(စ)-သမ္မတရုံး ဝန်ကြီးဌာန(၁) နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၄ ခု နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၄.၁.၂၀၁၃)

မြောက်ဥက္ကလာပမြို့နယ်ဟာ ဆိုလို့ရှိရင် ရွှေပေါက္ကံ၊ ဝေဘာဂီစတဲ့ မြို့သစ်ရပ်ကွက်များအပါအဝင် ရပ်ကွက် ၁၉ ခုနှင့်ဖွဲ့စည်းထားရှိပြီးတော့ လူဦးရေအလွန်ထူထပ်များပြားတဲ့ မြို့နယ်ကြီးတစ်ခုဖြစ်ပါတယ်။ အဲ့ဒီမြောက်ဥက္ကလာပမြို့နယ်မှာ နံပါတ် (၁) အနေနဲ့ အလွန်ကြီးမားတဲ့ ပြဿနာဖြစ်ပြီးတော့ ဆရာမနိုင် နှစ်ဆောင်ပြိုင်လို့ပြောရမယ့် ပြဿနာရပ်ကတော့ နှစ်စဉ်လိုလိုပဲ မိုးရာသီရောက်တိုင်းမှာ မြို့နယ်မှာရှိတဲ့ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးအပါအဝင် မြို့နယ်စီးပွားရေးဘဏ်၊ မြို့နယ်တရားရုံး၊ မြို့နယ်ရဲစခန်း များအပါအဝင် ရပ်ကွက်တိုင်းလိုလိုမှာ ရေကြီးရေလျှံရေဝပ်တာဖြစ်ပါတယ်။ အဲ့ဒီလို ရေကြီးပြီဆိုရင် လည်း နှစ်စဉ်လိုလိုရေကြီးတဲ့အခါမှာ ပြန်ပြီးတော့ ရေကျဖို့ဆိုရင် ၄၊ ၅ ရက်လောက်ကြာတတ်ပါတယ်။ အဲ့ဒီလို ရေကြီးတဲ့အတွက် ဘယ်လိုဆိုးကျိုးတွေ ခံစားရသလဲဆိုရင် ပြည်သူလူထုထည်‌့ဝင်ငွေများဖြင့် တည်ဆောက်ထားတဲ့ လမ်းများပျက်ခြင်း၊ ရောဂါဘယများဖြစ်ပွားခြင်း၊ အဲဒီရောဂါဘယဖြစ်ပွားတဲ့ နေရာမှာ သှေးလွန်တုပ်ကွေးတို့၊ ငှက်ဖျားတို့၊ ဝမ်းလျှောဝမ်းပျက်ရောဂါတို့ဟာ ထိပ်ဆုံးကအဖြစ်များ ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်ဟာ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်တွေထဲမှာဆိုလို့ရှိရင် နှစ်စဉ်မိုးရာသီရောက်တိုင်း သွေးလွန်တုပ်ကွေးအဖြစ်များဆုံး မြို့နယ်ထဲမှာ တစ်ခုအပါအဝင် အဖြစ်ရပ်တည်နေပါတယ်။ အဲ့ဒီလို သွေးလွန်တုပ်ကွေး၊ ဝမ်းလျှောဝမ်းပျက်နှင့် ငှက်ဖျားရောဂါများ ပျံ့နှံ့ဖြစ်ပွားသည့် အပြင်မြို့နယ်ဘဏ်ဆိုလို့ရှိရင် မြို့နယ်စီးပွားရေးဘဏ်ပရိဝုဏ်အတွင်းမှာကိုပဲ မိုးကြီးပြီဆိုလို့ရှိရင် ရေဟာဆိုလို့ရှိရင် ပရိဝုဏ်အတွင်းထဲမှာ ဒူးဆစ်လောက်အထိ နီးပါးမြုပ်ပြီးတော့ ရုံးထဲမှာဆိုလို့ရှိရင်လည်း ခြေသလုံးမြုပ်တဲ့အထိ ရေများဝင်ရောက်တဲ့အတွက် ဘဏ်မှာလာတဲ့ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူလူထုဟာ ဒုက္ခများစွာနဲ့ကြုံတွေ့ရပါတယ်။ နောက်တစ်ခုဟာ လည်းပဲ ဒီလိုရေတွေကြီးတဲ့အတွက် လူတွေဟာ သွားရေးလာရေးမှာလည်း အင်မတန်ဒုက္ခရောက် ပါတယ်။ ဒါနံပါတ်(၁) ပြဿနာဖြစ်ပါတယ်။ နံပါတ် (၂) အနေနဲ့ဆိုလို့ရှိရင်တော့ တချို့ရပ်ကွက်တွေမှာ ဒေသကန်ကြီးတွေဟာ တိမ်ကောပြီးတော့ ကျူးကျော်အိမ်တွေ ဝင်ရောက်ဆောက်လုပ်ကြတယ်။ ပြီးတော့ မီးသတ်ရာမှာမီးလောင်တဲ့အခါမှာ အလွန်အသုံးဝင်တဲ့ မီးတား‌ွမေဆိုတာ မြောက်ဥက္ကလာပမြို့ စတည်စဉ်မှာ ရှိခဲ့ပါတယ်။ အခုတော့ မီးတားမြေတွေလည်း ပျောက်ကွယ်သွားပြီးတော့ ကျူးကျော်အိမ် တွေ ဝင်ရောက်ဆောက်လိုက်တဲ့အတွက် နွေရာသီမှာ မီးရေးထင်းရေးဖြစ်မယ်ဆိုလို့ရှိရင် အခက်အခဲ တွေ ဖြစ်ပေါ်လာနိုင်တာ တွေ့ရပါတယ်။ မြောက်ဥက္ကလာပမြို့နယ်မှာဆိုလို့ရှိရင် ကာရာအိုကေဆိုင် တွေ၊ အရက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေက အလွန်ပေါများပေမယ့် အားကစားကွင်း၊ စာကြည့်တိုက်တွေ ကတော့ အလွန်နည်းပါးနေတာကို တွေ့ရပါတယ်။ ရပ်ကွက် ၁၉ ခုက ရပ်ကွက်တိုင်းလိုလိုမှာ ရှိသင့် ရှိထိုက်တာကတော့ အားကစားကွင်းတို့၊ စာကြည်‌့တိုက်တို့ ရှိသင့်ပါတယ်။ အားကစားကွင်းတွေ မရှိတဲ့အတွက် ရပ်ကွက်ထဲမှာရှိတဲ့လူငယ်တွေဟာ အများပြည်သူအသုံးပြုတဲ့လမ်းများပေါ်မှာ ဘောလုံးကန်တာတွေ၊ ဘာတွေလုပ်ရတဲ့အတွက် ပတ်ဝန်းကျင်နှင့် အနှောင့်အယှက်ဖြစ်ခြင်း၊ လမ်းသွားလမ်းလာများ ထိခိုက်မှုဖြစ်ပြီးတော့ ပြဿနာများဖြစ်ခြင်းများလည်း ပေါ်ပေါက်လျက်ရှိပါ တယ်။ တတိယအချက်အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ မူလရုပ်ရှင်ရုံ ၂ ရုံရှိပေမယ့် ယခုအခါမှာ တော့ ရုပ်ရှင်ရုံတစ်ရုံမှ မရှိတော့တာတွေ့ရပါတယ်။ နံပါတ် (၄) အချက်အနေနဲ့  လျှပ်စစ်မီးနှင့် ပတ်သက်လို့ကတော့ မြောက်ဥက္ကလာပမြို့နယ်မှာ ယခင်ကထက်စာရင် အများကြီးတိုးတက်လာ ပေမယ့် ရပ်ကွက်အချို့မှာ လျှပ်စစ်မီးတွေ မလုံလောက်တာကို တွေ့ရှိရပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး တော့ အခုအထက်ကတင်ပြသွားတဲ့ ပြဿနာရပ်များနှင့်ပတ်သက်ပြီးတော့  ၂၀၁၁ ခု ကာလကတည်း က မြို့နယ်အတွင်းမှာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပေမယ့် ထူးခြားမှု မရှိပါဘူး။ အထူးသဖြင့်တော့ ရေကြီးတဲ့ကိစ္စဟာဆိုလို့ရှိရင် ကျွန်တော်တို့ သွားရောက်ပြီးတော့ ရပ်ကွက်လူထုနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးဟာ သွားရောက်ညှိနှိုင်းတဲ့အခါမှာ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှာ ရေတွေကြီးနေတဲ့အတွက် ရေတွေကို ကျော်ပြီးသွားရပါတယ်။ မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်လို့ ထူးခြားမှုမရှိတဲ့အတွက် ယခုကဲ့သို့ ပြည်သူ့လွှတ်တော်မှာ တင်ပြရခြင်းဖြစ်ပြီးတော့ မြို့နယ်ပြည်သူလူထု နှစ်ရှည်လများခံစားနေရသော ရေကြီးတဲ့ကိစ္စ အပါအဝင် ဘက်စုံလိုအပ်ချက်များသက်သာလျော့ပါးအောင် သက်ဆိုင်ရာများမှ မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ

