆာတင်တယ်။ ဆင်ဆာမှာ ကျွန်တော်လည်း ထိုင်ကြည့်နေတာပဲ။ ဒါပေမယ့် ဘယ်လိုလုပ်လိုက်တယ်မသိဘူး။ အဲဒီတစ်ခန်းလုံးပါမလာဘူးဗျာတဲ့။ ကျွန်တော် ရင်ကွဲပက်လက် ပဲတဲ့ ဒါရိုက်တာတင်သန်းဦး ပြောသွားတာပါ။ အဲဒီတော့ တစ်ခါတစ်ခါမှာ ဆင်ဆာမူဆိုတာကိုလည်း ကျွန်တော်တို့ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ၊ ပညာရှင်တွေအပါအဝင် ပြည်သူတွေကိုလည်း သိသင်‌့ တယ်လို့ထင်ပါတယ်။ အကယ်၍ မူဆိုတာလည်း မင်းသားတွေက ဘယ်လိုသရုပ်ဆောင်မှ အကယ်ဒမီ ရတာလဲ။ မင်းသမီးတွေက ဘယ်လိုသရုပ်ဆောင်ရမှာလဲ။ ဟုတ်ပြီ။ အဲဒီတော့ သရုပ်ဆောင်တွေက ဗြုန်းဆို ဒီကနေ့ကျမှ ဘယ်သူအကယ်ဒမီရတယ်ဆိုတာမျိုး သိလိုက်ရတယ်။ ဆန်ခါတင် ၁၀ ယောက် ပါတယ်ဆိုတာ တောင်မှကြိုမသိရဘူး။ အဲဒါမျိုးဆိုတော့ ကျွန်တော်တို့ ဒီလောကသားတွေက အားလုံးဟာ မျက်စိပိတ်၊ နားပိတ်ပြီးတော့ အဲဒီနေ့ကျမှ ဘယ်သူရမယ်မှန်းလည်း မသိဘူး။ အကောင်းစား အဝတ်စားတွေဝတ်သွားပြီးတော့ ဟိုရောက်တော့ မရဘူးဆိုတော့  ဒီအတိုင်းလေးပဲ ငုတ်ပြီးပြန်လာခဲ့ ကြတာလည်း ရှိပါတယ်။ အဲဒီတော့ အဲဒါမျိုး ဆန်ခါတင်ဘယ်နှစ်ယောက်ဆိုတာလေးထိလောက်တော့ သိသင့်ပါတယ်လို့ ဒါကြုံတုန်းပြောတာပါ။

          နောက်တစ်ခုကတော့ ဗွီဒီယိုနဲ့ပတ်သက်ပြီးတော့ ဗွီဒီယိုဇာတ်ကားတွေ အရေအတွက်များပြားပြီး အရည်အချင်းရှိ ပညာပေးကားများ နည်းပါးနေတယ်ဆိုတာ ဗွီဒီယိုဇာတ်ကားကတစ်ပတ်ကို တနင်္လာနေ့ ကနေ စနေနေ့အထိ ကားတွေထွက်ပါတယ်။ တစ်ရက်တစ်ရက်ထွက်တဲ့ကားက အနည်းဆုံး သုံးကားကနေ အများဆုံး‌ခြောက်ကားဖြစ်အောင် ထွက်ထားတာတွေ့ပါတယ်။ အဲဒီတော့တစ်ပတ်ကို ကားထွက် အရေ အတွက်က ကား ၂၀ နဲ့ ၂၅ ကြားမှာရှိပါတယ်။ အဲဒီတော့ အခု ၆ လပိုင်းမှာ ထွက်ပြီးတဲ့ ကားပေါင်းက ၂၈၀ ကျော် တစ်နှစ်ဆိုရင် ဗွီဒီယိုကားပေါင်းဟာ ၅၀၀ လောက်ရှိနေပါပြီ။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ဗွီဒီယိုဇာတ်ကားတွေတော့ အများကြီးထွက်လာတယ်။ ထွက်လာပြီးတော့ ကျွန်တော်တို့အတွက် ပြည်သူ လူထုအတွက်ပညာပေး ဘယ်လောက်များများ မှတ်တမ်းတင်ထားဖို့ ကောင်းမလဲဆိုတာမျိုး လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဗွီဒီယိုကားနဲ့ ပတ်သက်ပြီးတော့ ဗွီဒီယိုဇာတ်ကားထုတ်လုပ်ခြင်းမှာ ရန်ကုန်တိုင်းဗွီဒီယို အ‌ခြေခံအဖွဲ့ဗဟိုဆိုပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအောက်မှာ ဗွီဒီယိုအ‌ခြေခံအဖွဲ့ ဗဟိုဆိုပြီးရှိပါတယ်။ အဲဒီဗဟိုက ရန်ကုန်တိုင်းမှာပဲရှိပါတယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ အဲဒီသူတွေက နဂိုကတည်းက ဒီဗွီဒီယိုလုပ်ငန်း လုပ်တဲ့လူတွေဆို အုပ်စုတွေသတ်သတ်ဖြစ်ပါတယ်။ အဲဒီအုပ်စုလေးကပဲ ဒီအ‌ခြေခံအဖွဲ့ဗဟိုထဲမှာ ပါပြီးတော့ ဒီလူတွေရဲ့လှုပ်ရှားမှု၊ ပြည်သူတွေရဲ့ဖန်တီးမှုတွေဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပါတယ်။ နောက်သူတို့ရဲ့အပေါ်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ကြီးကြပ်မှု သူ့အပေါ်မှာတော့ ကျွန်တော်တို့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုတွေနဲ့ လုပ်တာမှန်ပါတယ်။ သို့သော် တစ်နိုင်ငံလုံးမှာ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း သူတို့တွေကလည်း သူတို့ရဲ့ယဉ်ကျေးမှုတွေ ရခိုင်က ရခိုင် ယဉ်ကျေးမှုဖော်ထုတ်ချင်တယ်။ ရှမ်းကရှမ်းယဉ်ကျေးမှု ဖော်ထုတ်ချင်တယ်ဆိုတဲ့ အဲဒီယဉ်ကျေးမှု ဖော်ထုတ်ဖို့အတွက်ကားတွေ ရိုက်ချင်ပါတယ်။ ရိုက်ချင်တဲ့အခါကျတော့ ဘာလုပ်ရမလဲ။ အရင်ဆုံး ထုတ်လုပ်ရေးလိုင်စင်ရှိရမယ်။ ဖြန့်ဖို့ ဖြန့်ချိရေးလိုင်စင်ရှိရမယ်။ သီးသန့်စီရိုက်ကူးဖို့ ရိုက်ကူးရေး လိုင်စင်ရှိရမယ်။ ကူးယူဖို့ ကူးယူရေးလိုင်စင် ရှိရမယ်။ တစ်ခုချင်းစီပါ။ အဲဒါတွေကို ရန်ကုန်လာလုပ်ရ တယ်။ နယ်ကလူတွေက ဒါတွေမကျွမ်းကျင်ဘူး။ နားလည်းမလည်ဘူး။ အဲဒီမှာ ပတ်ချာလည်နေပြီ။ အဲဒီတော့ ကဲမထူးဘူးရိုက်တယ်။ ရိုက်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဒေသဖြန့်တယ်။ ရခိုင်က ရခိုင်မှာဖြန့်တယ်။ ရှမ်းကလည်း ရှမ်းမှာဖြန့်တယ်။ တချို့ရှမ်းသီချင်းတွေ ထွက်လာတယ်။ ဒါပေမယ့် ဘာလဲ အားလုံးဟာလိုင်စင်မဲ့တွေ ဖြစ်နေတယ်။ အဲဒါမျိုးဖြစ်ဖို့အတွက် တိုင်းဒေသကြီးတွေ ပြည်နယ်တွေမှာလည်း ဒီလုပ်ပိုင်ခွင့်လိုင်စင်ချထားရေးကို စဉ်းစားပေးဖို့လိုအပ်ပါတယ်။ သူ့ဒေသနဲ့ သူ့လိုင်စင်ချထားပေးရင် ကြီးကြပ်ရေးမှာ အခွေ၊ ခိုးကူးခွေတွေ ဘယ်ဒေသကထွက်သလဲ။ ဒီပြည်နယ် ကထွက်တယ်။ ဒီပြည်နယ်ကထွက်ရင် ဒီပြည်နယ်က သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက တာဝန်ယူနိုင်ပါတယ်။ သူ့ပြည်နယ်အလိုက် တာဝန်ယူလို့ရပါတယ်။ ရန်ကုန်တိုင်းမှာ အာဏာပိုင် အဖွဲ့အစည်းပေါင်းစုံရှိပါတယ်။ အရင်တုန်းကလည်း ဝန်ကြီးဌာနပေါင်းစုံ ရုံးစိုက်ခဲ့တဲ့နေရာဖြစ်ပါတယ်။ သို့သော် ရန်ကုန်တိုင်းသည် ခိုးကူးခွေအများဆုံး နေရာဖြစ်ပြီးတော့မှ မနှိမ်နင်းနိုင်ဆုံးနေရာဖြစ်ပါတယ်။ လမ်းလျှောက်တာနဲ့ ခိုးကူးခွေတွေက လမ်းဘေးမှာပတ်ပတ်လည်နေတယ်။ မင်းတို့ဒါတွေက တရားမဝင်ဘူး ဘာလို့ရောင်းကြတာလည်းလို့ ကျွန်တော်မေး‌တော့၊ ကျွန်တော်တို့ အနည်းဆုံး လိုင်းကြေးပေးထား တယ်လို့ပြောတယ်။ လွယ်လိုက်တာ ငါကထုတ်လုပ်သူ တစ်ယောက်၊ ငါဒါရိုက်တာ တစ်ယောက် မင်းတို့ ဒါမျိုးတွေလုပ်ခွင့်မရှိလို့ ငါစေတနာနဲ့ပြောတာ။ မင်းထောင်ကျရင် နှစ်နှစ်ကျသွား နိုင်တယ်။ ရတယ်အစ်ကို ကျွန်တော်တို့ကို ဖမ်းတော့မယ်ဆိုရင် လာပြောလိမ့်မယ်တဲ့။ အင်းကောင်းလိုက် တာ။ အဲဒီလိုမျိုးရှိတော့ ကျွန်တော်တို့တွေ ဒါတွေကို တိုက်ဖျက်ဖို့လိုအပ်မယ်။ ဗွီဒီယိုပရိုဂျူဆာ တစ်ယောက်ရဲ့ နောက်ဘက်မှာ မီးထိုးမှန်ထိုး ကင်မရာမင်း အဲဒီအောက်မှာ သရုပ်ဆောင်တွေအစ လူကြမ်းအဆုံး ဟိုးဘက်က မိတ်ကပ်ကအစ မှီခိုနေရတာ။ မှီခိုနေရတဲ့နေရာမှာ ပရိုဂျူဆာတစ်ယောက် လဲသွားပြီဆိုရင် အဲဒီလူတွေအားလုံး ထမင်းငတ်သွားမယ့်အဆင့် ရောက်သွားပါတယ်။ အခုတော့  ဗွီဒီယိုပရိုဂျူဆာတွေလည်း တစ်နိုင်ငံလုံးအတိုင်းအတာဆိုရင် ၄၀၀ လောက်ရှိပါတယ်။ ၄၀၀ လောက် ရှိတဲ့နေရာမှာ တချို့လည်း အဲဒီလိုပဲ ဖြစ်ကတတ်ဆန်းနဲ့ အရင်းလေးရရင်တစ်လကို နှစ်ကားလောက်၊ သုံးကားလောက်ထုတ်ရရင် မဆိုးဘူးဆိုပြီးတော့ လုပ်နေကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘာဖြစ်သလဲဆိုရင် စည်းကမ်းချက်က အများကြီးရှိနေပါတယ်။ စည်းကမ်းချက်ဆိုတာ ကျွန်တော်တို့ တွေမှာ အရင်တုန်းက ရှိခဲ့ပါတယ်။ စကားလုံးတွေ အမြန်ကြေး၊ သက်သာကြေး အဲဒီစကားတွေ နောက်ဆက်တွဲပေါ်လာတယ်။ အမြန်ကြေး၊ အနှေးကြေး၊ သက်သာကြေး၊ မသက်သာကြေးဆိုပြီး နောက်ဆုံးစကားလုံး ကျန်ရစ်ခဲ့တယ်။ အဲဒီတော့ အဲဒီလိုမျိုးတွေနဲ့ ဆင်ဆာမြန်မြန်ကျချင်ရင် မြန်မြန်ကျဖို့ အတွက်ကို လိုက်ရတယ်ဆိုတာ လိုက်ရတယ်ဆိုတဲ့စကားကို ဖျက်ချင်ပါတယ်။ ဘယ်ကိုလိုက်ရင်၊ ဘယ်ကို ပို့လိုက်ရင်ရတယ်ဆိုတဲ့စကားတွေ ဖျက်ချင်ပါတယ်။ ဥပဒေအတိုင်းပဲ ဖြစ်ချင်ပါတယ်။ ဥပဒေကို တိတိကျကျနဲ့ဖြစ်ဖို့ ရဲတွေကိုပြောတယ်။ မင်းတို့ရှေ့မှာအခွေ မင်းတို့မဖမ်းဘူးလားဆိုတော့ ကျွန်တော်တို့ ဥပဒေ မသိဘူး။ ဗွီဒီယိုအ‌ခြေခံအဖွဲ့မှာပဲ ရှိပါတယ်ပြောပါတယ်။ နောက်တစ်ခုကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်တယ်။  ယဉ်ကျေးမှုက နိုင်ငံခြားက ဇာတ်လမ်းတွဲတွေဝင်လာပါတယ်။ ဝင်လာတော့ ကျွန်တော်တို့ နိုင်ငံမှာထွက်ပေါက်အနေနဲ့  အမျိုးသမီးတွေအနေနဲ့ ထွက်ပေါက်၊ တစ်ရက်ထွက်ပေါက် လိုချင်ရင် တစ်နေကုန် သူ့အိမ်မှာရှိတဲ့ သန့်ရှင်းရေးလုပ်ငန်းတွေလုပ်ပါတယ်။ တစ်ပတ်ဆိုရင် ရိပ်သာဝင်တယ်။ တစ်လ သီလရှင်ဝတ်တယ်။ ခရီးထွက်တယ်။ သူတို့နိုင်ငံမှာတော့ တစ်နေ့ထွက်ပေါက် ရှာချင်ရင် ပိုက်ဆံမရှိတဲ့သူက