(င)-နယ်စပ်ကုန်သွယ်ရေးစခန်းမှရရှိသောအခွန်အခနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၀) ရက်မြောက်နေ့ (၃-၁၀-၂၀၁၁)

ပြည်နယ်နဲ့ တိုင်းဒေသကြီး၊ အစိုးရအသီးသီးတို့သည် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလမှစပြီး မိမိပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတွေရဲ့ ရသုံးငွေကို မိမိဘာသာရှာဖွေစီမံခန့်ခွဲရတော့မယ်လို့သိရှိရပါတယ်။ ထိုအခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ အရ ဥပဒေပြုခွင့်ဇယား ၂ ပါ ကိစ္စရပ်များနှင့်စပ်လျဉ်းတဲ့ ဥပဒေပြုခွင့် ဘဏ္ဍာငွေရှာဖွေခွင့်ရရှိလာမယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးတို့အတွက် ရသုံးခန့်မှန်းငွေ၊ ခန့်မှန်းခြေငွေစာရင်းရေးဆွဲရာမှာ လိုငွေများစွာရှိနေကြောင်း ကြားသိရပါတယ်ခင်ဗျား။ ဥပမာပြရရင် ရှမ်းပြည်နယ်အစိုးရရဲ့ ရသုံးခန့်မှန်းငွေစာရင်းနဲ့ ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီရဲ့အစီရင်ခံစာ ၁/၂၀၁၁ အရ လိုငွေကျပ်သန်းပေါင်း ၂၈၀၀၀ ကျော်ပြသနေကြောင်းသိရပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ နယ်စပ်ကုန်သွယ်ရေးစခန်း ၉ ခုနဲ့ လဝကစစ်ဆေးရေးစခန်းများ ရှိကြပါတယ်။ အဲဒီစခန်းများအား ဖြတ်သန်းပြီး ကုန်သွယ်မှုပြုလျက်ရှိရာ တရားဝင်ကုန်သွယ်မှုမှာ အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အမြတ်ခွန်စသည်တို့များစွာရရှိပြီး ၎င်းရငွေများသည် ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနတို့မှ တစ်ဆင့် ပြည်ထောင်စုအစိုးရ ဘဏ္ဍာ ငွေတို့ စီးဝင်ကြောင်းသိရပါတယ်ခင်ဗျား။ ဒီနယ်စပ်ကုန်သွယ်မှုများမှာရရှိတဲ့ ဘဏ္ဍာငွေပမာဏဟာ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့ရဲ့ ရသုံးခန့်မှန်းငွေ၊ ရသုံးခန့်မှန်းခြေ လိုငွေ စာရင်းကို ဖြည့်စွမ်းပေးနိုင်မယ့် အခြေအနေမှာရှိပါတယ်။ ဥပမာတစ်ခုကိုပြရရင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၀-၂၀၁၁ခုနှစ်၊ တရားဝင်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်းပေါင်း ၁၄၀၉၆ ရရှိရာ အကောက်ခွန်ဦးစီးဌာနရဲ့ အကောက်ခွန်အရပ်ရပ်မှ ရရှိငွေကျပ်သန်းပေါင်း ၃၀၆၀၀.၆၇၊ ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျပ်သန်းပေါင်း ၁၁၇၈၃.၆၂၊ ဝင်ငွေခွန် ၁၈၃၈.၄၄၅ သန်းနဲ့၊ အမြတ်ခွန် ၇၃၉.၂၃၈ သန်းရရှိခဲ့ပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါ မေးခွန်းများကိုသက်ဆိုင်ရာမှ ဖြေကြားပေးပါရန် မေးမြန်းလိုပါတယ်ခင်ဗျား။ (၁)နယ်စပ်ကုန်သွယ်ရေး စခန်းရှိသော တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ ဘဏ္ဍာငွေရရှိရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းမှရရှိသည့် အခွန်အခအရပ်ရပ်တို့ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ရာခိုင်နှုန်းသတ်မှတ်၍မည်ကဲ့သို့ ခွဲဝေပေးနိုင်မည်ကို သိရှိလိုပါတယ်။ မည်သည့် အချိန်ကာလမှာ ခွဲဝေပေးနိုင်မည်ကိုလည်း သိရှိလိုပါတယ်ခင်ဗျား။ (၂)အိမ်နီးချင်း နိုင်ငံများနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာ နယ်စပ်စစ်ဆေးရေး စခန်းများ ရှိကြပါတယ်။ ထို့အပြင် တရားမဝင် ဝင်ပေါက် ထွက်ပေါက်များမှတစ်ဆင့် ကုန်သွယ်မှုများ ရှိနေရာ ၎င်းတို့အား တရားဝင်နယ်စပ်ကုန်သွယ်မှု ဖြစ်လာအောင် စီမံဆောင်ရွက်ပေးပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘဏ္ဍာငွေဖြည်‌့တင်းရေး စီမံဆောင်ရွက်နိုင်ခြေ ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
အဖြေ