မေးခွန်း(၁) အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်အတွင်း နှစ်စဉ်ရေကြီးရေလျှံမှုမှ ကင်းလွတ်စေရန်အတွက် သုနန္ဒာချောင်း ပိုက် ၅ လုံးတံတားအား ချဲ့ထွင် ပေးခြင်းနှင့် ရေတံခါးများတပ်ဆင်ပေးခြင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ရှေှလှေချောင်း ရေတံခါး မူလ ၃ ပေါက်မှ ၂ ပေါက်ထပ်မံတိုးချဲ့၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မေဓာဝီလမ်းနှင့် ခေမာသီ လမ်းတို့တွင်လည်း  ရေထုတ်ပြွန်များ ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် သုနန္ဒာချောင်း၊ ရွှေလှေချောင်းတို့အား စက်ယန္တရားဖြင့်တူးဖော်ခြင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်တဲ့အပြင် ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက်လည်း စဉ်ဆက်မပြတ်ရှင်းလင်းပေးလျက်ရှိပါတယ်။ ကျန်းမာရေးအပိုင်းအနေနဲ့ သွေးလွန်တုတ်ကွေးရောဂါ သည် ရေကြည်ရေသန့်တွင် ပေါက်ဖွားသော Aedes ခြင်မှကူးစက်ဖြစ်ပွားပြီး ငှက်ဖျားရောဂါသည် တောတောင်စိမ်‌့စမ်း များတွင် ရှိသော Anopheles ခြင်များကြောင့် ရောဂါရှိသူများမှ ကူးစက်တတ်သော ရောဂါများဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသော အစားအသောက်နှင့် ရေများတွင်ပါဝင်သော ဘက်တီးရီးယားပိုး နှင့် ကပ်ပါးပိုးများကြောင့် ဖြစ်ပွားတတ်ပါတယ်။ ရပ်ကွက်များတွင် ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်းကြောင့် ရေဝပ်မှုများဖြစ်ပေါ်၍ ခြင်ပေါက်ဖွားမှုနှုန်း များပြားလာပြီး သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ကူးစက် ဖြစ်ပေါ်နိုင်သလို သောက်သုံးရေ၊ အစားအသောက်မသန့်ရှင်း၍ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပေါ်နိုင်ပါတယ်။ နေအိမ်များတွင်လည်း ရေသိုလှောင်ရာ ရေစည်၊ ရေကန်၊ ရေအိုးများကို အဖုံးလုံခြုံစွာ အုပ်ထားခြင်း မရှိသောကြောင့်လည်း Aedes ခြင်များပေါက်ဖွား၍ သွေးလွန်တုပ်ကွေးဖြစ်ပွားလာနိုင်ပါတယ်။ ရောဂါဖြစ်ပွားမှု သက်သာ လျော့ပါးစေရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ လစဉ်ခြင်ဆေးမှုတ်ခြင်း၊ ခြင်လောက်လန်း များ မပေါက်ဖွားစေရန်အတွက် ရပ်ကွက်များတွင် Abate ဆေးခပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါ တယ်။ ဖုံး၊ သွန်၊ လဲ၊ စစ် ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောပွဲများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ သို့သော်လည်း မြောက်ဥက္ကလာပတွင်နေထိုင်သည့် ပြည်သူများအနေနဲ့ ကျန်းမာရေးပညာပေး ဟောပြောပို့ချချက်များကို လိုက်နာမှုအားနည်းနေကြောင်းလည်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် လျော့ပါးစေရန် ယင်လုံအိမ်သာများကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ပို၍ဆောက်လုပ်နိုင်ရန် အစီအစဉ်ပြုလုပ်ပေးခြင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ  ကျန်းမာရေးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ပညာပေးဟောပြောမှုများ ပိုမိုဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှလည်း Abate ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ခြင်ထောင်စိမ်ဆေးရေထုတ်များ ဖြန့်ဝေခြင်းတို့ကို မြောက်ဥက္ကလာပမြို့နယ်အား ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားတင်ပြအပ်ပါတယ်။

ဒုတိယမေးခွန်းအနေနဲ့ မြောက်ဥက္ကလာပမြို့နယ်ဟာ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် စတင်တည်ထောင်ခဲ့သည့် မြို့သစ်မြို့နယ်ဖြစ်ပါသည်။ ယခင်က ရန်ကုန်မြို့၏ ကျူးကျော်အိမ်များကို ရှင်းလင်း၍ နေရာချထားပေးမှုကြောင့် ပေါ်ပေါက်လာခဲ့သည့်မြို့နယ်လည်း ဖြစ်ပါတယ်။ မြို့သစ်တည်ထောင်ကာစက ရန်ကုန်မြို့ကို ဝန်းရံနေသည့် မြို့ပြင်မြို့နယ်ဖြစ်သော်လည်း ယခုအခါ စီးပွားရေး၊ လူမှုရေး၊ ပညာရေးအခွင့်အလမ်း ဖွံ့ဖြိုးသည့် မြို့နယ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ကျေးလက်ဒေသမှ ရွှေ့ပြောင်းရောက်ရှိလာသူများ အခြေပြုရာမြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ မြို့သစ်များ တည်ထောင်ခဲ့ရာတွင် မီးတားကွင်းများ၊ ကွက်လပ်များ၊ ကစားကွင်းများနှင့် အခြားသော မြို့ပြအခြေခံအဆောက်အဦများ ထည်‌့သွင်းတည်ဆောက်ခဲ့သည့်အတွက် ယင်းနေရာများသည် ကျူးကျော်နေထိုင်သူများ အလွယ်တကူ ကျူးကျော်နေထိုင်နိုင်သည့် အခြေအနေကောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ကျူးကျော်မှုများအား စိစစ်ရာတွင် လမ်းထောင့်ရှိ မြေပိုရရှိသော မြေကွက်များအား စိတ်ပိုင်းရောင်းချပြီး ပိုသည့်မြေပေါ်တွင် အိမ်ဆောက်နေထိုင်သည့် ပုဂ္ဂလိကကျူးကျော်များ မီးတားကွင်းများ၊ ကွက်လပ်များသည့် မြေကွက်လပ်များပေါ်တွင် ပျံကျဈေးဆိုင်ရောင်းချရာမှ တဖြည်းဖြည်းအခိုင်အမာကျူးကျော်ခြင်းများ၊ ဘုန်းကြီးကျောင်း၊ အစိုးရကျောင်းများဘေးတွင် ကျူးကျော်ခြင်းများအပြင် ကွက်လပ်အချို့တွင် အလွယ်တကူ ကျူးကျော်နေထိုင်ခြင်းများစသည့် ပုံစံအမျိုးမျိုးတွေ့ရှိရပါတယ်။ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်ရှိရာ ၁၈ ရပ်ကွက်တွင် စုစုပေါင်း ကျူးကျော်အိမ်ခြေ ၂၄၀၀၊ လူဦးရေ ၁၂၂၇၅ ဦး၊ အကျယ်အဝန်းခန့်မှန်း ၈.