ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသည့်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်အနေဖြင့် ကွင်းဆင်းစစ်ဆေးကြားနာမှုများ ပြုလုပ်သည့်အခါမှာ လုပ်ငန်းရှင်ကြီးများကလက်ဦးမှုရယူပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို အမြန်ဆုံး ပြုလုပ်နေသည့်အပြင် လက်ငုတ်လက်ရင်းလယ်သမားများကိုလည်း ၎င်းနယ်မြေအနီးသို့ပင် ဖြတ်သန်း ခွင့်မပေးတော့သည့် အခြေအနေမျိုးကို ရောက်ရှိနေပါသည်။ ယခင် ကဆိုရင် လယ်သီးစားခပေးပြီး လယ်လုပ်ခွင့်ရနေသော လယ်သမားများသည် လယ်ယာစုံစမ်းရေးကော်မရှင် ကွင်းဆင်းကြားနာသည့် အခါမှာ အခြေပါပျက်နေရသည့် ဘဝမျိုးရောက်ရှိသွားပါသည်။ လုပ်ငန်းရှင်များဘက်မှလည်း တစ်ဖက်သတ်လုပ်ဆောင်နေမှုများကို သက်ဆိုင်ရာအုပ်ချုပ်ရေး အာဏာပိုင်များက မည်ကဲ့သို့ ဆောင်ရွက်ပေးပါသနည်းလို့ မေးမြန်းကြည့်သည့်အခါမှာလည်း လုပ်ငန်းရှင်များက ဥပဒေနဲ့အညီ လုပ်ဆောင်တာဖြစ်တဲ့အတွက် သူတို့အနေနဲ့ မည်သို့မျှလုပ်ဆောင် ပေးရန်မလိုပါကြောင်း ပြန်လည် ဖြေကြားတာကိုတွေ့ရပါတယ်။ သို့ဖြစ်ပါ၍ လယ်သမားအများစုအနေနဲ့နစ်နာမှုတွေ အခါခါမဖြစ်စေ ရန်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးပါသနည်းဆိုတဲ့ ရှင်းလင်းချက်လေးဖြစ်ပါတယ်။ မေးခွန်းပုံစံကတော့ နှစ်ပေါင်းများစွာ ကြာမြင့်နေသောလုပ်ငန်းများ၊ စီမံကိန်းဖျက်လိုက်ရသည့်လုပ်ငန်းများကို လက်လွှဲ၍ အကွက်ရိုက် ရောင်းချခြင်းများပြုလုပ်နေမှုကို ဥပဒေနှင့်အညီ မည်ကဲ့သို့လုပ်ဆောင်ပေးမည်နည်းဆိုတော့ ကျွန်မကစာလေးနည်းနည်းပြင်လိုက်ပါ မယ်။ နှစ်ပေါင်းများစွာ ကြာမြင့်နေသောလုပ်ငန်းများဆိုတာက နည်းနည်းအဓိပ္ပာယ်မရှိသလိုဖြစ်နေလို့ နှစ်ပေါင်းများစွာကြာမြင့်နေသော စီမံကိန်းလုပ်ငန်းများ၊ စီမံကိန်းဖျက်လိုက်ရသည့်လုပ်ငန်းများကို လက်လွှဲ၍ အကွက်ရိုက်ရောင်းခြင်းများပြုလုပ်နေမှုကို ဥပဒေနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ တွင် နိုင်ငံတော်သမ္မတသည် သို့တည်းမဟုတ် နိုင်ငံတော်သမ္မတက ခန့်အပ်သော အာဏာပိုင်သည် လိုအပ် သည်ဟု ထင်မြင်ယူဆလျှင် မည်သည့်လယ်ယာမြေကိုမဆို မိမိသတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးချရန် ဆင့်ဆိုနိုင်သည်လို့ ပြဋ္ဌာန်းထားရှိပါတယ်။ ယခင်က မြို့ပြအင်္ဂါရပ်များနှင့်ညီညွတ်စေရေး အတွက်လည်းကောင်း၊ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်းကောင်း၊ အစိုးရအဆက်ဆက် လက်ထက်များ၌ လယ်ယာမြေပေါ်တွင် မြို့ပြအိမ်ရာမြေကွက်များကို တိုးချဲ့ဖော်ထုတ်ခြင်း၊ စက်မှုဇုန် များဖော်ထုတ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းများ ရှိခဲ့ပါ တယ်။ လယ်ယာမြေပေါ်တွင် စိုက်ပျိုးမှုမှအပ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် စီမံကိန်း ဧရိယာ အတွင်းပါဝင်သည့် မူလလက်ငုတ်လယ်သမားများ၏ လယ်ယာမြေများအတွက် နစ်နာကြေးနှင့် လျော်ကြေးများကို