ကျွန်တော်တို့တမူးမြို့မှာရှိတဲ့ စော်ဘွားအင်းရေနုတ်မြောင်းဟာ ရေစီးရေလာ မကောင်းတော့တဲ့အတွက် ၂၀၁၁ ခုနှစ် မိုးရာသီကာလမှာ မိုးတွင်းရေလျှံမှုကြောင့် ပြည်သူများ များစွာဒုက္ခရောက်ခဲ့ကြပါတယ်။ ဒါ့ကြောင့်မို့လို့ ၂၀၁၂ ခုနှစ် မိုးမကျမီမှာ စော်ဘွားအင်းရေနုတ် မြောင်းကို တူးဖော်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ စေတနာရှင် ပြည်သူများရဲ့ ထည့်ဝင်ငွေနှင့် အရှည်ပေပေါင်း ၁၄၀၀၀ (၂.၆ မိုင်)ခန့် တူးဖော်ခဲ့ကြပြီးတော့မှ စုစုပေါင်းငွေကျပ် ၄၁ သိန်းခန့်ကုန်ကျခဲ့ပါတယ်။ အမှန်တကယ်တော့ ပြင်ပမှ စက်များငှားရမ်းပြီး ဆောင်ရွက်မယ်ဆိုရင် အဲဒီရေနုတ်မြောင်းဟာ သိန်း ၁၀၀ ကျော်ခန့် ကုန်ကျမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေထိုးစက်များ ကူညီပံ့ပိုးပေးခဲ့မှုတို့ကြောင့်သာ ပြည်သူများက ဆီဖိုးသာကျခံရတဲ့အတွက် ကျပ် ၄၁ သိန်းခန့်သာ ကုန်ကျခဲ့တာွဖစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၂ ခုနှစ် မိုးတွင်းကာလမှာ မြို့တွင်းရေကြီးရေလျှံမှုမှ ကင်းလွတ်ခြင်း၊ ယခင်ရေနစ်မြုပ်မှုခံစားခဲ့ ကြရတဲ့ တောင်သူများရဲ့လယ်ယာမြေများ ရေနစ်မြုပ်မှုမှ ကင်းဝေးခြင်း၊ ရေမရရှိတဲ့ လယ်ယာမြေများ အတွက် စိုက်ပျိုးရေများရရှိခြင်းစတဲ့ အကျိုးကျေးဇူးများ ခံစားစေကြရပါတယ်။
ကျွန်တော်ပြောပြခဲ့တဲ့ အဲဒီ ဆောင်ရွက်မှုတွေဟာ စော်ဘွားအင်းရဲ့ အောက်ပိုင်းအွခေအနေကိုသာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ စော်ဘွားအင်းရဲ့အထက်ပိုင်း မြို့တွင်းပိုင်းကိုပါ ဆက်လက်တူးဖော်သွားနိုင်မှသာလျှင် ပိုမိုစိတ်ချကောင်းမွန်တဲ့ အခြေအနေ ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ နောက်ထပ်မြို့တွင်းမှာ ကျန်ရှိနေခဲ့တဲ့ ပေ ၇၀၀၀ ခန့်အရှည် တစ်နည်းအားဖြင့် ၁.၃ မိုင်ခန့်အား ဆက်လက်တူးဖော်ပေးနိုင် ဖို့နဲ့ အကယ်၍ ဖြစ်နိုင်ပါက ဘေးနံရံအား ကျောက်စီနံရံများ ဆောင်ရွက်ပေးနိုင်ဖို့အတွက် ပြည်သူ များက လိုလားလျက်ရှိပါတယ်။ အဲဒီလုပ်ငန်းကိုဆောင်ရွက်မယ်ဆိုရင် မြို့နယ်ရဲ့ စည်ပင်ဘတ်ဂျက် တစ်ခုတည်းနဲ့ ဆောင်ရွက်ဖို့ဆိုတာ အင်မတန် အခက်အခဲရှိပါတယ်။ နိုင်ငံတော်အစိုးရမှ ကူညီ ထောက်ပံ့ပေးမှသာလျှင် အောင်မြင်စွာဆောင်ရွက်နိုင်မည်လို့လည်းပဲ ထင်မြင်ယူဆရပါတယ်။
(၁) စော်ဘွားအင်းရေနုတ်မြောင်း တူးဖော်ရေးနှင့် ရေကာကျောက်စီနံရံ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါသလား။
(၂) ရှိပါက မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါသဖြင့် ပြန်လည် ဖြေကြားပေးနိုင်ပါရန် မေးမြန်း ပါသည်။
စော်ဘွားအင်းရေနုတ်မြောင်းတူးဖော်ရေးနှင့် ရေကာတာ ကျောက်စီနံရံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်မှာ စော်ဘွားအင်း ရေနုတ်မြောင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေတူးစက်ပံ့ပိုးပြီး တိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာနမှ မြေတူးစက် ရွှေ့ပြောင်းသယ်ယူစရိတ်ကျခံကာ ဒေသခံပြည်သူများမှ ကုန်ကျသော ဒီဇယ်ဆီကျခံ၍ ၂၀-၁-၂၀၁၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ အလျားပေ ၁၂၀၀၀၊ ပျမ်းမျှအကျယ် ၈ ပေ၊ ပျမ်းမျှအနက် ၇ ပေ အတိုင်းအတာအား ၁၄-၂-၂၀၁၂ ရက်နေ့တွင် တူးဖော်ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ ဖော်ပြပါ စော်ဘွားအင်း ရေနုတ်မြောင်းသည် တမူးမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပေအရှည် ၇၀၀၀ တည်ရှိရာ ဈေးတန်းရပ် နှင်းဆီလမ်းမှ ဇီဝကလမ်းထိပ်အထိ လမ်းဘေးရေနုတ်မြောင်းနှစ်ဖက် ၁၈၀၀ ပေ၊ ဗိုလ်ချုပ်လမ်း ပြန်ဆက်ရုံးဘေးမှ စော်ဘွားအင်းလမ်းတံတားအထိ ၉၀၀ ပေ၊ စော်ဘွားအင်းလမ်း တံတားမှ အာစီကျောင်းလမ်းတံတားအထိ ၆၈၀ ပေ၊ အာစီကျောင်းလမ်းတံတားမှ ပြည်တော်သာ လမ်းတံတားအထိ ၁၂၃၀ ပေ၊ ပြည်တော်သာလမ်းတံတားမှ မြေနီကုန်းကျောင်းအနီး ပြည်တော်သာ လမ်းဖြတ်အထိ ၁၃၇၀ ပေ၊ ပြည်တော်သာ လမ်းဖြတ်မှ မြေနီကုန်းကျောင်းအရှေ့အထိ ၁၀၂၀ ပေ၊ စုစုပေါင်း ၇၀၀၀ ပေအား ထိပ်ဝအကျယ် ၁၀ ပေ၊ အောက်ခြေအကျယ် ၄ ပေ၊ မြောင်းအနက် ၅ ပေဖြင့် ကျောက်စီရေမြောင်း ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကုန်ကျစရိတ် ၂၁၀၀ သိန်းကုန်ကျမည်ဖြစ်ပြီး တမူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဝင်ငွေမှာ ကျပ် ၁၇၇၃.၂ သိန်း သာရှိသဖြင့် စည်ပင်သာယာရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါသေးကြောင်းနှင့် နိုင်ငံတော်အထောက်အပံ့ရရှိရေး ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