လမ်းဘေးမှာ ဆိုဂျုသောက်တယ်။ ပိုက်ဆံရှိတဲ့သူက အိမ်ထဲမှာ ဝီစကီထိုင်သောက်တယ်။ မိန်းမတွေ၊ အမျိုးသမီးတွေ အဲဒီတော့ အရက်သောက်တဲ့အခန်းကို ဖန်ခွက်လေးကိုပဲ Pallarလုပ်ထားပါတယ်။ ကာလာလေးနဲ့ ပိတ်ထားပါတယ်။ အဲဒီလို ပိတ်ထားတဲ့ ဟာမျိုးလေးကို အရက်သောက်မှန်းသိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ကျွန်တော် ကြည့်လိုက်တဲ့အခါမှာ တစ်ခန်းလုံးဖြတ်သွားတာတွေ့ပါတယ်။ အဲဒီတော့ မိန်းမတွေ အရက်သောက် တာတွေလည်း အဲဒီယဉ်ကျေးမှုတွေက ကူးစက်မှုတွေ မြန်မာပြည် ရောက်လာပါတယ်။ မိန်းကလေး တွေက ကိုရီးယားစတိုင်တွေဝတ်ကြရင်းနဲ့ ဝတ်ရင်းဝတ်ရင်းနဲ့တိုတို  တိုရင်းနဲ့တိုလို့မရတဲ့နေရာမှာ ရပ်သွားပါတယ်။ အဲဒီတော့ အဲဒီလိုမျိုးတွေကို ရပ်ကွက်ထဲက ပြီးခဲ့တဲ့ အပတ်မှာပဲ ကျွန်တော့်ကို ပြောလိုက်ပါတယ်။ အမေကြီးက လက်အုပ်ချီပြီး ကျွန်တော့်ကို ပြောတယ်။ ဒါလေး တော့ပြောပေးပါ။ အဲဒီတော့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ ထိန်းသိမ်းဖို့ ကျွန်တော်တို့တွေလည်း ဒီဇာတ်လမ်းတွဲတွေက အခုပြနေတဲ့ကားတွေ၊ ဇာတ်လမ်းတွဲတွေမှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကားတွေ၊ သူ့ယောကျ်ား ကိုယ်ယူ။ ကိုယ့်ယောကျ်ားသူယူ။ ပတ်ချာလည်ကိုလည်နေတာပဲ။ ဟိုဘက်မှာလည်း ဒီဟာ မကြည့်ချင်။ နောက်ဟိုဘက်ပြောင်း ကြည့်လိုက်ဒါပဲ။ ဟိုဘက်ပြောင်းကြည့်တော့ ဒါပဲ နောက်ကြည့်စရာ မရှိတော့ဘူး ဖြစ်သွားတယ်။ နောက်ပြီးခဲ့တဲ့ ၂၅ ရက်နေ့မှာ ကျွန်တော်တို့ လွှတ်တော်ပိတ်တဲ့ တနင်္ဂနွေနေ့မှာ FM နားထောင်လိုက်တယ်။ FM က အရက်သောက်တာ ကောင်းလား၊ မကောင်းလား ဆိုတဲ့ကိစ္စကို ပြောပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မိန်းကလေးတစ်ယောက်က‌ဖြေတာ မိန်းကလေးအရက်သောက်တာ နည်းနည်းပါးပါး သောက်တာကောင်းတယ်တဲ့၊ သူမူးတဲ့အကြောင်းပြောတယ်။ နောက် ကောင်လေး တစ်ယောက်ကလည်း အင်း တစ်ခါတစ်ရံသောက်တာကောင်းပါတယ်။ သူ့အသက်ဘယ်လောက်လဲ လို့မေးတော့ ၁၅ နှစ်ဆိုတော့ အဲဒါကို အရက်သောက်တာကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ကိစ္စကို ဖြေဆိုတာရှိပါတယ်။ ရှေ့ကအဖွင့်ရှိရင် အဖြေရှိရတယ်၊ အဖြေမှာသေးသေးလေး နည်းနည်းလောက်ပဲ ပေးပြီးတော့ အဖွင့်တွေမှာ အများကြီးပြောသွားတဲ့အတွက် အဲဒီဥစ္စာတွေက၊ လူတွေက အရက်သောက်တာ ကောင်းတယ်လို့ပဲ ထင်လိုက်ရတာမျိုးရှိပါတယ်။ ဒါကလည်း ဘာပဲပြောပြော ဒီမီဒီယာပိုင်းနဲ့ ပြန်ကြားရေးနဲ့ဆိုင်နေလို့ ကျွန်တော် အဲဒါကိုထည့်ပြောတာပါ။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ဒီ ဗွီဒီယိုဇာတ်လမ်းတွဲတွေဟာ လူတွေကိုဖမ်းစားစေတယ်ဆိုတာ ပေါင်ချိန်ကား ပြတုန်းက တရားရှင်၊ တရားရှင်မဟုတ်တာလုပ်ရင် ခွေးခေါင်းနဲ့ အဖြတ်ခံရမယ်။ နဂါးခေါင်းစက်နဲ့ ဖြတ်ခံရမယ်ဆိုတာမျိုး။ ကျန်ကျောင်းဆိုလည်း ကောင်းတယ်။ ဝူခုန်းဆိုလည်းကောင်းတယ်။ အဲဒီလိုမျိုး တွေဖြစ်လာတယ်။ နောက်ပိုင်းကျတော့ ကိုရီးယားကား‌တွေဝင်လာတော့ ကျွန်တော်တို့က ဘာတွေဖြစ်ကုန်ပြီလဲဆိုပြီးတော့ အဝတ်အစားတွေက ကိုရီးယားစတိုင်တွေပဲ အညာဆရောစပြီး ပြောကြတော့တယ်။ အဲဒီလိုမျိုးဖြစ်သွားတယ်။ အဲဒီတော့ ဘာဖြစ်သွားလည်း ဆိုရင် လူတွေကူးပြောင်း လာတာက ဒီ ဗွီဒီယိုတွေ၊ မီဒီယာတွေရဲ့ဖမ်းစားမှုရှိတဲ့အတွက် ဒါတွေကိုပြုပြင်ပေးဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအတွက် ကျွန်တော်မေးခွန်းအနေနဲ့တော့ မြန်မာ့ ရုပ်ရှင်အဆင့်အတန်း၊ အရည်အသွေးညံ့ဖျင်းလျက်ရှိသည်ကို သိပါသလား။ ဗွီဒီယိုဇာတ်ကားများ အရေအတွက်များပြီး အရည်အချင်းရှိပညာပေးကားများ နည်းပါးနေသည်ကိုသိပါသလား။ ဗွီဒီယို ဇာတ်ကား ဗွီစီဒီသီချင်းခိုးကူးခွေများကို ထိရောက်စွာ မနှိမ်နင်းနိုင်သည်ကိုသိပါသလား။ ဗွီဒီယို