၈၇ ဧကခန့်ရှိကြောင်း အခြေခံစာရင်းအရ သိရှိရပါတယ်။ ထို့အပြင် မြောက်ဥက္ကလာပမြို့နယ်တွင် မီးသတ်ရေကန် ၂၂ ကန်နှင့် ရွှေပေါက္ကံတွင် ၇ ကန် စုစုပေါင်း မီးသတ်ရေကန် ၂၉ ကန်ရှိပါတယ်။ အဆိုပါ မီးသတ်ရေကန်အချို့၏ ကန်ပေါင်များတွင်လည်း ကျူးကျော်မှုအချို့ရှိကြောင်း စိစစ်တွေ့ရှိရ ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်များအား ချိုးဖောက်သူ၊ ကျူးကျော်မှုများကို ဥပဒေနှင့်အညီ စည်ပင်သာယာတရားရုံးများတွင် တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ တရားစွဲဆိုအရေးယူရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေ (၁၁/၉၀) ဥပဒေပုဒ်မ ၂၈၊ ၂၉၊ ၃၀၊ ၃၁ တို့တွင် ဖော်ပြပါရှိသည့်ဒဏ်ငွေသည် ခေတ်ကာလ နှင့် မလျော်ညီနိုင်တော့တဲ့အတွက် ၁၄-၁၁-၂၀၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေအား ဒဏ်ငွေပြင်ဆင် သတ်မှတ်ပေးခဲ့ ပါတယ်။ ‌မြောက်ဥက္ကလာပမြို့နယ်တွင် ဒဏ်ငွေမပြင်ဆင်မီ ကျူးကျော်မှု ၇၇ မှု တရားစွဲဆိုခဲ့ရာ ဒဏ်ငွေ ပြင်ဆင်ပြီး နောက်ဥပဒေကို လိုက်နာဖျက်သိမ်းဖယ်ရှားသွားသဖြင့်  အမှုပိတ်သိမ်းမှု ၃၉ မှု၊ ကော်မတီ မှ ဖြေလျော့ပေးသည့်အမှု ၁၁ မှု၊ တရားခံပြေး ၈ မှု ရှိခဲ့ပြီး ယခုအခါလက်ကျန်အမှု ၁၉ မှု ကျန်ရှိ ပါတယ်။ မီးသတ်ရေကန်အားလုံးမှာ မီးသတ်ရေကန်အဆင့် သုံးစွဲနိုင်သော ကန်များဖြစ်ပြီး အနည်းငယ်တိမ်ကောနေသော မီးသတ်ကန်များကိုလည်း မိုးရာသီရေသိုလှောင်နိုင်ရေးအတွက် စီမံချက်ချပြင်ဆင်သွားရန် လိုအပ်လျက်ရှိသဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းမီးသတ်ကန် များအနက်ငါးကန်မှာ ခြံစည်းရိုးကာရံထားသော ကန်များဖြစ်ပြီး ကျန်မီးသတ်ကန်များမှာ ခြံစည်းရိုးကာ ရံထားခြင်းမရှိပါ။ အလားတူ ခရိုင်လေးခရိုင်အတွင်းရှိ မီးသတ်ကန် ၃၆၀ ကန်ရှိပြီး အရှေ့ပိုင်း ခရိုင်အတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လက်ဆည်ကန်အား ခြံစည်းရိုးကာရံမှုလုပ်ငန်း ဆောင်ရွက်ခြင်း၊ တောင်ပိုင်းခရိုင် အတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ သောက်သုံးရေကန်နှစ်ကန် အား ဆယ်တင်ဆောင်ရွက်ခြင်း၊ အောင်မင်္ဂလာကန်အား ဒိုက်မှောျဆယ်ခြင်း၊ သာကေတမြို့နယ်ရှိ ၆ လုံးပြူးကန်အား ဒိုက်မှော်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခြားမီးသတ်ကန် များကိုလည်း ဆက်လက်၍ မီးသတ်ရာတွင် အသုံးပြုနိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေ၊ နည်းဥပဒေ များကိုလည်း