နယ်စပ်ကုန်သွယ်ရေးစခန်းရှိသော တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့ ဘဏ္ဍာငွေရရှိရေးအတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများမှ ရရှိတဲ့အခွန်အခအရပ်ရပ်တို့ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ရာခိုင်နှုန်း သတ်မှတ်ပြီး ခွဲဝေပေးခြင်း ရှိ၊ မရှိနဲ့ အခြားအိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ နယ်စပ်စစ်ဆေးရေးစခန်းများ ရှိကြပါတယ်။ ထိုစစ်ဆေးရေး စခန်းများနဲ့ တရားမဝင်ထွက်ပေါက်များမှတစ်ဆင့် ကုန်သွယ်မှုများရှိနေရာ ၎င်းတို့အားတရားဝင် နယ်စပ်ကုန်သွယ်မှုဖြစ်အောင် စီမံဆောင်ရွက်ပေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာငွေ ဖြည့်တင်းရေး စီမံဆောင်ရွက်နိုင်‌ြခေ ရှိ၊ မရှိ မေးမြန်းချက်အပေါ် ဖြေကြားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ တက်ရောက်လာကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော့်အနေနဲ့  ရှမ်းပြည်နယ်၊ လဲချား မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မေးမြန်းထားတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းရှိသော တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့ ဘဏ္ဍာငွေရရှိရေးအတွက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှ ရရှိတဲ့အခွန်အခအရပ်ရပ်တို့ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ရာခိုင်နှုန်းသတ်မှတ်ပြီး ခွဲဝေပေးနိုင်ခြင်း ရှိ၊ မရှိမေးခွန်းကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနလက်အောက်မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ကောက်ခံရရှိတဲ့အခွန်အခမှာ သွင်းကုန်လိုင်စင်ကြေးတစ်ခု တည်းသာရှိပါတယ်။ အဆိုပါရရှိတဲ့ သွင်းကုန်လိုင်စင်ကြေးများကိုလည်း ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်းကို ပေးသွင်းလျက်ရှိပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ နယ်စပ်မှာကုန်သွယ်မှုပြုတဲ့ ကုန်ပစ္စည်းများအပေါ် ကင်းလွတ်ခွင့်ပြုထားတဲ့ အချို့ ကုန်ပစ္စည်းများမှအပ ကျန်ပို့ကုန်ပစ္စည်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကိုလည်းကောင်း၊ သွင်းကုန်များအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကိုလည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနမှ သွင်းကုန် အပေါ် အကောက်ခွန်ကိုလည်းကောင်း ကောက်ခံလျက်ရှိပါတယ်။ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၁၊ အပိုဒ်ခွဲ(က)အရ အဆိုပါအခွန်အကောက်များဟာ ဇယား ၅၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရရှိမယ့် အခွန်အခများတွင် ပါဝင်ခြင်း မရှိတဲ့အတွက် ပြည်ထောင်စုအစိုးရကကောက်ခံပြီး ပြည်ထောင်စုရန်ပုံငွေသို့ ပေးသွင်းရတဲ့ အခွန်အကောက်များလည်း ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့် စတင် ဖွဲ့စည်းတဲ့ကာလဖြစ်တဲ့အတွက် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ ကာလကို နိုင်ငံတော်မှတာဝန်ယူပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေအစီအစဉ်နဲ့ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေများအဖြစ် ခွဲခြားဆောင်ရွက်မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဆောင်ရွက်တဲ့နေရာမှာ  တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရများဟာ ဖွဲ့စည်းပုံအ‌ြခေခံဥပဒေဇယား ၂ မှာဖော်ပြထားတဲ့စီမံကိန်းနဲ့ ဘဏ္ဍာရေးကဏ္ဍမှာသတ်မှတ်ထားတဲ့ အခွန်အခများဖြစ်တဲ့ မြေယာခွန်၊ ယစ်မျိုးခွန်၊ အဆောက်အအုံနဲ့ ‌မြေခွန်၊ ရေခွန်၊ လမ်းဘီးခွန်စတဲ့အခွန်အခများ  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရဲ့ ဝန်ဆောင်မှု လုပ်ငန်းများနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင်ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်းခြင်းနဲ့ ‌အခြားနည်းလမ်းများနဲ့ဆောင်ရွက်ပြီး ရငွေများရရှိအောင် စီမံကြီးကြပ်ကောက်ခံရမှာ ဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍမှာ ပြည်ထောင်စုကပြဋ္ဌာန်းတဲ့ ဥပဒေနဲ့အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းဆောင်ရွက်မယ့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရောင်းဝယ်ရေးကိစ္စများ ကို  စီမံခန့်ခွဲပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ၎င်းအပြင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဟာ  ဖွဲ့စည်းပုံအ‌ြခေခံဥပဒေဇယား ၁ မှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ပါဝင်တဲ့ အခွန်အခများဖြစ်တဲ့  ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊  တံဆိပ်ခေါင်းခွန်၊ အကောက်ခွန်၊ အောင်ဘာလေထီများနဲ့ ပြည်ထောင်စုရဲ့ ဝန်ဆောင်မှုလုပ်ငန်းများနဲ့ ပြည်ထောင်စုပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနဲ့ အခြားနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းများဖြင့် ရငွေရရှိအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍ သတ်မှတ်ချက်ဖြစ်တဲ့  စီးပွား‌‌ရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းများကိုလည်းပဲ ပြည်ထောင်စုအဆင့်အနေနဲ့သာ ဆောင်ရွက် ပြီးတော့ ယင်းလုပ်ငန်းမှ ရငွေများဟာ ပြည်ထောင်စုရဲ့ရငွေများ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအ‌ြခေခံဥပဒေအပိုဒ် ၂၅၄(က)နဲ့ (ခ)မှာ တိုင်းဒေသကြီး၊ အစိုးရ သို့မဟုတ် ပြည်နယ် အစိုးရများကောက်ခံရမယ့် အခွန်အခများကို ခွင့်ပြုထားတာရှိပါတယ်။ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရမှ ကောက်ခံရမယ့်အခွန်အခများ  ၂၅၄(က)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များဇယား ၅ ပါ အခွန်အခများကို ဥပဒေနဲ့အညီကောက်ခံပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ (ခ)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံ‌ငွေများကို ဥပဒေနဲ့အညီ သုံးစွဲခွင့်ရှိသည်။ ဇယား ၅ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ ကောက်ခံရမည့်အခွန်အခများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