ဇာတ်လမ်းတွဲများတွင် မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို အလျင်အမြန်ကူးစက်လွှမ်းမိုးစေပြီး မိမိနိုင်ငံနှင့် ဖီလာဆန့်ကျင်တဲ့လူမှုစရိုက်များ ကူးပြောင်းလာခြင်းကြောင့် မြန်မာ့ယဉ်ကျေးမှုများ ထိခိုက်ခံနေရ သည်ကို သတိမူမိပါသလား။ ယဉ်ကျေးမှု ထိခိုက်စေမယ့် ဒီဇာတ်လမ်းတို၊ ဇာတ်လမ်းတွဲများကို မည်သို့ကာကွယ်တားဆီးရန် ပြင်ဆင်ထားပါသလဲ။ ဒီတော့ အဲဒီနေရာမှာ ကျွန်တော်တို့ တိုင်းရင်းသား ဝတ်စုံတွေနဲ့ လူဆိုးခန်းတွေ ရိုက်နေတာတွေကိုလည်း တားဆီးသင့်ပါတယ်။ ရှမ်းဘောင်းဘီတွေ ဝတ်ပြီးတော့မှ လူဆိုးတွေလုပ်တဲ့ဟာမျိုး အရက်သောက်တဲ့ အခန်းတွေ ဒါတွေလည်းမသင့်လျော် ပါကြောင်း တင်ပြမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဖြစ်ပေါ်နေတဲ့ ရုပ်ရှင်လောကအခြေအနေနဲ့ အနာဂတ်အလား အလာများကို ဝေဖန်သုံးသပ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံချက်များရေးဆွဲပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ မြန်မာ့ရုပ်ရှင် လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်လောကသားများနဲ့ထိတွေ့၊ ဆွေးနွေးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြတာမို့ ဒီလိုဆောင်ရွက်မှုတွေကို အားလုံးကသိရှိနေကြပါတယ်။ မီဒီယာများမှာလည်း ဒီအကြောင်းတွေကို အချိန်နှင့်တစ်ပြေးညီ ရေးသားခဲ့ကြပါတယ်။ ဒါ့အပြင် အကယ်ဒမီဆုပေးပွဲတိုင်းမှာလည်း ရုပ်ရှင်ဗွီဒီယို လောကရဲ့ လက်ရှိအခြေအနေ၊ ရုပ်ရှင်ဗွီဒီယို လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမယ့် ရည်ရွယ်ချက် ၅ရပ်၊ လုပ်ငန်းစဉ် ၁၂ ရပ်တို့ကို အမြဲထည့်သွင်းမှာကြားတိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် ဒီလိုဆောင်ရွက်နေတာတွေကို အများစုက သိနေကြပြီးဖြစ်ပါတယ်။ သို့သော်လည်း ပညာရှိသတိဖြစ်ခဲ ဆိုတဲ့စကားလို ကိုယ်စားလှယ်တော်ကြီး အနေနဲ့ သတိဖြစ်ခဲပြီး မသိလိုက်တာဖြစ်ပါလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်ဆက်လက်ရှင်းပြပါမယ်။ တကယ်တော့ ဒီဗွီဒီယို လောကဆိုတာ တစ်ချိန်ကကြုံတွေ့ခဲ့ရတဲ့ ရုပ်ရှင်ဖလင်ရိုင်းများဝယ်ယူရန် ခက်ခဲမှုကနေ ပေါ်ပေါက်လာတဲ့ ဖျော်ဖြေရေးကဏ္ဍသာဖြစ်ပါတယ်။ ဒီဗွီဒီယိုဇာတ်ကားများကို ရိုက်ကူးနေသူများဟာလည်း ရုပ်ရှင်လောကသားများပဲ ဖြစ်ပါတယ်။ နိုင်ငံတကာကို ထိုးဖောက်မယ်ဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားကြီးများနှင့်သာ  ထိုးဖောက်ရတာ ဖြစ်ပါတယ်။ နာမည်ကြီးရုပ်ရှင်ဇာတ်ကားများကို ဗွီစီဒီ၊ ဒီဗွီဒီအခွေများအဖြစ် တရားဝင်ကူးယူ ဖြန့်ချိတာလည်းရှိပါတယ်။ သီးခြားဗွီဒီယိုဇာတ်ကားများရိုက်ကူးပြီး ဗွီဒီယိုသတ်သတ်ပြသခြင်း၊ ဈေးကွက် တင်ခြင်းများမရှိပါဘူး။ ဒါကြောင့် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားရင် အဲဒီရဲ့ အချက်အလက်တစ်ခုဖြစ်တဲ့ ဗွီဒီယိုဇာတ်ကားများရဲ့ အရည်အသွေးဟာလည်း တစ်နွယ်ငင် တစ်စင်ပါ တိုးတက်လာမှာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်ဖို့၊ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ဆိုရင် ရုပ်ရှင်လောကကို ဈေးကွက်အရလည်းကောင်း၊ နည်းပညာအရလည်းကောင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်ရာမှာ စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုတွင်ပါဝင်နေသည့် ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ညွှန်း၊ တည်းဖြတ်စသည့် ပညာရှင်များ၏ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်ရုံများရဲ့ အရည်အသွေး မြှင့်တင်ရေးနဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားများပြည်ပသို့ ထိုးဖောက်ပြသပြီး ဈေးကွက်ရရှိအောင် ဆောင်ရွက်ရေးဆိုပြီး ရည်မှန်းချက်လေးရပ်ထားပြီး လုပ်ဆောင်လျက်ရှိပါတယ်။