ထိုစဉ်ကာလက ပြဋ္ဌာန်းခဲ့သည့်ဥပဒေများနှင့်အညီ လျော်ကြေးပေးခြင်း၊ မြေကွက် အစားပေးခြင်းများ ဆောင်ရွက်သည်များရှိကြောင်းကိုလည်း လေ့လာသိရှိရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီးမေးခွန်းတွင် ဖော်ပြပါရှိသည့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များက ပြော သော ဥပဒေနှင့်အညီဆိုသည်မှာ လန-၃၉ ကျပြီးသားမြေကို ပြောဆိုခြင်း ဖြစ်ကြောင်း နားလည်ရပါ တယ်လို့ ဖော်ပြပါတယ်။ ဖော်ပြချက်အရ အဆိုပါမြေများသည် ယခင် ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၉ အရ စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုရန် ခွင့်ပြုပြီးဖြစ် သော မြေများဖြစ်၍ အဆိုပါမြေများတွင် စီမံကိန်းအကောင်အထည်ဖော်ရန် တင်ပြလျှောက်ထားခဲ့ သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများမှာ စီမံကိန်းကို ပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိပါတယ်။ စီမံကိန်းကို တင်ပြခဲ့သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများမှ စီမံကိန်းအား ပြီးစီးအောင် မဆောင်ရွက်နိုင် ပါက လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၄၈ အရ ပြစ်ဒဏ်ချမှတ်ရန် အရေးယူ နိုင်ကြောင်းနှင့် ပုဒ်မ ၃၉ အရ ဆင့်ဆိုချက်ကို ပယ်ဖျက်နိုင်ကြောင်း ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံ ပိုင်ပြုလုပ်ရေးနည်းဥပဒေ ၁၅၁ နည်းဥပဒေခွဲ(၁)တွင် ဖော်ပြထားပါတယ်။ ယခုအခါ လယ်ယာမြေ ဥပဒေပုဒ်မ ၄၃ ပုဒ်မခွဲ(က)အရလည်းကောင်း၊ လယ်ယာမြေနည်းဥပဒေ ၁၁၇ နည်းဥပဒေခွဲ (က)အရ လည်းကောင်း၊ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေနှင့် ၁၉၅၄ ခုနှစ် လယ်ယာ မြေနိုင်ငံပိုင်ပြုလုပ်ရေး နည်းဥပဒေများကို ရုပ်သိမ်းခဲ့ပြီးဖြစ်ပါတယ်။ ယနေ့ကာလတွင် ယခင် အဆက်ဆက် လက်ထက်ကာလကရှိနေခဲ့သည့် အခြေအနေအချိန်အခါ အကန့်အသတ်များကြားမှ နိုင်ငံသား ပြည်သူများအပေါ် တိုးတက်ဖွံ့ဖြိုးစေလိုသည့် စိတ်စေတနာဖြင့် စီမံစည်းရုံးအကောင် အထည်ဖော်ခဲ့သည့်လုပ်ငန်းများအပေါ်တွင် ဆက်လက်၍ တိုးတက်အောင်မြင်အောင်ဆောင်ရွက် ကြရန်အတွက် သင့်လျော်သည့်လုပ်ငန်းများကို အခက်အခဲများကြားမှ ဆက်လက်ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မပြီးပြတ်သေးသော မပြေလည်ဖြစ်နေခြင်း၊ ပြဿနာ ဖြစ်နေခြင်း စသည့်ရှင်းလင်းဆောင်ရွက်ရန် လိုအပ်သောကိစ္စများကိုလည်း တည်ဆဲမြေယာဥပဒေ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များဖြင့် ညီညွတ်စွာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ပကတိမြေပြင်အခြေအနေအမှန်ပေါ်တွင်အခြေခံ၍ ဆုံးဖြတ်ဖြေရှင်းဆောင်ရွက် ကြရမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းချက်နှင့်စပ်လျဉ်း၍ လယ်ယာမြေဥပဒေ အာဏာမတည်မီက ယခင် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ စိုက်ပျိုးရေးမှအပ အခြားနည်းလမ်းအသုံးပြုရန် ခွင့်ပြုမိန့်ရရှိခဲ့ပြီး