(က)    မြေယာခွန်၊

(ခ)     ယစ်မျိုးခွန်၊

(ဂ)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲလျက်ရှိသည့် ဆည်များ၊ တာတမံများကို အရင်းခံတဲ့ရေခွန်၊ တာတမံခွန်နဲ့ ထိုဆည်များ၊ တာတမံများရဲ့ ရေအားဖြင့် ထုတ်လုပ် ရရှိတဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲခ၊

(ဃ)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲလျက်ရှိသည့်လမ်းများ၊ တံတားများ  ဖြတ်သန်းခ၊

(င)     ရေချိုငါးလုပ်ငန်းများအပေါ်မှာ စည်းကြပ်ကောက်ခံတဲ့ ဘဏ္ဍာတော်ကြေး၊ သတ်မှတ် ထားတဲ့ အကွာအဝေးအတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်းအပေါ်မှာ စည်းကြပ်ကောက်ခံတဲ့ ဘဏ္ဍာတော်ကြေး၊

(စ)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကုန်းလမ်း၊ ရေလမ်းသုံးယာဉ်များဆိုင်ရာ ဥပဒေအရ စည်းကြပ်သောအခွန်၊

(ဆ)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင်ပစ္စည်းများ ရောင်းရငွေနှင့် ငှားရမ်းခများ၊ ယင်းပစ္စည်းများမှရရှိသောအကျိုးအမြတ်များ၊

(ဇ)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဝန်ဆောင်မှုလုပ်ငန်းများအတွက် သတ်မှတ် ကောက်ခံတဲ့အခကြေးငွေများ၊ အခွန်အခများနဲ့အခြားရငွေများ၊

(ဈ)     တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တရားရုံးများက ချမှတ်သည့်ဒဏ်ငွေများ၊ ဝန်ဆောင်မှုအတွက် ကောက်ခံတဲ့အခွန်အခများနဲ့ အခြားရငွေများ၊

(ည)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရန်ပုံငွေများ ထုတ်ချေးသဖြင့် ရရှိသောအတိုးများ၊

(ဋ)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရရှိသည့်အကျိုးအမြတ်များ၊

(ဌ)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ သစ်တောများမှ အောက်ပါပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်အခများ-

(၁)     ကျွန်းနှင့်သတ်မှတ်သော သစ်မာများမှအပကျန်သစ်များအပေါ်တွင် ကောက်ခံသည့် အခွန်၊