ရုပ်ရှင်နဲ့ပတ်သက်တဲ့ စက်မှုနည်းပညာများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်းမှာ မြန်မာ့ရုပ်ရှင်လုပ်ငန်းအနေနဲ့ ယူရို ၁.၅ သန်းကျော်တန်ဖိုးရှိတဲ့ ကင်မရာ၊ အသံကူး ပြောင်းစက်၊ အရောင်ခွဲစက်နဲ့ ကားကူးကားဆေးစက်များကို ဝယ်ယူခဲ့ပြီး ၂၀၁၂ ခုနှစ်မှာလည်း နောက်ထပ် ယူရို ၄.၅ သိန်းဖိုး ထပ်မံဝယ်ယူဖြည့်တင်းဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အဆင့်အတန်းမီတဲ့ ဇာတ်ကား ကောင်းတစ်ကား ရိုက်ကူးနိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံစက်ပစ္စည်းများကို နိုင်ငံတော်က ဝယ်ယူဖြည့်တင်းပေးထားပြီးဖြစ်ပါတယ်။ ဒီစက်ပစ္စည်းများကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ အတွက် မြန်မာ့ ရုပ်ရှင်လောကမှ ဝန်ထမ်းများကို ပြည်တွင်းပြည်ပသင်တန်းများမှာ လေ့ကျင့်သင်ကြား ပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းရုပ်ရှင်ထုတ်လုပ်သူများအနေနဲ့ အဲဒီခေတ်မီစက်ပစ္စည်း များကို အသုံးပြုပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်နိုင်ခွင့် ရှိနေပြီဖြစ်ပါတယ်။

ရုပ်ရှင်ရုံများ အရည်အသွေးမြှင့်တင်ရေးနဲ့ပတ်သက်ပြီး ရုပ်ရှင်ကြည့်ပရိတ်သတ်များကို ဆွဲဆောင်နိုင်ရန်နှင့် တိုးတက်ပြောင်းလဲနေတဲ့ ပြသရေးစနစ်များ၊ ရုံတည်ဆောက်မှုနည်းပညာများကို အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ လက်ရှိရုပ်ရှင်ရုံများမှာ ရုပ်ပုံနှင့် အရောင်အသွေးကြည်လင်ပြတ်သားစေဖို့အတွက် ခေတ်မီရုပ်ရှင်ပြစက်များ လဲလှယ်တပ်ဆင်ခြင်း၊ အသံပိုင်းဆိုင်ရာစနစ်များ ခေတ်မီအောင် ပြုပြင် တပ်ဆင်ခြင်း၊ ရုံတွင်းရုံပြင် အပြင်အဆင်များ၊ အလင်းအမှောင်များ ကောင်းမွန်အောင် လုပ်ဆောင်လျက် ရှိပါတယ်။ ဒါ့အပြင် နောက်ထပ်ဆောက်လုပ်တဲ့ Shopping Mall များမှာ နိုင်ငံတကာစံချိန်မီတဲ့ ရုပ်ရှင်ရုံငယ်လေးများကို ထည့်သွင်းတည်ဆောက်ဖို့ တိုက်တွန်းအားပေးခဲ့တဲ့အတွက် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမှာ ထိုကဲ့သို့ ရုပ်ရှင်ရုံများပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးနဲ့ မြို့နယ်များမှာပါ တိုးချဲ့လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ရုံများ ခေတ်မီ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ ပရိသတ်ကိုပိုမိုဆွဲဆောင်နိုင်ပြီး ထုတ်လုပ်သူများအတွက်လည်း အကျိုးအမြတ်ပိုမိုရရှိလာမှာဖြစ်ပါတယ်။ အဲဒီလို အကျိုးအမြတ်ရရှိမယ်ဆိုရင် ထုတ်လုပ်သူများကို အရည်အသွေးမြင့်မားတဲ့ ဇာတ်ကားများကိုထုတ်လုပ်လာဖို့အတွက် ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာရုပ်ရှင်ဇာတ်ကားများ ပြည်ပကို ထိုးဖောက်ပြသနိုင်ရေးအတွက်နဲ့ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံးတို့ပူးပေါင်းပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်၊ သြဂုတ်လအထိ နိုင်ငံတကာရုပ်ရှင်ပွဲတော်ရှစ်ခုမှာ မြန်မာဇာတ်ကား ၂၄ ကား ဝင်ရောက်ပြသနိုင်ခဲ့ပါတယ်။ ဒီလိုပြသနိုင်ခဲ့တဲ့အတွက် နိုင်ငံတကာ ပရိသတ်များအနေနဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ သဘာဝအလှအပများကို တွေ့မြင်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများအပေါ် စိတ်ဝင်စားမှုတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို ပြည်ပသို့သွားရောက်ပြသနိုင်အောင် ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့တဲ့ အတွက် ယခုအခါမှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို အရှေ့တောင်အာရှနိုင်ငံများမှာ ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်၊ ကိုရီးယားနိုင်ငံများနှင့်လည်း ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ ပူးတွဲထုတ်လုပ်နိုင်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ရုပ်ရှင်အတတ်ပညာဆိုင်ရာများ တိုးတက်ဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)မှာ ရုပ်ရှင်ပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေသကဲ့သို့ ရုပ်ရှင်အစည်းအရုံး အနေဖြင့်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်ပညာနှီးနှောဖလှယ်ပွဲများ တက်ရောက်နိုင်အောင် ဆောင်ရွက် ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ အထက်မှာတင်ပြခဲ့တာတွေဟာ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ပတ်ဝန်းကျင် အခြေအနေကောင်းများ ဖန်တီး ဖော်ဆောင်ထားပေးမှုများပဲ ဖြစ်ပါတယ်။ ဒါပေမယ်‌့ ဒီလိုဖန်တီးပေးထားရုံနဲ့ မြန်မာ့ရုပ်ရှင် လောကဟာ ဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်ပါဘူး။ ဒီဖန်တီးပေးထားတဲ့အခြေနေများကို ရုပ်ရှင်လောက သားများကိုယ်တိုင်က အသုံးချပြီး လုပ်ဆောင်ဖို့လည်း လိုအပ်နေပါသေးတယ်။ လက်တွေ့အခြေအနေမှာ ရုပ်ရှင်လောကသားအများစုဟာ သရုပ်ဆောင်၊ ရိုက်ကူး၊ တည်းဖြတ်၊ ဇာတ်ညွှန်းစတဲ့ပညာရပ်များမှာ မိမိတို့အတွေ့အကြုံက ရရှိလာတဲ့ပညာများကိုပဲ အသုံးချနေပြီး နိုင်ငံတကာမှာ တိုးတက်ပြောင်းလဲနေတဲ့ ပညာရပ်များကို လေ့လာဆည်းပူးအသုံးချမှုများမှာ အားနည်းနေသေးတာကို တွေ့ရပါတယ်။ ဒါဟာလည်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများ အရည်အသွေးမြင့်မားရေးအတွက် လိုအပ်ချက်တစ်ခု ဖြစ်နေပါတယ်။ ရုပ်ရှင်ဇာတ်ကားများ အရည်အသွေးမြင်‌့မားရေးမှာ နောက်ထပ်တွေ့ကြုံနေရတဲ့ အတားအဆီးတစ်ခု ကတော့ ရိုက်ကူးထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်မားနေခြင်းပဲဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာ ရုပ်ရှင် ဇာတ်ကားတစ်ကား ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ ကျပ်သိန်း ၈၀၀ ကနေ ကျပ်သိန်း ၁၂၀၀ အထိရှိပြီး အဲဒီအထဲမှာ အဓိကကုန်ကျစရိတ် သုံးမျိုးပါဝင်နေပါတယ်။ ပထမတစ်မျိုးကတော့ အသုံးပြုရတဲ့ ဖလင်အမျိုးမျိုးရဲ့ ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။ ဒုတိယကုန်ကျစရိတ်ကတော့ ဝတ္ထုဇာတ်ညွန်း၊ ဒါရိုက်တာ၊ တေးသီချင်းနဲ့သရုပ်ဆောင်များအတွက် ကုန်ကျစရိတ် ဖြစ်ပါတယ်။ တတိယကုန်ကျစရိတ်ကတော့ ရိုက်ကူးစဉ်ကာလ နေထိုင်သွားလာတဲ့စရိတ်နဲ့ဇာတ်ဝင် အခမ်းအနားများတည်ဆောက်ရတဲ့ ကုန်ကျစရိတ် ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားကောင်းဖို့အတွက်ဆိုရင် ရုပ်ရှင်အတတ်ပညာ၊ စက်မှုအတတ်ပညာပိုင်း မှာသာမက အဲ့ဒီကုန်ကျစရိတ်များကိုပါ လုံလုံ လောက်လောက် သုံးစွဲနိုင်ဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် Negative Film အတွက်ကုန်ကျစရိတ်ကို လျှော့နိုင်ဖို့အတွက် ဖလင်ကိုချွေတာလိုက်မယ်ဆိုရင် သရုပ်ဆောင်များရဲ့ဇာတ်ဝင်ခန်းအရ သရုပ်ဆောင်များကို ဒါရိုက်တာ စိတ်ကြိုက်ရိုက်ကူးနိုင်ခြင်း မရှိတဲ့အတွက် အနုပညာအရ တင်ဆက်မှုအရည်အသွေး ကျဆင်းသွားမှာဖြစ်ပါတယ်။ ဒီလိုပါပဲ ဇာတ်ဝင်ခန်းအရလိုအပ်တဲ့ ဇာတ်ဝင်အခမ်းအနားများကို တည်ဆောက်ရိုက်ကူးခြင်း မပြုနိုင်ဘူးဆိုရင် ဇာတ်လမ်းရဲ့ဆွဲဆောင်နိုင်မှု၊ သဘာဝကျမှုများ အားနည်းသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခါ ဇာတ်လမ်း၊ ဇာတ်ညွှန်းများအတွက် ကုန်ကျစရိတ်ကို ချွေတာတဲ့အနေနဲ့ခွင့်ပြုချက်မရှိဘဲ အသုံးပြုမိရင်လည်း မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူများဘက်က ကြည့်မယ်ဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် ကုန်ကျ စရိတ်များပြားလာတာနဲ့အမျှ  အဲဒီရင်းနှီးမြှုပ်နှံမှုပြန်ရဖို့၊ နောက်တစ်ကြိမ်ရိုက်ကူးနိုင်ဖို့အတွက် လုံလောက်တဲ့ အမြတ်ရရှိဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ထုတ်လုပ်သူများ ဘက်ကလည်း ဈေးကွက်ရဲ့ တောင်းဆိုမှု ပရိသတ်ရဲ့လိုအပ်ချက်များကို မဖြစ်မနေထည့်သွင်းစဉ်းစား လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အနုပညာအရ အရည်အသွေးမြင့်မားတဲ့ ဇာတ်ကား ကောင်းများ ထုတ်လုပ်နိုင်ဖို့အတွက်ဆိုရင် ပရိသတ်များကိုယ်တိုင် အဲဒီဇာတ်ကားမျိုးတွေကို အားပေးဖို့လည်း လိုအပ်ပါတယ်။ နောက်ထပ် ရင်ဆိုင်နေရတဲ့အခက်အခဲကတော့ ဖျော်ဖြေရေးကဏ္ဍ ကြီးမားကျယ်ပြန့်လာခြင်းပဲ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့် လွန်နှစ်များအထိ မြန်မာ့ရုပ်ရှင်လောကဟာ နိုင်ငံတော်က တရားဝင်တင်သွင်းလာတဲ့ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများနဲ့သာ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာတော့ တိုးတက်လာတဲ့ သတင်းအချက်အလက်နည်းပညာများကြောင့် နိုင်ငံတကာ ရုပ်ရှင်ဇာတ်လမ်းများကို ဗွီစီဒီ၊ ဒီဗွီဒီများအဖြစ်လည်းကောင်း၊ အင်တာနက်မှတစ်ဆင့် လည်းကောင်း၊ ဂြိုဟ်တုစလောင်းများမှလည်းကောင်း ရရှိနိုင်သလို ပြည်သူများအနေနဲ့ ရုပ်ရှင်အပြင် အခြားဖျော်ဖြေရေးမီဒီယာပေါင်းစုံကို လက်လှမ်းမီအလွယ်တကူ ရရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ရုံမှာ ရုပ်ရှင်လာရောက်ကြည့်ရှုသူအရေအတွက်ဟာ နယ်မြို့များမှာ ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ နယ်မြို့များအထိ ခေတ်မီရုပ်ရှင်ရုံငယ်များတည်ဆောက်ပြီး ရုပ်ရှင်ဈေးကွက်ကို ချဲ့ထွင်နိုင်အောင် လုပ်ဆောင်နေခြင်းပဲဖြစ်ပါတယ်။ တကယ်တော့ မြန်မာ့ရုပ်ရှင်လောက အရည်အသွေး မြင့်မားဖို့ မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းဟာ အခြားနိုင်ငံများမှာလို Industry တစ်ခုအထိ ရောက်လာဖို့ကို ရုပ်ရှင် လောကသားက အလိုလားဆုံးဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အမျိုးသားရေး ရည်မှန်းချက် အဖြစ်သဘောထားပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ သို့သော် အထက်က ကျွန်တော် ဆွေးနွေးခဲ့တဲ့ အခြေအနေအကျဉ်းချုပ်ကို ကြည့်မယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့ ရုပ်ရှင်များရဲ့ အဆင့်အတန်းအရည်အသွေးမြင့်မားဖို့ဆိုရင် အကြောင်းအချက် တစ်ခုတည်း မဟုတ်ဘဲ အကြောင်းအချက်အများကြီးကို ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ထပ် ကိုယ်စားလှယ်တော်ကြီး မေးမြန်းတဲ့အချက်ကတော့ ဗွီဒီယိုဇာတ်လမ်းတွဲများ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ မီဒီယာလောကမှာတော့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲလို့ သုံးနှုန်းတာပဲ ရှိပါတယ်။ ဗွီဒီယို ဇာတ်လမ်းတွဲဆိုတာမရှိပါဘူး။ ဒါကြောင့် ကိုယ်စားလှယ်တော်ကြီး ရည်ညွှန်းတဲ့ ဗွီဒီယိုဇာတ်လမ်းတွဲဆိုတာဟာ ယနေ့မြန်မာ့အသံ၊ မြဝတီ၊ Family Entertainment, Sky Net စတဲ့ ရုပ်မြင်သံကြားအစီအစဉ်များမှာ ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများကို ဆိုလိုတာပဲလို့ပဲ ယူဆပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများသာမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းမှာ ထုတ်လုပ်တဲ့ရုပ်ရှင်ကားများ၊ ဗွီဒီယိုဇာတ်လမ်းတွဲများ၊ ပြည်ပမှ တရားဝင်တင်သွင်း လာတဲ့ ရုပ်ရှင်ဇာတ်ကားများ၊ ဗွီဒီယိုအခွေများကိုပါ ဆင်ဆာအဖွဲ့နဲ့စစ်ဆေးလျက်ရှိပါတယ်။ အဲဒီလို စစ်ဆေးရာမှာ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက်လည်းကောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးအတွက်လည်ကောင်း၊ မလိုလားအပ်တဲ့ ပြောဆိုမှု၊ သရုပ်ဆောင်မှု၊ ဝတ်စားဆင်ယင်မှုများ မပါရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ရုပ်ရှင်နှင့် ဗွီဒီယိုဆင်ဆာအဖွဲ့ဝင်များအနေနဲ့ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေးနဲ့ ကိုယ်ကျင့်တရားကောင်းမွန်ရေးတို့ကို ထိခိုက်စေမယ့်အချက်များ မပါအောင် စစ်ဆေးရာမှာ လိုက်နာရမယ့်အချက်များကိုလည်း အတိအကျ သတ်မှတ်ထားပြီးဖြစ်ပါတယ်။ အချိန်ကန့်သတ်ချက်ကြောင့် အသေးစိတ်အချက်အလက်များကိုတော့ ရှင်းလင်းတင်ပြခြင်းမပြုတော့ပါဘူး။ လက်ရှိအခြေအနေမှာ ရုပ်ရှင်နှင့်ဗွီဒီယိုဆင်ဆာအဖွဲ့များအနေနဲ့ အထက်ပါ သတ်မှတ်ချက်များအတိုင်း စိစစ်ပေးလျက်ရှိပါတယ်။ နိုင်ငံတကာမှာလည်း ရုပ်ရှင်ကားများကို အဲဒီလို စိစစ်လေ့ရှိတယ် ဆိုတာကိုလည်း တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာတောင် Motion Picture Association of America, MPAA  ကနေပြီး ရုပ်ရှင်ဇာတ်ကားများကို ကလေးသူငယ်များ ကြည့်ရှုရန်သင့်၊ မသင့်ကို G,PG, PG  13, R,NC 17 စသည်ဖြင့် ခွဲခြားသတ်မှတ်ပေးလျက်ရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံမှာတော့ အချို့ကနိုင်ငံကျင့်ထုံးများကို လေ့လာခြင်းမရှိဘဲ ရုပ်ရှင်နဲ့ ဗွီဒီယိုဆင်ဆာအဖွဲ့ များမထားဖို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း အထက်မှာ ဖော်ပြခဲ့သလို နိုင်ငံတကာမှာ ကျင့်သုံးလုပ်ဆောင်နေမှုများနဲ့ မိမိတို့နိုင်ငံမှာလည်း အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး အတွက်လည်းကောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက်လည်းကောင်း အဲဒီလို စိစစ်ကြပ်မတ်မှုများ ရှိနေဖို့လိုအပ်ကြောင်း ရှင်းလင်းပြောကြားနေရပါတယ်။ အခုလိုအချိန်မျိုးမှာ ကိုယ်စားလှယ်တော်ကြီးအနေနဲ့ ရုပ်သံဇာတ်လမ်းတွဲများကြောင့် မြန်မာ့ယဉ်ကျေးမှုကို ထိခိုက် ခံနေရခြင်းကနေ ကာကွယ်ဖို့အတွက် တိုက်တွန်းမေးမြန်းလာတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ အထက်မှာဖြေကြားခဲ့သလိုပဲ ဒီလိုကာကွယ်နိုင်ဖို့အတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး ဖြစ်တဲ့အတိုင်း တိကျစွာအကောင်အထည်ဖော်သွားမည်ကြောင်း ဖြေကြားလိုပါတယ်။

နောက်ထပ်မေးထားတဲ့ မေးခွန်းကတော့ ဗွီဒီယိုခိုးကူးခွေများကိစ္စဖြစ်ပါတယ်။ ဒီကိစ္စဟာ ဗွီဒီယို လောကကိုသာမက ဂီတလောကကိုပါထိခိုက်စေတဲ့ ကိစ္စဖြစ်တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနသာမက ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးတို့ကပါ အလေးထား နှိမ်နင်းနေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလိုနှိမ်နင်းတဲ့အတွက်လည်း ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေကိုဖောက်ဖျက်ကျူးလွန်တဲ့အမှုပေါင်း ၈၁ မှုကိုဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပါတယ်။ အဲဒီအမှုများမှာ ခိုးကူးခွေ မြန်မာဗွီဒီယိုဇာတ်ကား ၃၁၇၄ ချပ်၊ မြန်မာကာရာအိုကေအခွေ ၇၂၉၄ ချပ်၊ နိုင်ငံခြားဇာတ်ကားခွေ ၁၇၉၂၃ ချပ်၊ ညစ်ညမ်းခွေ ၂၆၁၅ ချပ်၊ စုစုပေါင်း ၃၁၀၀၆ ချပ်နှင့် ခိုးကူးစက် ၁၃ လုံးကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ဒါကြောင့် ဗွီဒီယိုခိုးကူးခွေများရှိနေတာကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ လျစ်လျူရှုမထားဘဲ ထိထိရောက်ရောက်အရေးယူလျက်ရှိတာကို တွေ့နိုင်ပါ တယ်။ သို့သော်လည်းပဲ ခိုးကူးခွေများ လုံးဝပပျောက်ဖို့ဆိုရင်တော့ နိုင်ငံတော်အား တစ်ခုတည်းနဲ့ မရပါဘူး။ ပြည်သူလူထုကိုယ်တိုင်က ခိုးကူးခွေများကိုအားမပေးဘဲ တရားဝင်အခွေများကိုသာ အားပေးဖို့လိုပါတယ်။ ဈေးကွက်သဘော သဘာဝအရစားသုံးသူ၊ ဝယ်သူရှိနေသရွေ့ နည်းမျိုးစုံဖြင့် ခိုးကူးခွေထုတ်လုပ်မှုကရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ အစည်းအရုံးများနဲ့ညှိနှိုင်းပြီး ပညာပေးအစီအစဉ်များလည်း လုပ်ဆောင်လျက်ရှိကြောင်းဖြေကြားပါသည်။