ပိုမိုထိရောက်စွာရှိစေရန် ပြင်ဆင်ရေးဆွဲလျက်ရှိပါတယ်။ ယခုအခါ မြို့နယ်အသီးသီးတွင် နှစ်ကာလကြာမြင့်စွာ ကတည်းက အ‌ွခေတည်ခဲ့သည့် ကျူးကျော်များအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ကျူးကျော်စာရင်းမှတ်တမ်းထားရှိပြီး ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက် လျက်ရှိပါတယ်။ ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန မြောက်ဥက္ကလာပမြို့နယ်အတွင်း တာဝန်ယူကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိသည့် အားကစား ကွင်းစုစုပေါင်း ခုနစ်ကွင်းရှိပြီး ဧရိယာစတုရန်းပေ ၁၅၅၇၅၀ (၃.၆ ဧက) ခန့်ရှိပါတယ်။ ၎င်းအားကစားကွင်းများသည် နွေမိုးဆောင်းကစားနိုင်သည့် ကစားကွင်းများ ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက်ပေါင်း ၁၉ ခုရှိရာ ကစားကွင်း ခုနစ်ကွင်းရှိသဖြင့် အချိုးအစားအားဖြင့် ၃း၁ ဖြစ်ပြီး ရပ်ကွက် သုံးခုလျှင် ကစားကွင်းတစ်ကွင်းနှုန်း တည်ရှိနေပြီးဖြစ်ပါတယ်။ အဆိုပါကွင်းများအနက် အာသာဝတီ ကစားကွင်း၊ သုနန္ဒာကစားကွင်းများမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြင့်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအားကစားကွင်းများကိုလည်း ဘဏ္ဍာငွေကြေးပေါ်မူတည်၍ အဆင့်မြှင့်တင်ခြင်းများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား အပ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက် ၁၉ ရပ်ကွက်ရှိပြီး၊ ယင်း ၁၉ ရပ်ကွက်များမှ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ဖွင့်လှစ်ထူထောင်ခဲ့ပြီးဖြစ်သော်လည်း ယခုရှင်သန်၍ စံငါးချက်နဲ့ညီသော စာကြည့်တိုက်များနှစ်ခုသာရှိပါတယ်။ ယင်းစာကြည့်တိုက်များမှာ ၈ ရပ်ကွက် ဓမ္မရောင်ခြည်ဦးစာကြည့်တိုက်၊ ရွှေပေါက္ကံရပ်ကွက် လူငယ်အားမာန်-သုတဘဏ်စာကြည့်တိုက် များဖြစ်ပါတယ်။ သီးခြားပုဂ္ဂလိက စာကြည့်တိုက်များအနေဖြင့် ပါရဂူရှန်တီနိကေတန် စာကြည့်တိုက် နှင့် Brave Heart စာကြည်‌့တိုက်များလည်း ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။ ရပ်ကွက်စာကြည့်တိုက် အသီးသီးတွင် မြေနေရာအခက်အခဲရှိခြင်း၊ ရန်ပုံငွေအခက်အခဲရှိခြင်းနှင့် စာကြည့်တိုက်အပေါ် အချိန်ပြည့်ဂရုစိုက်ဆောင်ရွက်မည့် ကော်မတီ၊ စာကြည့်တိုက်ဝန်ထမ်းမရှိသည့်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် တွဲဖက်ဖွင့်လှစ်ထားရပါတယ်။ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး ရေးမှာ အဆောက်အဦ၊ ပရိဘောဂ၊ စာအုပ်၊ အလှူရှင်များရှိရန် လိုအပ်သည့်အပြင် ယင်းစာကြည်‌့တိုက်ကို စေတနာထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်မည့် စာကြည့်တိုက်ကော်မတီနှင့် စာကြည့်တိုက်မှူးရှိမှသာ ရှင်သန်ဖွံ့ဖြိုးမည်ဖြစ်ပါတယ်။ ‌ွမောက်ဥက္ကလာပ ၁၉ ရပ်ကွက်တွင် ၁၇ ရပ်ကွက်မှာ အပိုဒ် ၁၁ နှင့် အပိုဒ် ၁၂ ပါဖော်ပြချက်များနှင့်ကိုက်ညီနေသည့် စာကြည့်တိုက်များ ဖြစ်၍ အားနည်းခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။

          မေးခွန်းနံပါတ်(၃) အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ စီမံခန့်ခွဲရသော ရုပ်ရှင်ရုံနှစ်ရုံရှိခဲ့ပြီး အဆိုပါရုပ်ရှင်ရုံနှစ်ရုံ၏ အ‌ွခေအနေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ရွှေလမင်းရုပ်ရှင်ရုံမှာ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်း ကို ဖော်ဆောင်နိုင်ရန်အတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ ၂၀၀၀ ပြည့်နှစ်တွင် ၎င်းကော်မတီ ၏ အမိန့်အမှတ်ဖြင့် ဦးအောင်နိုင်ဦးအား ရောင်းချဈေးနှုန်း ကျပ် ၂၄.၀၅၀ သန်းဖြင့် ရောင်းချခဲ့ပါ တယ်။ ဝယ်ယူသူ၏ တင်ပြချက်အရ ၁၀-၆-၂၀၀၂ ရက်နေ့တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ၏ အမိန့်ဖြင့် လူနေအိမ်ရာအဖြစ်အသုံးပြုရန် ခွင့်ပြုခဲ့သောကြောင့် ရွှေလမင်းရုပ်ရှင်ရုံသည် ရုပ်ရှင် လုပ်ငန်းလုပ်ကိုင်ခြင်းမှ အခြားစီးပွားရေးလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်လျက်ရှိသဖြင့် ရုပ်ရှင်ရုံ ပျောက်ခဲ့ပါတယ်။ မင်းရန်အောင်ရုပ်ရှင်ရုံမှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကို ဖော်ဆောင်နိုင်ရန် အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်အရ ၁-၁၀-၂၀၀၀ ရက်နေ့မှအစပြု၍ လျှောက်ထားလာသူ ဦးဘရွှေအား ကနဦး ၁၀ နှစ်နှင့်နောက်ထပ် ၅ နှစ် တစ်ကြိမ် စုစုပေါင်း ၁၅ နှစ် အတွက် နှစ်ရှည်ငှားရမ်းခဲ့ပါတယ်။ နှစ်ရှည်ငှားရမ်းသည့် ရုပ်ရှင်ရုံများသည် ရုပ်ရှင် သို့မဟုတ် ဗီဒီယို Projector ဖြင့် ပြသနိုင်သည့် ရုပ်ရှင်ကားများကို ပြည်သူလူထုသို့ပြသခြင်းအားဖြင့် ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မြန်မာ့ရုပ်ရှင်လုပ်ငန်းများအနေဖြင့် ရုပ်ရှင်ရုံလိုင်စင်၊ ဗွီဒီယို Projector ဖြင့် ပြသခြင်းလုပ်ငန်းလိုင်စင်များ ထုတ်ပေးထားရှိပြီးဖြစ်ပါတယ်။ ရုပ်ရှင်ရုံငှားရမ်းသူများ အနေဖြင့် ရုပ်ရှင်ဇာတ်ကားရရှိမှုအပေါ်တွင်မူတည်၍ ရုပ်ရှင်ဇာတ်ကားပြသခြင်းကို လုပ်ဆောင်ရ သဖြင့် ရုပ်ရှင်ဇာတ်ကားစဉ်ဆက်မပြတ် ပြသရန်မှာ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှုနှင့် ရရှိမှုအ‌ွခေအနေ ပေါ်တွင် မူတည်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရုပ်ရှင်ရုံ နှစ်ရုံရှိခဲ့ရာမှ ရုပ်ရှင်ရုံတစ်ရုံသာ ရုပ်ရှင်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း ဖြေကြား တင်ပြအပ်ပါတယ်။