(၂)     ထင်း၊ မီးသွေး၊ ကြိမ်၊ ဝါး၊ ငှက်သိုက်၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှူးဆီ၊ သစ်မွှေး၊ ပျားထွက်ပစ္စည်းများ စသည်တို့အပေါ် ကောက်ခံတဲ့အခွန်၊

(ဍ)     မှတ်ပုံတင်ကြေး၊

(ဎ)     ပွဲခွန်၊

(ဏ)    ဆားခွန်၊

 

(တ)    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှရရှိသည့် ဘဏ္ဍာငွေများ၊

(ထ)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးဆိုင်ရာ အဖွဲ့အစည်း များ၏ ထည်‌့ဝင်ငွေများ၊

(ဒ)     ပိုင်ရှင်မပေါ်သော သွင်းထားငွေများနှင့်ပစ္စည်းများ၊

(ဓ)     ရတနာသိုက်များ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

သို့ပါ၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ ကောက်ခံရရှိတဲ့ အခွန်အကောက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ရာခိုင်နှုန်းသတ်မှတ်၍ ခွဲဝေပေးရန် သတ်မှတ် ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ ဆက်လက်ပြီး ဒုတိယမေးခွန်းဖြစ်တဲ့ အခြား အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာရှိတဲ့ နယ်စပ်စစ်ဆေးရေးစခန်းများနဲ့ တရားမဝင် ဝင်/ထွက်ပေါက်များမှတစ်ဆင့် ကုန်သွယ်မှုများရှိနေရာ ၎င်းတို့အား တရားဝင်နယ်စပ်ကုန်သွယ်မှုဖြစ်အောင် စီမံဆောင်ရွက်ပေးပြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘဏ္ဍာငွေဖြည့်တင်းရေး စီမံဆောင်ရွက်နိုင်ခြေ ရှိ၊ မရှိဆိုတဲ့မေးခွန်းကို ဖြေကြားမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများနဲ့ဆက်စပ်နေတဲ့ နယ်စပ်ဒေသများမှာ နယ်စပ်ကုန်သွယ်ရေး စခန်း(၁၂)ခုကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ပုံမှန်ကုန်သွယ်ရေးများ ဆောင်ရွက် ပေးလျက်လည်းရှိပါတယ်။ အဲဒီလို နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးမှရရှိလာသော အခွန်အခ များကိုလည်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းစေလျက်ရှိပါတယ်။ တရားမဝင် ဝင်/ထွက် ပေါက်များမှ ကုန်သွယ်မှုလုပ်ငန်းများကိုလည်း မပြုလုပ်နိုင်ရန် ပိတ်ဆို့တားဆီးပြီး တရားဝင် နည်းလမ်းများမှ ရောင်းဝယ်မှုပြုလုပ်နိုင်အောင်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တရားမဝင် ဝင်/ထွက်ပေါက်များကို တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ပြောင်းလဲဖွင်‌့လှစ်နိုင်ဖို့ အောက်ဖော်ပြပါ  အချက် ၆ ချက်နဲ့ပြည့်စုံရန် လိုအပ်မှာဖြစ်ပါတယ် -

(က)    နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်မယ့်ဒေသတွင်း လုံခြုံအေးချမ်းမှုရှိခြင်း၊

(ခ)     လမ်းပန်းဆက်သွယ်မှုအခြေအနေဟာ ကုန်သွယ်မှုချောမွေ့စွာ ဆောင်ရွက်နိုင်တဲ့အဆင့် အထိကောင်းမွန်ခြင်း၊

(ဂ)     နှစ်နိုင်ငံချစ်ကြည်ရေးကောင်းမွန်ပြီး နှစ်နိုင်ငံလုံးက နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ရေး ညှိနှိုင်းသဘောတူညီချက်များ ရရှိရန်လိုခြင်း၊

(ဃ)    နယ်စပ်ကုန်သွယ်မှုစခန်းသစ်ဖွင်‌့လှစ်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ၊ အကောက်ခွန်ဆိုင်ရာ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းသဘောတူညီချက်များ ရှိခြင်း၊

(င)     နှစ်နိုင်ငံပို့ကုန်၊ သွင်းကုန်အပြန်အလှန်မျှတစွာ ဆောင်ရွက်နိုင်မယ့် ပမာဏရှိရန် လိုအပ်ခြင်း၊

(စ)     အခြားတိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ချိတ်ဆက်ပြီး ကုန်သွယ်မှုပြုနိုင်ခြင်းစတဲ့ အချက်များဖြစ်ပါတယ်။

          သို့ပါ၍ နယ်စပ်စခန်းများမှ ကောက်ခံရရှိတဲ့ အခွန်အရပ်ရပ်တို့ကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့သာ ပေးသွင်းလျက်ရှိကြောင်း  ဖြေကြားပါသည်။