စီမံကိန်း ဖျက်လိုက်ရပြီး လုပ်ငန်းများနှင့်ပတ်သက်၍ ယခုအခါ လယ်ယာမြေဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် ယင်းဥပဒေ၊ နည်းဥပဒေများအရ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ လယ်ယာမြေဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ(ဂ)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ပါရှိသည့်အတိုင်း ဖြစ်ပေါ်လျက်ရှိ သည့် လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်သည့်ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ မြေပြင်ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များအရ မှန်ကန်တရားမျှတစွာ စိစစ် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်တင်နွယ်ဦး (ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်) က ဆက်စပ်မေးမြန်းပါသည်။
စီမံကိန်းလုပ်မယ်ဆိုပြီးတော့ ဆက်မလုပ်တဲ့ကိစ္စပါ။ တစ်နည်းအားဖြင့်ဆိုလို့ရှိရင်စီမံကိန်းဆိုတဲ့အခါမှာ မြို့ရွာအိမ်ရာတွေဆောက်ဖို့စီမံကိန်း၊ စက်မှုစီမံကိန်း၊ ရထားလမ်းဖောက်တဲ့ စီမံကိန်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီစီမံကိန်းဆိုတာက အချိန်ကာလရှိရမယ်လို့ ကျွန်မလည်း ပြည်ထောင်စုလွှတ်တော်မှာ ကတည်းက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ တစ်ခါထည့်ပြောဖူးပါတယ်။ အဲ့တော့ အခု စီမံကိန်းတွေက အနှစ်၂၀ ကျော်တောင်ဖြစ်တဲ့အတွက် ဘယ်အချိန်ကာလမှာ ပြီးဆုံးမယ့်စီမံကိန်းလဲ၊ ဘယ်အခါမှပြီးမှာ လဲ တကယ့်တကယ်ဥပဒေအရ စီမံကိန်းကာလကို ဘယ်လောက်လို့ သတ်မှတ်ထားပါသလဲ။ အဲ့ဒီတော့ စီမံကိန်းကာလကို ဖောက်ဖျက်ခြင်းသည်လည်း စီမံကိန်းဖျက်တဲ့အခါမှာ ဥပဒေနဲ့မညီလို့ ဒီပြဿနာ ဘယ်လိုဖြေရှင်းမှာလည်း အဲ့ဒါသိချင်တာပါ။ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကိုတာဝန်ပေးထား တယ်ဆိုတာ ဖြေမယ်ဆိုပြီးတော့ ကျွန်မအစကတည်းက မျှော်လင့်ပြီးသားပါ။ ဥပဒေအရလည်း အားလုံး ကျွန်မနားလည်ပါတယ်။ စီမံကိန်းကာလလေးသိချင်ပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
ပြည်ထောင်စုလွှတ်တော်မှာ ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်အဆိုပြုတင်ပြတဲ့ အပေါ် မူတည်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦး ဆွေးနွေးထားပါတယ်။ အဲဒီဆွေးနွေးချက်ပေါ် မူတည်ပြီးတော့ ပြည်ထောင်စုလွှတ်တော်က ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ မှတ်မိသမျှပြန်ပြောရမယ်ဆိုရင် တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးအတွက် သိမ်းပိုက်ထားသော၊ သိမ်းဆည်းထားသော လယ်ယာမြေများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် တရား နည်းလမ်းတကျ ဆောင်ရွက်နိုင်ရေးဆိုတဲ့ အဆိုပေါ်မူတည်ပြီးတော့ ဒီနေ့ သက်ဆိုင်ရာ ကော်မရှင်က ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်တော်မှတ်မိသမျှပြောမယ်ဆိုရင် ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကာလအတွှင်းမှာ တပ်မတော်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေနဲ့ပတ်သက်လို့ တစ်ဖြတ်ရှင်းလင်း တင်ပြပြီးဖြစ်ပါတယ်။ ကျန်တဲ့ပြည်သူတွေနဲ့ သက်ဆိုင်တဲ့၊ ကျန်တဲ့ဝန်ကြီးဌာနနဲ့သက်ဆိုင်တဲ့ စီမံကိန်း မလုပ်နိုင်တဲ့အတွက် ကျန်တဲ့မြေကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကော်မရှင်က ရှင်းလင်းတင်ပြချက်ကို ခဏစောင့် ကြည့်ဖို့လိုပါတယ်။ ခုနကတင်ပြသွားတဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက တင်ပြသွားတဲ့ကိစ္စကတော့ ဥပဒေပါအကြောင်းအရာများကိုပဲ တင်ပြတာဖြစ်ပေမယ့် ကျွန်တော်တို့ ဒီနေ့ နိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ ဥပဒေအရဆောင်ရွက်တယ်ဆိုတဲ့နေရာမှာ ဥပဒေသဘောအရ မှန်ပေမယ့် လက်တွေ့နယ်ပယ်မှာ ဒီနေ့ ခေတ်စားပြီးပြောနေတဲ့ EIA, SIA, HIA နဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ ပြန်လည်သုံးသပ်စရာတွေကို သက်ဆိုင်ရာပြည်ထောင်စုကော်မရှင်က ဆက်လက်ဆောင်ရွက်နေပါတယ်။ တစ်ဖက်နားမဟုတ်ဘဲနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ တင်ပြ ချက်၊ ပြည်သူများရဲ့ တင်ပြချက် ဒီအပေါ်သုံးသပ်ပြီးတော့ ကော်မရှင်က အမျှတဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ။ ဒါကြောင့်မို့လို့ ထပ်ဆင့်မေးခွန်းသည် သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေရုံနဲ့ မလုံလောက်ပါဘူး။ ဒီဟာတွေပြေလည်ဖို့အတွက်ကတော့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း ပေးထားတဲ့ကော်မရှင်တွေရဲ့ တွေ့ရှိသုံးသပ်ချက်ပေါ်မူတည်ပြီး တာဝန်ရှိသူများဆက်လက် ဆောင်ရွက် ပေးမှသာ ပြေလည်မယ့်အနေအထားရှိပါတယ်။ ထပ်ပြီးတင်ပြပြောဆိုရမယ်ဆိုရင် အရင်က လုပ်ဆောင်သွားခဲ့တဲ့ကိစ္စမှာ ဥပဒေအရဆိုပြီးတော့ စာပေါ်ပါတဲ့ဥပဒေအရသာဆောင်ရွက်ပြီး ပြည်သူများနဲ့ နိုင်ငံအတွင်းမှာဖြစ်ပေါ်ခံစားနိုင်တဲ့ EIA, SIA, HIA နဲ့ စဉ်းစားရမယ့်ကိစ္စတွေ ပေါ်ပေါက် လာတဲ့အတွက် ကော်မရှင်ကဒါကို အလေးထားဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးခင်ဇော် ဆွေးနွေးတာကို ကျွန်တော် ဖြည့်စွက်ပြီးတော့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဒီကာလအထိတော့ စောင့်စားပြီးတော့ ကြည့်ရှုပြီးတဲ့အခါမှာ ဆက်လက် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ဒီလိုပြောခြင်းဟာလည်း ကျွန်တော်တို့ မလိုအပ်ဘဲထပ်ပြီးတော့ မေးမြန်းနေမယ်။ လုပ်ဆောင်နေမယ်ဆိုလို့ရှိရင် ဆောင်ရွက်နေတဲ့ ကော်မရှင်အတွက်လည်း ထိခိုက် သလို သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့လည်း မလိုအပ်ဘဲနဲ့ ထပ်မံဖြေကြားနေမှုများဟာ မသင့်လျော်ပါဘူး။ ဒါကြောင့် ဒါကိုအားလုံး လွှတ်တော်ကိုယ်စားလှယ်များ နားလည်လက်ခံပေးပါရန် ဆက်စပ်ရှင်းလင်း ဖြေကြားပါသည်။