          နံပါတ်(၄) မေးခွန်းအနေဖြင့် မြောက်ဥက္ကလာပမြို့နယ်သို့ မြောက်ဥက္ကလာပမြို့နယ်ရုံးခွဲရုံ 33/11 KV, 20 MVA ထရန်စဖော်မာ တစ်လုံး 33/11 KV, 10 MVA ထရန်စဖော်မာတစ်လုံးနှင့် စိန်ပန်းမြိုင်ခွဲရုံ 33/6.6 KV, 5 MVA ခွဲရုံ တို့မှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ စုစုပေါင်း တပ်ဆင်အင်အားမှာ 35 MVA(28 MW)ရှိပြီး လက်ရှိမြောက်ဥက္ကလာပမြို့နယ်တစ်ခုလုံး၏ သုံးစွဲ ဝန်အားမှာ စုစုပေါင်း 17.72 MW သာရှိသဖြင့် ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားနိုင်နင်းစွာ ဖြန့်ဖြူး နိုင်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူများအား စုစုပေါင်းထရန်စဖော်မာ ၁၇၄ လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်သူများသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၄၀၀ ဗို့ဓာတ်အား လိုင်းများမှာ ၁၉၆၂ ခုနှစ် မြို့သစ်စတင်တည်ထောင်ကတည်းက တည်ဆောက်ထားသဖြင့် ပြည်သူများ ၏ တိုးတက်သုံးစွဲလာသော ဓာတ်အားပမာဏနှင့် ကိုက်ညီအောင် အချို့သော ဓာတ်အားလိုင်းများကို ပြုပြင်တည်ဆောက်ပေးရမည်ဖြစ်သော်လည်း ဘဏ္ဍာငွေရရှိမှုအရ တစ်ပြိုင်တည်းဆောင်ရွက်ပေးနိုင် ခြင်းမရှိပါ။ သို့ဖြစ်ပါ၍ ရပ်ကွက်အချို့နေရာများတွင် ဗို့အားကျဆင်းမှုများ ရှိနေသေးကြောင်း တွေ့ရှိရပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဗို့အားပြည့်ဝစွာရရှိရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြောက်ဥက္ကလာပမြို့နယ်တွင် 11/0.4 KV, 300 KVA ထရန်စဖော်မာမှ 500 KVA ထရန်စဖော်မာသို့ ပြောင်းလဲတည်ဆောက်ခြင်း၊ 11/0.4 KV, 500 KVA ခွဲရုံ တိုးချဲ့ တည်ဆောက်ခြင်း၊ ၄၀၀ ဗို့အားဓာတ်အားလိုင်းများ၊ ၁၁ ကေဗွီဓာတ်အားလိုင်းများ တိုးချဲ့ တည်ဆောက်ခြင်း၊ မကောင်းတော့သည့် သစ်သားတိုင် ၅၀၀ ကျော်အား ကွန်ကရစ်တိုင်များဖြင်‌့ လဲလှယ်ပေးခြင်းစသည် လုပ်ငန်းများကို ဘဏ္ဍာငွေကျပ်သန်းပေါင်း ၁၅၀ ကျော်လျာထားပြီး အပြီး ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ နောင်နှစ်များတွင်လည်း ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လျှပ်စစ်မီး လုံလောက်စွာ ရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။